#World_Business
Published 18 January 2024
ဆမ်ဆောင်းအီလက်ထရွန်နစ်က ဖန်တီးမှတ်ဉာဏ်တု(AI) လုပ်ဆောင်ချက်များစွာ ပါဝင်တဲ့ နောက်ဆုံးပေါ် ပရီမီယံစမတ်ဖုန်းကို ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။
အဆိုပါ AI လုပ်ဆောင်ချက်တွေထဲမှာ နိုင်ငံခြားဘာသာစကားဖြင့် ဖုန်းပြောဆိုခြင်းအတွက် တပြိုင်နက် ဘာသာပြန်ပေးတာလည်း ပါဝင်ပြီး အက်ပဲလ်စမတ်ဖုန်းတွေကို လိုက်လံယှဥ်ပြိုင်ဖို့ ဆမ်ဆောင်းက ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
နိုင်ငံတကာ အချက်အလက် ကော်ပိုရေးရှင်းရဲ့ အချက်အလက်များအရ ၂၀၂၃ မှာ အက်ပဲလ်က ဆမ်ဆောင်းထက် စမတ်ဖုန်းတင်ပို့မှု ပိုမိုသာလွန်ခဲ့ကာ ၂၀၁၀ နောက်ပိုင်း ဆမ်ဆောင်းထက် ပထမဆုံးအကြိမ် အသာရခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက် ဆမ်ဆောင်းက ဖုန်းအသုံးပြုသူတွေကို ဆွဲဆောင်တဲ့အနေဖြင့် ပရီမီယံ Galaxy S24 မော်ဒယ်တွေမှာ AI လုပ်ဆောင်ချက်အမျိုးမျိုးကို ထည့်သွင်းလာပါတယ်။
မတူညီတဲ့ ဘာသာစကား ၂ ခုဖြင့် ဖုန်းပြောဆိုတဲ့အခါ ဝင်လာတဲ့ ဘာသာစကားအသံနဲ့ ပြောလိုက်တဲ့ ဘာသာစကားတို့ကို တိုက်ရိုက်ဘာသာပြန်ပေးမှာဖြစ်ပြီး Galaxy S24 က ဒီလိုလုပ်ဆောင်ချက်မျိုး ပါဝင်တဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ဘာသာစကား ၁၃ မျိုး ရရှိနိုင်ကာ ဆမ်ဆောင်းက ကိုယ်ပိုင် AIလေ့ကျင့်မှုများဖြင့် ဖန်တီးထားတာ ဖြစ်ပါတယ်။
ဖန်သားပြင်ပေါ်က ပုံရိပ်တစ်စိတ်တစ်နေရာကို ဝိုင်းလိုက်ရင် ဂူဂဲလ်မှာ ရှာပေးမယ့် လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။
မက်ဆေ့ချ်တွေရဲ့ အသံအနေအထားကို ပုံမှန်သံ၊ တရိုတသေသံ၊ စီးပွားရေးအသံ၊ ဆိုရှယ်မီဒီယာအသံမျိုး လိုက်ပြီးပြောင်းလဲပေးတဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။
AI အနှစ်ချုပ်တင်ပြခြင်း၊ အသံသွင်းခြင်းကို ဘာသာပြန်ခြင်း၊ လက်တွေ့မှာမရှိတဲ့ နောက်ခံကို ဓာတ်ပုံတွေမှာ ထည့်သွင်းခြင်း၊ တိုက်ရိုက် ရိုက်ကူးနေတဲ့ ဗီဒီယိုတွေကို အနှေးအသွင်ဖန်တီးပေးခြင်းတို့ ပါဝင်ပါတယ်။
ဒီလိုAIလုပ်ဆောင်ချက်တွေက cloud ကိုချိတ်ဆက်စရာမလိုဘဲ လေ့ကျင့်ဖန်တီးပြီးတဲ့အခါ သုံးစွဲသူတွေရဲ့ ဖုန်းတွေဆီကို ဒေါင်းလုဒ်ဆွဲသွားမှာ ဖြစ်ပါတယ်။
Qualcomm နဲ့ ဆမ်ဆောင်းတို့လို ကုမ္ပဏီတွေဟာ ကိုယ်ရေးအချက်အလက်များ ပိုမိုစိတ်ချရတဲ့ အဆိုပါAIစနစ်မျိုးကို အသုံးပြုလာကြပါတယ်။
၂၀၂၄ မှာ တင်ပို့မယ့် စမတ်ဖုန်းတွေရဲ့ ၅ ရာခိုင်နှုန်းလောက်ကသာ AI လုပ်ဆောင်ချက် ပါဝင်မှာဖြစ်ပြီး ၂၀၂၇ မှာတော့ ၄၅ ရာခိုင်နှုန်းအထိ မြင့်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ရေရှည်မှာ သုံးစွဲသူများရဲ့ လိုအပ်ချက်အရ ဖုန်းထဲမှာ AI လုပ်ဆောင်ချက်များ ထည့်သွင်းလာတဲ့ ဖုန်းတွေဟာ စမတ်ဖုန်းဈေးကွက်ကို သိသာစွာ သက်ရောက်နေလိမ့်မယ်လို့ Counterpoint မှ ဂျင်းပါ့ခ်က ပြောကြားလိုက်ပါတယ်။
သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေကို AI လုပ်ဆောင်ချက်တွေထဲ ထည့်သွင်းနိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်တာကြောင့် ချက်ချင်းတော့ သက်ရောက်ဦးမှာ မဟုတ်ပါဘူး။
Galaxy S24 series ကို ဇန်နဝါရီ ၃၁ ရက်နေ့က စတင်ကာ ရောင်းချသွားမှာ ဖြစ်ပါတယ်။
အမေရိကန်မှာ Galaxy S24 ရဲ့ အခြေခံဈေးနှုန်းက ၇၉၉ ဒေါ်လာကနေ ပိုမိုမြင့်မားတဲ့ ဗားရှင်းနှစ်ခုဖြစ်တဲ့ S24 Plus နဲ့ S24 Ultra တို့ကတော့ ၉၉၉ ဒေါ်လာနဲ့ ၁၂၉၉ ဒေါ်လာအသီးသီး ရှိမှာဖြစ်ပါတယ်။
#World_Business #Appleကိုယှဥ်ပြိုင်မည့်Samsung #GalaxyS24စမတ်ဖုန်း #Source: Reuters
#World_Health
Published 18 January 2024
အမျိုးသားများ သုတ်ပိုးသန်စွမ်းချင်ပါက ကားထိုင်ခုံတွေကို အနွေးဓာတ်မထုတ်ဖို့ ဆရာဝန်တွေက တိုက်တွန်းလိုက်ပါတယ်။
ထိုင်ခုံတွေမှာ အနွေးဓာတ်လွှတ်ထားခြင်းက ဝှေးစေ့အပူချိန်တက်စေပြီး သုတ်ပိုးထုတ်လုပ်မှုကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။
ယခုလိုဆောင်းရာသီအချိန် အပူချိန် ၀ ဒီဂရီအောက် ရောက်တဲ့နေရာတွေမှာ မော်တော်ကားတွေထဲ ထိုင်ခုံတွေကို အပူပေးလေ့ရှိကြပါတယ်။
ကျားအင်္ဂါကနေ သုတ်ပိုးထုတ်လုပ်ဖို့အတွက် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ဒီဂရီများစွာ အေးစက်ဖို့ လိုအပ်ပါတယ်။
ဝှေးစေ့ပူနွေးနေပြီး ဘောင်းဘီအကြပ်ဖြင့် ကြာရှည်စွာ ထိုင်နေရတဲ့အခါ သုတ်ပိုးထုတ်လုပ်မှု လျော့နည်းစေတာကို သိရှိခဲ့ပြီးဖြစ်ကြောင်း မန်ချက်စတာတက္ကသိုလ်မှ ပရော်ဖက်ဆာ အယ်လန်ပေဆီက ပြောပြပါတယ်။
ကိုယ်ဝန်လိုချင်နေတဲ့ သူတွေအတွက် ကားထိုင်ခုံတွေ လျှပ်စစ်စောင်တွေ ပိတ်ထားဖို့ အကြံပြုသွားပါတယ်။
ခရီးရှည်မှာ မဖွင့်သင့်ပေမယ့် ခဏတဖြုတ် ရံဖန်ရံခါ ဖွင့်တာကတော့ ပြဿနာမရှိပါဘူး။
သုတ်ပိုးထုတ်လုပ်ရာ ပြဿနာပေးတာက အပူတစ်မျိုးတည်းမဟုတ်ဘဲ အလုပ်အကိုင်တွေကလည်း သက်ရောက်နေပါတယ်။
ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားလုပ်ကိုင်ရသူတွေဟာ ရုံးတွေမှာ ထိုင်လုပ်ရတဲ့သူတွေထက် ၅၀ ရာခိုင်နှုန်းနီးပါး သုတ်ပိုးအရေအတွက် ပိုများနေပါတယ်။
ဒါကြောင့် လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူး များစွာရှိနေပါတယ်။
လုပ်ငန်းခွင်မှာ လှုပ်ရှားလုပ်ကိုင်နေရခြင်းဟာ အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို သိသိသာသာ တိုးတက်စေပါတယ်။
#World_Health #သုတ်ပိုးလျော့ကျပစ္စည်းတစ်မျိုး #ဆရာဝန်များသတိပေး #Source: New York Post
တရုတ်ပြည်မှ ရုပ်ရှင်နဲ့တီဗီပရိသတ်တွေဟာ ဇာတ်ကားတွေနဲ့ တီဗီအစီအစဥ်တွေရဲ့ ရိုက်ကွင်းနေရာတွေကို သွားရောက်လိုနေကြပြီး တိုင်းပြည်ရဲ့ ဧည့်ခရီးသွားလုပ်ငန်း အခွင့်အလမ်းသစ်ကို ပုံဖော်နေကြပါတယ်။
Asia_Industry
Published_ 17 January 2024
#ဧည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာ #ရိုက်ကွင်းနေရာဒေသရှုခင်း
#Yangon_Times #YMG_News #Yangon_Media_Group
၁၇ ဇန်နဝါရီ ၂၀၂၄
ထိုင်းနိုင်ငံတွင် ထောင်ကျနေသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာသည် သူ၏ အသက်နှင့်ကျန်းမာရေး အခြေအ နေကြောင့် လာမည့်လ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ရန် အရည်အချင်းပြည့်မီကြောင်း ယနေ့ ဇန်နဝါရီ (၁၇)ရက်တွင် ထိုင်း အကျဉ်းဌာနအရာရှိတစ်ဦးကပြောပါတယ်။
အသက် (၇၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘီလျံနာ သက်ဆင်သည် ထောင်(၈)နှစ်ကျခံရန် ပြီးခဲ့တဲ့နှစ်ဩဂုတ်လတွင် ပြည်တော် ပြန်လာပြီး နာရီပိုင်းအတွင်း သွေးတိုးနင့် ရင်ဘတ်တောင့်လာမှုကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။ သူ၏ ထောင်ဒဏ်ကိုလည်း ဘုရင်မင်းမြတ်က တစ်နှစ်သို့ လျှော့ချပေးခဲ့ပါတယ်။
သူ့ကျန်းမာရေးကိုဆက်လက်စောင့်ကြည့်ဖို့လိုအပ်တယ်ဆိုပြီး အကျဉ်းဌာနက အကျဉ်းဌာနဆေးရုံမှာ သူဆက်ပြီးနေခွင့် ထပ်မံ တိုးမြှင့်ပေးခဲ့ပါတယ်။
“ သတ်မှတ်ချက်များအရ သက်ဆင်ဟာ အထူးလွတ်ငြိမ်းချမ်းသာခွင့်မှာ အကျုံးဝင်ပါတယ်” ဟု အကျဉ်းဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဆစ်သီ ဆူဆီဗောင်းက ပြောပါတယ်။ ဖေဖော်ဝါရီမှာ သက်ဆင်ထောင်ကလွတ်လာမှာလားဟု သတင်းထောက်များ ၏ အမေးကို သူကဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။
သူ့လွတ်ငြိမ်းခွင့်အတွက် ဘန်ကောက်ရမန်အကျဉ်းထောင်ဆီက တရားဝင်တောင်းခံလွှာ မရသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။
Source Reuters
#Daily_News
Published_ 17 January 2024
၁။ ဟိုပုန်းထွက် စတော်ဘယ်ရီများ ရန်ကုန်သို့ရောက်ရှိလာတော့မည်
၂။ တရုတ်နှစ်ကူးနီးလာသဖြင့် ပြည်တွင်းဆိတ်သားသတ်ဈေးကွက် ဈေးမြင့်တက်လာ
၃။ ဗုဒ္ဓဂါယာ ခရီးသွားလာမှု ယမန်နှစ်ထက်ကျဆင်းနေ
၄။ တရုတ်ရုပ်ရှင်ကားများရိုက်ကူးသော ရိုက်ကွင်းနေရာဒေသရှုခင်းများတွင် ဧည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 17 January 2024
ယူကရိန်း-ရုရှားစစ်ပွဲသာ ယခုလိုပုံစံမျိုး ဆက်သွားနေပါက ယူကရိန်းဟာ လွတ်လပ်သောတိုင်းပြည်အဖြစ်မှ ပြန်ပြောင်းပြုပြင်လို့မရလောက်အောင် ထိခိုက်သွားမှာဖြစ်ပြီး ရုရှားကလည်း သိမ်းပိုက်ရရှိထားသမျှကို ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီရဲ့ တောင်းဆိုချက်ကြောင့် ဆွစ်ဇာလန်က ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးအစည်းအဝေး ကျင်းပရန် သဘောတူညီခဲ့ပြီး နောက်တစ်ရက်မှာ ပူတင်က ယခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။
အနောက်တိုင်းနဲ့ ယူကရိန်းတို့ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးလမ်းစဥ်များကို ပူတင်က ဂရုမစိုက်ဘဲ ယင်းတို့ဖြစ်ချင်နေတဲ့ ပိတ်ပင်ချက်များသာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
‘’သူတို့ မညှိနှိုင်းချင်ဘူးဆိုရင် မညှိနှိုင်းရုံပေါ့။ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် မအောင်မြင်တဲ့အပြင် ရုရှားတပ်တွေကပဲ အသာစီးရထားတယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒီပုံစံအတိုင်းသာဆိုရင် လွတ်လပ်သော တိုင်းပြည်အဖြစ်မှ ယူကရိန်းအတွက် ထိုးနှက်ချက်ပြင်းထန်ပါလိမ့်မယ်’’ လို့ ပြောကြားလိုက်ပါတယ်။
ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်က ခိုင်မာစွာ နေရာချထားတဲ့ ရုရှားတပ်တွေကို အသာမရတာကြောင့် စစ်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ပူတင်က လတ်တလောရက်တွေမှာ ယုံကြည်ချက်ရှိစွာ ပြောကြားလာပါတယ်။
လက်ရှိမှာ ရုရှားက ယူကရိန်းနယ်မြေတွေရဲ့ ၁၇.၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။
ဆွေးနွေးညှိနှိုင်းမှုတွေက ပြီးခဲ့တဲ့ တစ်နှစ်ခွဲအတွင်း သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို စွန့်လွှတ်ချင်လာအောင် ကြိုးပမ်းတာဖြစ်ပြီး ဒါမျိုးက လုံးဝမဖြစ်နိုင်ပါဘူးလို့ ဆိုလိုက်ပါတယ်။
ဇယ်လန်စကီတင်ပြတဲ့ ငြိမ်းချမ်းရေးလမ်းစဥ်မှာ ယူကရိန်းအချုပ်အခြာ နယ်မြေတွေ ပြန်လည်မွမ်းမံရေး၊ တိုက်ခိုက်မှုများ ရပ်ဆိုင်ရေး၊ ရုရှားတပ်များ ဆုတ်ခွာခြင်းတို့ကို တောင်းဆိုထားပါတယ်။
ဘယ်လိုညှိနှိုင်းမှုမဆို မြေပြင်ကတပ်တွေ ဖန်တီးလိုက်တဲ့ လက်ရှိအခြေအနေတွေကို ထည့်သွင်းစဥ်းစားရလိမ့်မယ်လို့ ရုရှားက ပြောလိုက်ပါတယ်။
#World_News #လက်ရှိစစ်ပွဲအခြေအနေ #ယူကရိန်းကျရှုံးမည့်အန္တရာယ်ရှိနေ #Source: Reuters
#World_Science
Published 17 January 2024
လူတွေရဲ့ လက်ဗွေရာတစ်ခုချင်းစီဟာ လုံးဝမတူညီဘူးလို့ ယူဆထားကြပေမယ့် အမေရိကန်တက္ကသိုလ်တစ်ခုမှ သိပ္ပံပညာရှင်များက လူလုပ်မှတ်ဉာဏ် AI ကိုအသုံးပြုပြီး ဒီကိစ္စကို လေ့လာခဲ့ပါတယ်။
ကိုလံဘီယာတက္ကသိုလ်မှ သုတေသီများက လက်ဗွေရာတွေ လူတစ်ဦးတည်းမှာ တူညီစွာပါဝင်သလားဆိုတာကို သိရဖို့ လက်ဗွေရာပေါင်း ၆ သောင်းကို AI ကိရိယာဖြင့် ဆန်းစစ်ခဲ့ကြပါတယ်။
လူတစ်ယောက်ဆီကနေ မတူညီတဲ့လက်ချောင်းတွေမှ လက်ဗွေရာတွေ ရရှိတာနဲ့ ပတ်သက်ပြီး AI ကိရိယာက ၇၅ မှ ၉၀ ရာခိုင်နှုန်းလောက်အထိ တိကျစွာ ဖော်ထုတ်နိုင်ပါတယ်။
AI ကိရိယာက လက်ဗွေရာတွေကို ရှာဖွေရာမှာ သာမန်နည်းလမ်းတွေနဲ့ မတူကွဲပြားပါတယ်။
မှုခင်းဆေးပညာတွေ ဆယ်စုနှစ်တွေတိုင်အောင် အသုံးပြုတဲ့ နည်းလမ်းမျိုးမဟုတ်တာ သေချာတယ်လို့ စမ်းသပ်မှုကိုကြီးကြပ်တဲ့ ပရော်ဖက်ဆာ ဟော့ဒ်လစ်ဆန်က ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး အလွယ်တကူ ယုံနိုင်ဖွယ်မရှိတာကြောင့် နှစ်ခါပြန်လောက် စစ်ဆေးခဲ့ကြပါတယ်။
အခုအချိန်အထိ သိထားသမျှက လူနှစ်ယောက်က လက်ဗွေရာ မတူနိုင်ဘူးဆိုတာကို မပြနိုင်သေးတာပါပဲ။
သူတို့ရဲ့လေ့လာချက်ကို အမည်မဖော်ပြထားတဲ့ ဆေးမှုခင်းဂျာနယ်တစ်ခုက ငြင်းချက်ထုတ်ထားပါတယ်။
ပုံမှန်အားဖြင့် လေ့လာချက်တွေကို အငြင်းအခုံလုပ်လေ့ မရှိပေမယ့် ဒီကိစ္စကတော့ ဒီအတိုင်းကြည့်မနေနိုင်ကြောင်း၊ အသေအပျောက်အမှုကို ပြန်သုံးသပ်ပြီး အပြစ်ကင်းသူတွေ အပြစ်လွတ်သွားနိုင်တယ်လို့ ထောက်ပြထားပါတယ်။
ဒီသုတေသနက ဆေးမှုခင်းသိပ္ပံနဲ့ ဗီဇခွဲခြမ်းစိတ်ဖြာခြင်းတို့မှာပါ သက်ရောက်လာနိုင်ဖွယ် ရှိနေတယ်လို့ BBC က ဖော်ပြထားပါတယ်။
#World_Science #AIစက်ကိရိယာ #အမေရိကန်တက္ကသိုလ်သက်သေပြ #Source: WION
Page 222 of 825