ဒါကာ၊ ဇူလိုင် ၂၁ (ရိုက်တာ) - ဘင်္ဂလားဒေ့ရှ် လေတပ် လေ့ကျင့်ရေး လေယာဉ်တစ်စင်း တနင်္လာနေ့တွင် ဒါကာမြို့တော်ရှိ ကောလိပ်ကျောင်းနှင့် ကျောင်းဝင်းထဲ ပျက်ကျခဲ့ရာ လူ ၁၉ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း မီးသတ်ဌာန အရာရှိတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းဒဏ်ရာနှင့် ပလပ်စတစ် ခွဲစိတ်ကုသမှု အမျိုးသားဌာနမှ ဆရာဝန်တစ်ဦးက ကလေး သူငယ်  များနှင့် လူကြီးများအပါအဝင် လူ ၅၀ ကျော် မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံတင်ထားရ  ကြောင်း သတင်း  ထောက်များကို ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် ဒါကာမြို့မြောက်ပိုင်း ဥတ္တရ Uttara ရှိ မိုင်းစတုန်း ကျောင်းနှင့်ကောလိပ် Milestone School and College တွင် ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

“ဘင်္ဂလားဒေ့ရှ် လေတပ်ရဲ့ F-7 BGI လေ့ကျင့်ရေး လေယာဉ်ဟာ ဥတ္တရ မှာ ပျက်ကျခဲ့ပါတယ်။ လေယာဉ်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၁နာရီ ၆ မိနစ်မှာ ထွက်ခွာခဲ့တာပါ” ဟု စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပျက်ကျပြီးနောက်ပိုင်း ရိုက်ကူးထားသည့် ဗီဒီယိုများတွင် မြက်ခင်းပြင်အနီးတွင်မီးကြီးလောင်ကျွမ်းနေပြီး မီးခိုးလုံးကြီးများ ကောင်းကင်သို့ တက်လာသည်ကို လူအုပ်ကြီးက မလှမ်းမကမ်းမှ ကြည့်ရှုနေကြသည်ကို မြင်တွေ့ရသည်။

မီးသတ်သမားများသည် လေယာဉ်ပျက်စီးနေသည့် အပိုင်းအစများပေါ်သို့ ရေများဖြန်းနေကြပြီး အဆိုပါလေယာဉ်သည် အဆောက်အအုံဘေးဘက်သို့ ဝင်ရောက်တိုက်မိကာ သံဆန်ခါများ ပျက်စီးပြီး အဆောက်အအုံတွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားသည်ကို ရိုက်တာ၏ရုပ်သံတွင် တွေ့ရသည်။

“တတိယတန်းကျောင်းသားတစ်ဦး သေဆုံးလျက်သား ရောက်ရှိလာပြီး၊ အသက် ၁၂ နှစ်၊ ၁၄ နှစ်နဲ့ ၄၀ နှစ် အရွယ် သုံးဦးကို ဆေးရုံတင်ထားပါတယ်” ဟု အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ထိခိုက်ခံစားခဲ့ရသူများကို ခေါ်ဆောင်သွားခဲ့သည့် ဒါကာဆေးကောလိပ်နှင့် ဆေးရုံရှိ မီးလောင်ဒဏ်ရာဌာန အကြီးအကဲ Bidhan Sarker က ပြောကြားသည်။

အချို့က အခြားသူများကို နှစ်သိမ့်ပေးနေချိန်တွင် လူများ အော်ဟစ်ငိုယိုနေကြသည်ကိုလည်း ဗီဒီယိုများတွင် တွေ့ရသည်။

BGLDS

“ကျွန်တော် ကလေးတွေကို သွားကြိုပြီး ဂိတ်ကို ရောက်တော့ နောက်ကနေ တစ်ခုခုလာနေတာ သတိထားမိတယ်။ ပေါက်ကွဲသံ ကြားလိုက်ရတယ်။ နောက်လှည့်ကြည့်လိုက်တော့ မီးနဲ့ မီးခိုးပဲ တွေ့ရတယ်” ဟု ကျောင်း ဆရာ Masud Tarik က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ Muhammad Yunus က မတော်တဆမှု၏ အကြောင်း ရင်းကို စုံစမ်းစစ်ဆေးရန်နှင့် အကူအညီများအားလုံးကိုအသေအချာဖြစ်စေရန် လိုအပ်သော အစီအမံများ ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

“လေတပ်.၊ကျောင်းသားတွေ၊ မိဘတွေ၊ ဆရာတွေနဲ့ ဝန်ထမ်းတွေအပြင် ဒီမတော်တဆမှုမှာ တခြား သူတွေ ဆုံးရှုံးခဲ့ရတာက အစားထိုးမရနိုင်ပါဘူး” ဟု သူက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ Ahmedabad မြို့ရှိ ဆေးကောလိပ်   ကျောင်းဆောင်   တစ်ခုပေါ်သို့ Air India လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ ၂၄၂ ဦးအနက် ၂၄၁ ဦးနှင့် မြေပြင်ပေါ်ရှိ ၁၉ ဦး သေဆုံးခဲ့ရာ ဆယ်စုနှစ်အတွင်း ကမ္ဘာ့အဆိုးဆုံး လေကြောင်းကပ်ဘေးဖြစ်ခဲ့ရပြီးနောက်  တစ်လ  ကျော်ကျော်ကလေးတွင် ယခုမတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်းအရင်းအမြစ်-ရိုက်တာသတင်းဌာန