#Daily_News
Published_ 20 November 2023
၁။ ဆောင်းကာလ နေ့ပူ၍ ညချမ်းသည့်ဒေသများတွင် နှာစေး၊ ချောင်းဆိုးနှင့် အပြင်းထန်ဆုံး လေဖြတ်ခြင်းများ မဖြစ်အောင် သတိပြုနေထိုင်ရန်လို
၂။ စားနပ်ရိက္ခာအခက်ခဲမဖြစ်စေရန် အခြေခံစားသောက်ကုန်များ ဈေးလျော့ရောင်းပေးသော်လည်း ဈေးတင်ပြီး တစ်ဆင့်ပြန်လည် ရောင်းချသူများကြောင့် အခက်တွေ့
၃။ ရွှေဘိုပေါ်ဆန်းဆန်များအား ကုန်အမှတ်တံဆိပ်လိုဂိုများဖြင့် တစ်နိုင်ငံလုံးသို့ ဖြန့်ချီမည်
၄။ ကမ္ဘောဒီးယားတွင်တရုတ်မှ ရင်းနှီးထောက်ပံ့မှုဖြင့် ဆောက်လုပ်သည့် ဆိုင်ယမ်ရိအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး တရားဝင်ဖွင့်ပွဲကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG News
၂၀ နိုဝင်ဘာ ၂၀၂၃
ကေပေါ့တ် BIGBANG အဖွဲ့သားတစ်ဦးဖြစ်တဲ့ ဂျီဒရယ်ဂွန် G-Dragon ရဲ့ ဆံပင်နမူနာကိုယူပြီး မူးယစ်ဆေးဝါး အသေးစိတ်စစ်ဆေးမှုတစ်ခုကို တောင်ကိုရီးယားနိုင်ငံ မှုခင်းဆေးပညာဌာနက စစ်ဆေးခဲ့ရာ နဂ္ဂတစ်အဖြေ ထွက်ရှိတယ်လို့ အရာရှိတွေက နိုဝင်ဘာ ၂၀ ရက် တနင်္လာနေ့ကပြောပါတယ်။
အမျိုးသားမှုခင်းဆေးပညာဌာနက လတ်တလောအဖြေရလာဒ်ကပို အင်ချီယွန်မြို့ပြရဲဌာနကို အကြောင်းကြား ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုတော်ရဲံလက်သည်း ခြေသည်းတွေကို စစ်ဆေးအဖြေထုတ်ဖို့တော့ လိုပါသေးတယ်။
ဂျီဒရယ်ဂွန်လို့သိကြတဲ့ အမည်ရင်း ကွမ်ဂျီယွန်း Kwon Ji-yong ဟာ အောက်တိုဘာ ၂၅ ရက်နေ့က မူးယစ်ဆေးဝါး တရားမဝင်သုံးစွဲတယ်ဆိုကာ အမှုဖွင့်ခံရပြီးနောက် နိုင်ငံကထွက်မသွားဖို့ တားမြစ်လည်းခံခဲ့ရပါတယ်။
နိုဝင်ဘာ ၆ ရက်က သူ့ကို ပထမဆုံမေးမြန်းမှုတွေပြုလုပ်စဉ်အတွင်း စစ်ဆေးထားတဲ့ အဖြေ ယခုထွက်ရှိလာတာ ဖြစ်ပါတယ်။ အသေးစိတ်ထပ်သိရအောင်လို့ သူတို့က အဆိုတော်ရဲ့ ဆံပင်နှင့် လက်သည်းခြေသည်းတွေကို မှုခင်းဆေးပညာဌာနကိုပေးပို့ထားတာပါ။
မူးယစ်ဆေးဝါးကို မစစ်ဆေးခင် ငါးရက်နှင့် ၁၀ရက်အတွင်းသုံးစွဲခဲ့လျှင် စစ်ဆေးရင် ပေါ့စတစ်အဖြေပေါ်မှာပါ။ ဒါပေမယ့် မူးယစ်ဆေးဝါးကိုအကြာကြီးသုံးစွဲတဲ့ကိစ္စတွေမှာတော့ တိကျမှန်ကန်တဲ့အဖြေရဖို့ ခက်ခဲလှပါတယ်။
ဆံပင်ကိုစစ်ဆေးလို့ရတဲ့အဖြေဟာ အဲဒီပုဂ္ဂိုလ်အနေနှင့် တစ်နှစ်အတွင်းမူးယစ်ဆေးဝါးသုံးမသုံး သိနိုင်မှာဖြစ်ပါတယ်။ ဆံပင်အတိုအရှည်ပေါ်တော့မူတည်ပါတယ်။ လက်သည်းခြေသည်းကိုစစ်ဆေးရင်တော့ လွန်ခဲ့တဲ့ ငါးလ ခြောက်လခန့်က သုံးမသုံးအဖြေထွက်ပါတယ်။
ရဲတွေအနေနှင့် ပိုပြီးသေချာအောင် ကျန်တဲ့ စစ်ဆေးချက်အဖြေတွေမရခင်မှာ သူ့ကို အခြား အထောက်အထားတွေ ဆက်လက်စစ်ဆေးဦးမှာဖြစ်ပါတယ်။
၂၀၁၁ခုနှစ်တုန်းက ဂျီဒရယ်ဂွန်ဟာ ဆေးခြောက်သုံးစွဲခဲ့ပေမယ့် သူက ဘာမှန်းမသိခဲ့လို့ပါလို့ပြောတဲ့အတွက် အမှုစွဲ အရာရှိတွေက အမှုကိုပြန်ရုပ်သိမ်းပေးခဲ့ပါသေးတယ်။
Source Yna
၂၀ စက်တင်ဘာ ၂၀၂၃
ကိုလံဘီယာ စူပါစတားအဆိုတော် ရှာကီးယားသည် အခွန်လိမ်လည်မှုနှင့် စပိန်နိုင်ငံ ဘာစီလိုနာမှာ တနင်္လာနေ့ နိုဝင်ဘာ ၂၀ရက်က တရားရင်ဆိုင်နေရပါတယ်။ စပိန်တရားလိုရှေ့နေတွေက ဂရမ်မီဆုရှင်ဖြစ်တဲ့ သူမကို ထောင်(၈)နှစ်ကျော် ကျခံရအောင် ကြိုးစားနေကြပါတယ်။ အသက် ၄၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရှာကီးယားဟာ ၂၀၁၂ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ ရရှိခဲ့တဲ့ဝင်ငွေအပေါ် လိမ်လည်ခဲ့တယ်လို့ သူတို့က စွပ်စွဲထားပါတယ်။ ဒါပေမယ့် ရှာကီးယားက အဲဒါတွေကို ငြင်းဆိုလိုက်ပြီး သူမအနေနှင့် စပိန်ကို ၂၀၁၅ခုနှစ်ရောက်မှသာ လုံးဝရွှေ့ပြောင်းခဲ့တာ ဖြစ်တယ်လို့ချေပပြောဆိုထားပါတယ်။
ယခုအမှုမှာ “Hips Don't Lie"၊"Whenever, Wherever" နှင့် ၂၀၁၀ ကမ္ဘာ့ဖလားသီချင်း "Waka Waka"တို့နှင့် အကြီး အကျယ်ပေါက်ခဲ့တဲ့ အဆိုတော်ရှာကီးယားအနေနှင့် ၂၀၁၂ခုနှစ်မှ ၂၀၁၄ ခုနှစ် အတွင်း စပိန်မှာ အချိန်ဘယ်လောက် နေခဲ့သလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။
စပိန်အာဏာပိုင်တွေကတော့ သူမဟာ အဲဒီကာလအတွင်းမှာ အချိန်တစ်ဝက်ကျော် စပိန်မှာနေခဲ့တာဖြစ်လို့ စပိန်ကို အခွန်ဆောင်ရမယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။သူမဟာ အက်စီဘာစီလိုနာက နောက်တန်းကစားသမား Gerard Pique နှင့် ဇာတ်လမ်း လူသိရှင်ကြား ဖြစ်ပြီးနောက် စပိန်ကို ၂၀၁၁ မှာ ပြောင်းလာတယ်လို့ စပိန်အာဏာပိုင်တွေက ပြောထားပါတယ်။ ဒါပေမယ့် ၂၀၁၅ခုနှစ်အထိ ဘာဟာမားမှာ တရားဝင်အခွန်ဆောင်ရာနေရပ်အဖြစ်သူမက ဆက်လက်ထားရှိခဲ့ပါတယ်တဲ့။ သူမဟာ ဝင်ငွေခွန်သက်သာတဲ့နိုင်ငံတွေမှာရှိတဲ့ ကုမ္ပဏီအတွဲကြီးလိုက် အသုံးပြုခဲ့ပြီး စပိန်မှာ အခွန်မပေးရအောင်ရည်ရွယ်လုပ်ဆောင်ခဲ့တယ်လို့လည်း တရားစွဲရှေ့နေတွေက ပြောကြပါတယ်။
သူတို့က ရှာကီးယားအပေါ် ထောင်ဒဏ် (၈)နှစ်နှင့် (၂)လ ၊ ဒဏ်ကြေးငွေ ယူရို ၂၄သန်း ခန့် (အမေရိကန်ဒေါ်လာ ၂၄သန်း) ဆောင်ရအောင် ကြိုးစားနေကြတာဖြစ်ပါတယ်။
ရှာကီယားရဲ့ရှေ့နေတွေကတော့ သူမဟာ ၂၀၁၄ခုနှအထိ နေရာအတည်တကျမနေဘဲ လှည့်လည်သွားလာနေတဲ့ အချိန်ဖြစ်ပြီး သူမရဲ့ ဝင်ငွေအများစုဟာ နိုင်ငံတကာခရီးလှည့်ဖျော်ဖြေရေးတွေက ရရှိခဲ့တာဖြစ်တယ်လို့ ပြောကြပါတယ်။ ၂၀၁၅ ဇန်နဝါရီလကျမှသာ သူမရဲ့ ဒုတိယကလေးမမွေးခင်ကလေးမှာ ဘာစီလိုနာကို အပြီးရွှေ့ခဲ့တာဖြစ်တယ်လို့လည်း သူတို့ကဆိုပါတယ်။
“ သူတို့ တရားမစွဲခင်အထိ ကျွန်မပေးစရာရှိတာ အကုန်ပေးပြီးပြီ။အဲဒါကြောင့် ဒီကနေ့မှာ သူတို့ကိုပေးစရာ သုညပဲ” လို့ အဆိုတော်ရှာကီးယားက အယ်လ်မဂ္ဂဇင်းကို ၂၀၂၂မှာ အင်တာဗျူးဖြေခဲ့ပါတယ်။
သူမဟာ ၂၀၂၂ ဇွန်မှာ Pique နှင့် ကွဲခဲ့ပြီး ကမ္ဘာ့ လူသိအများဆုံးဆယ်လီစုံတွဲတွေထဲက တစ်တွဲရဲ့ ဆယ်စုနှစ်တစ်စု ကြာ ဇာတ်လမ်းအဆုံးသတ်ခဲ့ပါတယ်။ အဲဒီနောက်သူမဟာ သားနှစ်ဦးဖြစ်တဲ့ မီလန်နှင့်ဆာရှာနှင့်အတူ မီယာမီကို ဧပြီလာမှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
Source: NDTV
Published 20 November 2023
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူပြည်နယ် မြို့တော်အမ်ဖာလေဆိပ် ပြေးလမ်းအနီးမှာ အမည်မသိယာဥ်ပျံတစ်ခုကို နိုဝင်ဘာ ၁၉ ရက်နေ့က တွေ့ရှိခဲ့တာကြောင့် သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
ဗဟိုစက်မှုလုံခြုံရေးတပ်(CISF) စစ်မှုထမ်းတစ်ဦးက ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီမှာ အမည်မသိယာဥ်ပျံတစ်ခုကို တွေ့ရှိခဲ့တာဖြစ်ကြောင်း သတင်းရင်းမြစ်မှ ရရှိတဲ့သတင်းကို Times of India သတင်းဌာနက ဖော်ပြခဲ့ပြီး ထိုနောက်မှာ လေဆိပ်ဝန်ဆောင်မှုများ ရပ်ဆိုင်းခဲ့ကာ ခရီးစဥ် ၃ ခုမှ ခရီးသည်ပေါင်း ငါးရာခန့် မထွက်ခွာရဘဲ ဖြစ်နေခဲ့ပါတယ်။
လေဆိပ်အာဏာပိုင်များက အိန္ဒိယပိုင် လေပိုင်နက်ကို ပိတ်ချခဲ့ပြီး လေယာဥ်ခရီးစဥ်အားလုံးကို ချက်ချင်းရပ်ဆိုင်းလိုက်ပါတယ်။
ခရီးစဥ် ၂ ခုကို လမ်းကြောင်းလွှဲခဲ့ပြီး ၃ ခုကတော့ နှောင့်နှေးကြန့်ကြာခဲ့ပါတယ်။
လေကြောင်းလမ်းထိန်းသိမ်းရေးနဲ့ မြေပြင်မှလူတွေရဲ့ ပြောကြားချက်အရ ထိုနောက်မှာ ဒရုန်းတွေ ပျံသန်းနေတာကို တွေခဲ့ကြပါတယ်။
အာဏာပိုင်များမှ လေကြောင်းရှင်းလင်းကြောင်း ထောက်ခံခဲ့ပြီးနောက်မှာတော့ လေကြောင်းလုပ်ငန်းစဥ်များ ပြန်လည်စတင်ခဲ့တယ်လို့ လေဆိပ်ညွှန်ကြားရေးမှူးက ထုတ်ပြန်ခဲ့ပါတယ်။
မွန်းလွဲ ၄ နာရီအထိ အမည်မသိယာဥ်ပျံဟာ လေဆိပ်အနောက်ဘက်ခြမ်းသို့ ရွေ့လျားနေပုံကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်တယ်လို့ လေကြောင်းလမ်းထိန်းသိမ်းရေး အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
လေကြောင်းပိုင်နက်ကို အိန္ဒိယလေတပ်ထံ လွှဲပြောင်းခဲ့ကာ ရှင်းလင်းကြောင်း အချက်ပြခဲ့ပြီးနောက် လေကြောင်းခရီးစဥ်များ ပြန်လည်ပြေးဆွဲခဲ့ပါတယ်။
အရပ်ဘက် အထွေထွေ လေကြောင်းညွှန်ကြားရေးမှူးအဖွဲ့နဲ့ အိန္ဒိယလေကြောင်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထိုဖြစ်ရပ်ကို စူးစမ်းဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။
Source: WION
#Asia_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 20 November 2023
နေ့စဥ်စားသောက်နေတဲ့ အရာတွေက ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေပုံနဲ့ ဒီမန်ရှာရောဂါ ဖြစ်နိုင်ပုံတို့ကို သုတေသီများ ရှာဖွေနေကြပါတယ်။
အချို့သော အစားအသောက်များက အသက်ကြီးလာတဲ့အချိန်မှာ ဦးနှောက်အသိဉာဏ်စွမ်းရည်ကို ထိန်းသိမ်းစေနိုင်မှာဖြစ်ပြီး ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာဖြစ်ကြောင်း အမေရိကန် အာရုံကြောအကယ်ဒမီမှ ဒေါက်တာ နီကိုလော့စ်စကာမီယတ်စ်က ပြောပြလိုက်ပါတယ်။
စမ်းသပ်မှုပြုလုပ်တဲ့အခါမှာ လူတွေရဲ့ စားသောက်နေထိုင်ပုံတွေကို စစ်တမ်းကောက်ယူခဲ့ကြပြီး ရောင်ရမ်းခြင်းကို ဘယ်လောက်အထိ ဆန့်ကျင်ပေးတဲ့ အစားအစာတွေ ပါဝင်လဲဆိုတာကို သတ်မှတ်ခဲ့ကြပါတယ်။
နောက် ၃ နှစ်အကြာမှာ လူတစ်ထောင်ကျော်ထဲက ၆၂ ဦးဟာ ဒီမန်ရှာဖြစ်ပွားခဲ့ပြီး သူတို့ဟာ ရောဂါမဖြစ်ပွားသူတွေ စားတဲ့ ကောက်ပဲသီးနှံတွေရဲ့ တဝက်လောက်သာ စားခဲ့ကြတာ ဖြစ်ပါတယ်။
ထိုအစားအစာတွေက..
- ပဲအမျိုးမျိုး
- လက်ဖက်ကြမ်းရည်နဲ့ကော်ဖီ
- အသီးအနှံများ
- ဟင်းသီးဟင်းရွက်များ ဖြစ်ပါတယ်။
ဒါ့အပြင် ဖလေဗိုနောလ် ပါဝင်တဲ့ အစားအစာများ စားသုံးသူတွေဟာ မှတ်ဉာဏ်ပိုင်းမှာ ကောင်းမွန်ကြောင်း တွေ့ရှိထားပါတယ်။
ဖလေဗိုနောလ် ကြွယ်ဝတဲ့ အစားအစာများက..
- ဝိုင်နီ
- လက်ဖက်စိမ်းနဲ့ လက်ဖက်နက်အကြမ်းရည်
- ချောကလက်မည်း
- ပဲများ
- ကိုက်လန်
- ကန်စွန်းရွက်
- ကြက်သွန်နီ
- ချယ်ရီသီးများ
- ဘလက်ဘယ်ရီ
- စပျစ်နက်
- ပန်းသီးတို့ ဖြစ်ပါတယ်။
အဆင့်ဆင့်ထုပ်ပိုးထားတဲ့ အစားအစာတွေနဲ့ အသင့်စား အစားအစာတွေကတော့ ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေ များစေပါတယ်။
အဆင့်ဆင့်ထုတ်လုပ် ထုပ်ပိုးထားတဲ့ အစားအစာတွေကို ၁၀ ရာခိုင်နှုန်း ပိုမိုစားသောက်လေ ဒီမန်ရှာဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းများလာလေ ဖြစ်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
အယ်ဇိုင်းမား၊ ဒီမန်ရှာရောဂါတို့ မဖြစ်ပွားဘဲ ယူကေမှာနေထိုင်တဲ့ အသက် ၅၅ နှစ်နဲ့အထက် လူပေါင်း ၇၂,၀၀၀ ကျော်ကို လေ့လာခဲ့ကြပါတယ်။
ယင်းတို့ကို ၁၀ နှစ်လေ့လာမှုလုပ်ခဲ့ရာမှာ ၅၁၈ ယောက်က ဒီမန်ရှာနဲ့ အယ်ဇိုင်းမားရောဂါတို့ ဖြစ်ပွားခဲ့ပြီး ထိုသူတွေဟာ အဆင့်ဆင့်ထုပ်ပိုးထားတဲ့ စားစရာတွေကို အများဆုံးစားသူတွေ ဖြစ်ပါတယ်။
ထိုစားစရာတွေဟာ အရသာရှိပြီး တာရှည်ခံစေဖို့အတွက် ဖန်တီးထားတာကြောင့် ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေပါတယ်။
တစ်နေ့ကို ပန်းသီးတစ်လုံးစားပေးခြင်းဖြင့် ဆရာဝန်တွေထံ သွားစရာမလိုလောက်အောင် ကျန်းမာစေနိုင်ပါတယ်။
Source: New York Post
#World_Health
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 20 November 2023
၂၀၂၂ ခုနှစ်တုန်းက အလင်းနှစ်ဘီလျံချီ ဝေးကွာတဲ့နေရာမှာ စူးရှတောက်ပတဲ့ကြယ်တစ်ခု ပြင်းထန်စွာပေါက်ကွဲခဲ့ပြီး ကမ္ဘာမြေရဲ့ အိုဇုန်းလွှာအချို့ကို ခေတ္တမျှပျက်စီးစေခဲ့တယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။
၂၀၂၂ အောက်တိုဘာ ၉ ရက်နေ့က စွမ်းအားမြင့်ဖိုတွန်တွေ ကမ္ဘာမြေသို့ ရွေ့လျားလာတာကို တယ်လီစကုပ်များဖြင့် ဖမ်းယူရရှိခဲ့ပါတယ်။
ဒါဟာ စူးရှတောက်ပတဲ့ ကြယ်တစ်ခု အလင်းနှစ် ၁.၉ ဘီလျံအကွာမှာ ပေါက်ကွဲခဲ့တယ်ဆိုတဲ့ အထောက်အထား ဖြစ်ပါတယ်။
ဒါမျိုးကို ဂမ်မာရောင်ခြည် ပေါက်ကွဲမှုလို့ ခေါ်နိုင်ပြီး အတောက်ပဆုံး ပေါက်ကွဲမှုလို့ နက္ခတ္တပညာရှင်များက လေ့လာသတ်မှတ်ခဲ့ပါတယ်။
ထိုပေါက်ကွဲမှုကြောင့် ကမ္ဘာ့လေထု အပေါ်ယံလွှာရှိ အိုင်းယွန်းအမှုန်များ သိသာစွာ ပြောင်းလဲသွားပြီး အန္တရာယ်ပြု ဆိုလာရောင်ခြည်များကို စုပ်ယူပေးတဲ့ အိုဇုန်းမော်လီကျူးတွေလည်း ပါဝင်ပါတယ်။
ပျက်စီးမှုက မိနစ်ပိုင်းမျှသာ ဖြစ်သွားပြီး အိုဇုန်းလွှာက သူ့အလိုလို ပြန်လည်ပြုပြင်သွားတာကြောင့် ကြီးကြီးမားမား မဖြစ်ခဲ့ပေမယ့် ထိုကဲ့သို့ပေါက်ကွဲမှုက ကမ္ဘာမြေနဲ့ နီးကပ်စွာပေါက်ကွဲခဲ့ရင် ကပ်ဆိုးကြီး ဖြစ်လာနိုင်ပါတယ်လို့ ရောမမြို့ နက္ခတ္တရူပ အမျိုးသားတက္ကသိုလ်မှ ဒေါက်တာ ပီယက်ထရိုအူဘာတီနီက ပြောပြသွားပါတယ်။
ကြယ်ပေါက်ကွဲမှုကြောင့် လေထုအပေါ်လွှာတစ်ခုလုံး ထိခိုက်သွားပုံကို သိပ္ပံပညာရှင်များ ပထမဆုံးအနေဖြင့် သက်သေပြနိုင်ခဲ့တာ ဖြစ်တယ်လို့ ဥရောပအာကာသအေဂျင်စီမှ ဆိုလာရူပဗေဒပညာရှင် လော်ရာဟိုင်းယက်စ်က ပြောပြခဲ့ပါတယ်။
ဂမ်မာရောင်ခြည် ပေါက်ကွဲမှုက ကံကောင်းစွာဖြင့် အလွန်ဝေးကွာခဲ့တာကြောင့် ဘေးအန္တရာယ်ဆိုတာထက် သိပ္ပံပညာရှင်များအတွက် စူးစမ်းစရာ ဖြစ်ခဲ့ပါတယ်။
ပေါက်ကွဲမှုသာ ဒီထက် အဆမတန်ပြင်းထန်ပါက အိုဇုန်းလွှာကို ပျက်စီးစေပြီး ရက်တွေလတွေ ကြာတဲ့တိုင်အောင် ရှိနေမှာ ဖြစ်ပါတယ်။
Source: WION.
#World_Science
#YMG_News #Yangon_Times #Yangon_Media_Group
၁၉ နိုဝင်ဘာ ၂၀၂၃
ရီပတ်ဗလီကင်ပါတီရဲ့ သမ္မတလောင်းအဖြစ် ထိပ်ဆုံးမှာပြေးနေတဲ့ ဒေါ်နယ်ထရမ့်က သူသာ ၂၀၂၄ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး အိမ်ဖြူတော်ပြန်ရောက်ရင် သမ္မတဂျိုးဘိုင်ဒင်ရဲ့ ခရီးရောက်နေတဲ့ အာရှပစိဖိတ် ကုန်သွယ်ရေးကတိကဝတ်ကို အဆုံးသတ်ပစ်မယ်လို့ ပြောကြားလိုက်ပါတယ်။
အိုင်အိုဝါမှာ ထရမ့်က သတင်းထောက်တွေကို ပြောကြားရာမှာ နိုင်ငံပေါင်း ၁၃နိုင်ငံနှင့် ဆက်စပ်ဆောင်ရွက်နေတဲ့ ဘိုင်ဒင်အစိုးရက စေ့စပ်ညှိနှိုင်းဆောင်ရွက်နေတဲ့ ဒေသဆိုင်ရာကုန်သွယ်ရေး ကတိကဝတ်ကို ဆန့်ကျင်တယ် လို့ ဆိုလိုက်ပါတယ်။ အဲဒါဟာ အမေရိကန်ရဲ့ ကုန်ထုတ်မှုကို ဟောင်းလောင်းဖြစ်စေပြီး အလုပ်လက်မဲ့တွေလည်း များပြားလာလိမ့်မယ်လို့ ထရမ့်က စောဒကတက်လိုက်ပါတယ်။
ထရမ့်ပြောတဲ့ အင်ဒိုပစိဖိတ်စီးပွားရေးမူဘောင် (IPEF) ဟာ တရုတ်ရဲ့ တိုးပွားလာနေတဲ့ ကုန်သွယ်ရေးဩဇာကို တန်ပြန်တဲ့ အခြားနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ မကြာသေးမီက အဖွဲ့ရဲ့ကုန်သွယ်ရေးကဏ္ဍခွဲ ဆွေးနွေးမှုတွေလုပ်ခဲ့ပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားအပါအဝင် အချို့သော နိုင်ငံတွေက အလုပ်သမားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းတွေအင်အားကောင်းကောင်းလုပ်ဖို့ ငြင်းဆိုခဲ့ကြလို့ အခြေယိုင်မလိုဖြစ်ခဲ့ရပါတယ်။
ဘိုင်ဒင်က အဆိုပါ IPEF ကို ထရမ့်လက်ထက်ကဖျက်ခဲ့တဲ့ TPP အစီအစဉ်အမှတ်၂ 'TPP Two' အဖြစ် သတ်မှတ်ထားပါတယ်။
“ နောက်အစိုးရလက်ထက်ကြရင် ဘိုင်ဒင်စီစဉ်တဲ့ 'TPP Two' ကို အစိုးရသစ်ရဲ့ပထမနေ့မှာပဲ နိဂုံးချုပ်ပစ်လိုက် မယ်” လို့ ထရမ့်က ဖော့တ်ဒေါ့ချ်မှာပြုလုပ်တဲ့ မဲဆွယ်စည်းရုံးပွဲတစ်ခုမှာ ပြောပါတယ်။
“ အခုဟာက ပထမဟာထက်တောင်ဆိုးသေးတယ်။ လယ်သမားတွေနှင့်ကုန်ထုတ်လုပ်သူတွေက အခြား အင်နှင့် အားနှင့်ကြောက်စရာကောင်းတာတွေက အမှုန့်ချေပစ်ပြီး အာရှကို လုပ်ငန်းတွေခွဲလုပ်ပေးဖို့ အရှိန်မြှင့်ပေးသလို ခြိမ်းခြောက်နေတယ်” လို့ ထရမ့်ကပြောပါတယ်။
ဘိုင်ဒင်အစိုးရက ယခုအာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး(အေပက်)ရဲ့ အစည်းအဝေးမှာ IPEF ရဲ့ အဓိက အခန်းတွေကို အပြီးသတ်ဖို့မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။ဆက်ပြီးညှိနှိုင်းကြဖို့လောက်တော့ သဘောတူခဲ့ကြပေမယ့် ရွေးကောက်ပွဲဖိအားနှင့် အချို့သော နိုင်ငံတွေက ပြင်းထန်တဲ့ကတိကဝတ်တွေအပေါ် ဆန့်ကျင်နေကြတာတွေကြောင့် အပေးအယူက ဖြစ်နိုင်မယ့်ပုံမပေါ်ဘူးလို့ သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။
Source Reuters
-ymg/knl
Page 265 of 826