#World_Science
Published 17 January 2024
အာကာသကို လူတွေစိတ်ဝင်စားနေတာ ကြာခဲ့ပြီဖြစ်ပြီး အချို့သောဂြိုဟ်တွေဆီကို အာကာသယာဥ်များလွှတ်ပြီး စူးစမ်းရှာဖွေနေကြပါတယ်။
အာကာသယာဥ်မှူး အများအပြားဟာ နိုင်ငံတကာ အာကာသစခန်းမှာ နေထိုင်နေကြပြီး အသီးအရွက်များ စိုက်ပျိုးကာ သိပ္ပံနည်းကျ စမ်းသပ်ချက် အများအပြား ပြုလုပ်နေကြပါတယ်။
ဒါပေမဲ့ အာကာသထဲမှာ လူသားတွေ လိင်မှုပြုပြီး ကိုယ်ဝန်ရနိုင်လားဆိုတာကတော့ သေချာမသိကြသေးပါဘူး။
အာကာသမှာ ဆွဲအားအလွန်နည်းတာကြောင့် အရာဝတ္ထုတွေ လူတွေ တစ်နေရာတည်းမှာရှိနေဖို့ ခက်ခဲပါတယ်။
အာကာသစခန်းမှာ လူများစွာရှိသလို အားလုံးက အလုပ်များလွန်းတာကြောင့် ဒီကိစ္စအတွက် အချိန်မပေးနိုင်ကြဘူးလို့ နော်တင်ဂမ်တက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာ အဒမ်ဝက်ကင်စ်က ပြောပြသွားပါတယ်။
တစ်နေရာတည်းမှာ နေနိုင်ဖို့ခက်ခဲတဲ့ ပြဿနာအပြင် ထွက်လာတဲ့အရည်တွေ ပျံ့ထွက်သွားနိုင်တဲ့ ပြဿနာလည်း ရှိနေပါသေးတယ်။
အာကာသထဲမှာ လိင်မှုပြုနိုင်ရုံမက ဘေးကင်းစိတ်ချရဖို့၊ စိတ်ကျေနပ်မှုရရှိဖို့အတွက် နည်းပညာဆန်းသစ်တီထွင်မှုတွေ လိုအပ်တဲ့အပေါ် မူတည်တယ်လို့ အာကာသလိင်မှုသုတေသနမှ မာရီယာဆန်တာဂွီဒါက ပြောပြသွားပါတယ်။
ဒါ့အပြင် အာကာသထဲက ဆွဲငင်အားအလွန်နည်းပါးခြင်းက ကိုယ်ဝန်ရရန် ခက်တဲ့အပြင် သန္ဓေသားဖွံ့ဖြိုးမှု ချို့ယွင်းတာတွေ ဖြစ်လာနိုင်ပါတယ်။
ဆွဲငင်အားနည်းတဲ့ပြဿနာကို အဆင့်မြင့်နည်းပညာ ပစ္စည်းများဖြင့် ဖြေရှင်းနိုင်ဖွယ်ရှိတယ်လို့ ဝက်ကင်စ်က ဆိုပါတယ်။
အထက်ပါ ပြဿနာတွေအပြင် အမျိုးသားတွေမှာ ထောင်မတ်နိုင်စွမ်း ချို့ယွင်းတဲ့ပြဿနာလည်း ရှိနေပါတယ်။
အစောပိုင်း တွေ့ရှိချက်များအရ အာကာသတာဝန်ကနေ ပြန်လာတဲ့သူတွေမှာ ထိုပြဿနာကို တွေ့ရှိခဲ့ကြပါတယ်။
အာကာသထဲရှိနေစဥ်သာ ထိုပြဿနာခံစားရတာမဟုတ်ဘဲ ကမ္ဘာသို့ပြန်လာပြီး အချိန်အတော်ကြာတဲ့အထိ ခံစားနေကြရပါတယ်။
#World_Science #ဆွဲငင်အားအလွန်နည်းပါးခြင်း #လိင်ဆက်ဆံမှုလုပ်နိုင်ခြေနည်းပါး #Source: WION
တရုတ်ပြည်ရှိ ဈေးကွက်အများအပြားမှာ လူလုပ်ကျောက်မျက်ရတနာတုများ ဝယ်လိုအားတက်လာတာကြောင့် ဈေးနှုန်းများလည်း မြင့်တက်လာပါတယ်။ တရုတ်ပြည် ဝူကျိုးမြို့ဟာ ကျောက်မျက်တုရောင်းဝယ်ရေးနဲ့ ဖြန့်ဖြူးရေး အကြီးမားဆုံးနေရာ ဖြစ်ပါတယ်။
#Asia_Industry
Published_ 16 January 2024
#လူလုပ်တရုတ်ကျောက်မျက်ရတနာတု #ပြည်တွင်းဈေးကွက်ဝယ်လိုအားတက်
#Yangon_Times #YMG_News #Yangon_Media_Group
၁၆ ဇန်နဝါရီ ၂၀၂၄
၂၀၂၃ခုနှစ်မှာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုတွေကို တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဌာနက အာရုံစိုက်နှိမ်နှင်းမှုတွေပြုလုပ်ခဲ့ပြီး လိမ်လည်အုပ်စုကြီးတွေရဲ့ အဓိကအဖွဲ့ဝင် ၇၈ ဦးနှင့် ရာဇဝတ်မှူကျူးလွန်းသူ ၄၁,၀၀၀ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီအပြင် ယင်းအမှုကိစ္စတွေနှင့်သက်ဆိုင်တဲ့ အမေရိကန်ဒေါ်လာ ၄၈၈.၃သန်းခန့်နှင့်ညီမျှတဲ့ တရုတ်ယွမ်ငွေ ၃.၅ ဘီလျံကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ စီစီတီဗွီသတင်းကပြောပါတယ်။
Source CCTV+
#Daily_News
Published_ 16 January 2024
၁။ အစ်မတော်မြနန်းနွယ်၏ (၁၁၇) နှစ်မြောက်မွေးနေ့(၃)ရက်တိုင်တိုင် ကျင်းပမည်
၂။ ဇန်နဝါရီအတွင်းရောင်းချရမည့် ဆန်ဈေးနှုန်းများ ယခင်လထက်အမြင့်ဆုံး တစ်အိတ်လျှင်ကျပ်လေးသောင်းအထိမြင့်တက်လာ
၃။ ဝါးနက်ဆင်စခန်း၏ ပထမဆုံးဆင်လေးငြိမ်းချမ်းဦးမွေးဖွားပြီး ကျန်းမာရေးကောင်းမွန်
၄။ ပြည်တွင်းဈေးကွက်တွင်ဝယ်လိုအားတက်လာသည့် လူလုပ်တရုတ်ကျောက်မျက်ရတနာတုများ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 16 January 2024
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက တောင်ကိုရီးယားကို အဓိကရန်သူအဖြစ် အသေအချာသတ်မှတ်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တစ်ရပ်ကို တနင်္လာနေ့က တောင်းဆိုလိုက်ပြီး မြောက်ကိုရီးယားက စစ်ပွဲဖြစ်လာအောင် ဖန်တီးနေတာမဟုတ်ပေမယ့် အဲဒီလိုပြောလိုက်လို့ စစ်ပွဲကို ရှောင်ရှားဖို့လည်း မရွယ်ရည်ဘူးလို့ သတိပေးလိုက်ကြောင်း KCNA သတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြလိုက်ပါတယ်။
မြောက်ကိုရီးယား ပါလီမန်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားရာ တောင်ကိုရီးယားနဲ့ ပေါင်းစည်းရေးက မဖြစ်နိုင်တော့ကြောင်း၊ တောင်ကိုရီးယားက အစိုးရအုပ်ချုပ်ရေး ပြိုလဲစေရန်နဲ့ လက်ဝါးကြီးအုပ် ပေါင်းစည်းရန် ကြိုးပမ်းနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
နှစ်နိုင်ငံ ပေါင်းစည်းရေးနဲ့ ခရီးသွားကဏ္ဍတို့နဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်း ၃ ခုကို ရုပ်သိမ်းသွားမယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
မြောက်ကိုရီးယားမှ ဒုံးကျည်စမ်းသပ်မှု အမြောက်အများ ပြုလုပ်နေပြီး တောင်ကိုရီးယားနဲ့ ပတ်သက်လို့ ဆက်ဆံရေးအခြေအနေ ပြောင်းလဲရန်နဲ့ ဆယ်စုနှစ်တွေတိုင်အောင် တည်ရှိနေခဲ့တဲ့ မူဝါဒပိုင်းတွေကို မြောက်ကိုရီးယားက ချိုးဖျက်ဖို့ ကြိုးပမ်းနေတာတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုများ မြင့်တက်နေချိန်မှာ ကင်မ်ဂျုံအန်းက ယခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ ဆက်ဆံရေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက်တာဝန်ယူသွားဖွယ်ရှိပြီး အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ စစ်ပွဲမှာ တောင်ကိုရီးယားအပေါ် နျူကလီးယားလက်နက်များ အသုံးပြုခြင်းကို အကျိုးသင့်ညှိနှိုင်းပေးသွားနိုင်တယ်လို့ ဆန်းစစ်လေ့လာသူများက ဆိုလိုက်ပါတယ်။
အခြေခံဥပဒေထဲမှာ တောင်ကိုရီးယားကို နံပါတ် ၁ ရန်သူလို့ သတ်မှတ်ရန် တောင်းဆိုထားကာ စစ်ပွဲဖြစ်ပွားပါက တောင်ကိုရီးယားဘက်က အကျအဆုံးများနိုင်ပြီး အမေရိကန်အတွက် ဆုံးရှုံးမှုအလွန်များစေလိမ့်မယ်လို့ KCNA မှာ ဖော်ပြထားပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲဖြစ်ပွားပါက ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တောင်ကိုရီးယားကို ပြန်လည်သိမ်းပိုက်ခြင်း၊ မြောက်ကိုရီးယားဘက်သို့ ပေါင်းစည်းခြင်းလို့သာ သတ်မှတ်သင့်တယ်လို့ ကင်မ်ဂျုံအန်းက ဆိုပါတယ်။
အမေရိကန်အခြေစိုက် ၃၈ မြောက်စီမံကိန်းအတွက် အစီရင်ခံစာမှာ ကိုရီးယားကျွန်းဆွယ်ရဲ့ လက်ရှိအခြေအနေက ၁၉၅၀ ဇွန်လက အခြေအနေတွေထက် ပိုပြီးအန္တရာယ်များနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိဟောင်း ရောဘတ်ကာလင်နဲ့ နျူကလီးယား သိပ္ပံပညာရှင် ဆစ်ဖရိုင်းဟက်ကာတို့က ပြောကြားလိုက်ပါတယ်။
ကင်မ်ဂျုံအန်းက ၁၉၅၀ က သူ့အဘိုးလိုပဲ စစ်ပွဲဖြစ်လာနိုင်တဲ့ ဗျူဟာမြောက်ဆုံးဖြတ်ချက်တွေ ချမှတ်လိုက်ကြောင်း၊ ဘယ်အချိန်မှာ ထဖြစ်မလဲဆိုတာ မသိရကြောင်း၊ အမေရိကန် တောင်ကိုရီးယား ဂျပန်တို့မှာ မြောက်ကိုရီးယားရန်စတာနဲ့ ပတ်သက်ပြီး သာမန်သတိပေးချက်တွေထက် စစ်ဖြစ်လာနိုင်တဲ့ အန္တရာယ်က ကျော်လွန်နေပြီဖြစ်ကြောင်း ဖော်ပြထားကြပါတယ်။
အချို့လေ့လာသူတွေကတော့ အဆိုပါ ပြောင်းလဲမှုတွေဟာ လက်တွေ့အမှန်တရားကိုသာ ဖော်ပြနေပြီး ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးပြန်လည်သင့်မြတ်ရန် အထောက်အကူ ဖြစ်နိုင်တယ်လို့ ဆိုနေကြပါတယ်။
#World_News #တောင်ကိုရီးယားကိုနိုင်ငံ၏အဓိကရန်သူ #ဖွဲ့စည်းပုံအခြေခံဥပဒေ #Source: Reuters
Published 16 January 2024
နွားတွေ ကိုယ်ဝန်မွေးဖွားတော့မလားဆိုတာကို မွေးမြူသူများ သိရှိစေနိုင်မယ့် လူလုပ်အသိဉာဏ်တု AI နည်းပညာသုံးထားတဲ့ စနစ်တစ်ခုကို Nikon ကော်ပိုရေးရှင်းက ထုတ်လုပ်လိုက်ပါတယ်။
မွေးမြူရေးခြံတွေမှာ ကင်မရာများ တပ်ဆင်ပြီး နွားတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်သုံးသပ်နေတဲ့ စနစ်ဖြစ်ပါတယ်။
ဒီနည်းပညာကို ဂျပန်မှာ ယခုလအတွင်း ရောင်းချသွားမှာဖြစ်ပြီး မွေးဖွားခါနီး နွားမတွေကို ပုံမှန်စစ်ဆေးရေး လုပ်ဖို့လိုအပ်တဲ့ မွေးမြူသူများအတွက် အလုပ်တာဝန် လျှော့ချသွားနိုင်မှာဖြစ်ကာ ပိုမိုထိရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။
နွားအကောင်ရေ ၁၀၀ ရှိတဲ့ခြံအတွက် တစ်နှစ်ကို ဒေါ်လာ ၆၂၀၀ ခန့် ကျသင့်မှာဖြစ်ပါတယ်။
နွားပေါက်လေး မွေးခါနီးပြီဆိုရင် သက်ဆိုင်ရာ စမတ်ဖုန်းအက်ပ်လီကေးရှင်းကနေ မွေးမြူသူကို အချက်ပေးသွားမှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ထားတဲ့ နွားမတစ်ကောင်ဟာ မမွေးခင် ၅ နာရီလောက်အလိုမှာ သိသိသာသာ လက္ခဏာတွေ ပြလာပါတယ်။
AI အတွက် အချက်အလက်များ စုဆောင်းရေးကို ၂၀၂၁ ကတည်းက လုပ်ဆောင်နေခဲ့ကာ ၂၀၂၃ ဖေဖော်ဝါရီကစပြီး ကူမာမိုတိုစီရင်စုပြည်နယ်ရှိ ခြံ ၄ ခြံမှာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။
နွားမတစ်ကောင် အခြားအပြုအမူမျိုး ပြုလုပ်နေတာကိုလည်း သိရှိနိုင်စေမယ့် နည်းပညာကို အနာဂတ်မှာ ပြုလုပ်သွားဖွယ်ရှိတယ်လို့ Nikon အရာရှိ ကာဇူဟီရိုဟီရာနိုက စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
မွေးမြူရေးသမားတစ်ဦးဖြစ်တဲ့ ကီတာဟီဂူချီက ဒီနည်းပညာရဲ့ အသုံးဝင်မှုကို သဘောကျနေပါတယ်။
တစ်နှစ်အတွင်း နွားအကောင်ရေ ၆၀ လောက် မွေးနေရကြောင်း၊ မမွေးခင် တစ်လအလိုလောက်ကတည်းက မကြာမကြာ စစ်ဆေးနေရကြောင်း၊ ဒီနည်းပညာက အလွန်အသုံးဝင်ကြောင်း ပြောပြသွားပါတယ်။
Source: Kyodo News.
#World_Technology
#Published_ 16 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 16 January 2024
လုံလောက်စွာ အိပ်စက်ဖို့က အလုံးစုံကျန်းမာရေးအတွက် အရေးကြီးပါတယ်။
ခန္ဓာကိုယ် အနားယူ ပြုပြင် သက်သာလာစေရန် အိပ်စက်ခြင်းလိုအပ်သလို ခန္ဓာကိုယ်တွင်း စနစ်များစွာအတွက် အကျိုးကျေးဇူးများ ရှိနေပါတယ်။
သာမန်အရွယ်ရောက်ပြီးသူတွေဟာ တစ်နေ့ကို အိပ်ချိန် ၇ နာရီမှ ၉ နာရီရှိရန် လိုအပ်ပြီး အိပ်ရေးပျက်တာများလာပါက ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်လာစေပါတယ်။
အိပ်ချိန်မလုံလောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကတော့ …
(၁) မှတ်ဉာဏ်ပိုင်း၊ အသိဉာဏ်ပိုင်းမှာ ထိခိုက်လာကာ အာရုံစူးစိုက်ရ ခက်ခဲခြင်း၊ လုပ်ကိုင်နိုင်စွမ်း မရှိခြင်းတို့ ဖြစ်လာစေပါတယ်။
(၂) စိတ်နဲ့ကိုယ်မကပ်ခြင်း၊ တုန့်ပြန်မှု အားနည်းခြင်းတို့ဖြစ်ကာ ယာဥ်မောင်းနေစဥ် စက်ပစ္စည်းများမောင်းနှင်နေစဥ် အခြားအန္တရာယ်ရှိ အလုပ်များလုပ်နေစဥ်မှာ မတော်တဆဖြစ်နိုင်ခြေ များပါတယ်။
(၃) အိပ်ရေးပျက်တာများလာပါက ကိုယ်ခံအားစနစ် ကျဆင်းစေပြီး ရောဂါပိုး ကူးစက်ဝင်ရောက်တတ်ပါတယ်။
(၄) စိတ်အပြောင်းအလဲ ဖြစ်တတ်ကာ ဆတ်ဆတ်ထိမခံခြင်း၊ ပူပန်သောကဖြစ်ခြင်း၊ စိတ်ကျန်းမာရေး အခြေအနေတို့ ဖြစ်နိုင်ခြေ များပါတယ်။
(၅) အိပ်ရေးပျက်ခြင်းကြောင့် ဆာလောင်စိတ်နဲ့ ဟော်မုန်းမျှခြေကို ထိခိုက်စေကာ မကျန်းမာစေတဲ့ အစားအစာများ ပိုစားမိပြီး ကိုယ်အလေးချိန် တက်လာစေပါတယ်။
(၆) နှလုံးသွေးကြောရောဂါများ၊ ဆီးချို၊ ကင်ဆာတို့လို နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
(၇) သွေးတွင်းသကြားဓာတ် ထိန်းညှိနိုင်စွမ်းကို ထိခိုက်စေကာ အင်ဆူလင်မတိုးခြင်းနဲ့ ဆီးချိုရောဂါတို့ ဖြစ်လာနိုင်ပါတယ်။
(၈) ဆာလောင်စိတ်ကို ထိန်းချုပ်ခြင်း၊ ဖိစီးမှုတုန့်ပြန်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့နဲ့ သက်ဆိုင်တဲ့ ဟော်မုန်းများ ပုံမှန်ထိန်းညှိခြင်းကို ထိခိုက်စေပါတယ်။
(၉) ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းများ ဖြစ်ပေါ်စေကာ ကျန်းမာရေးပြဿနာ အမျိုးမျိုး ဖြစ်စေပါတယ်။
(၁၀) အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒ လျော့နည်းခြင်း၊ ထောင်မတ်နိုင်စွမ်း လျော့နည်းခြင်းတို့ ဖြစ်နိုင်ကာ အမျိုးသမီးတွေမှာ လိင်ကိစ္စပြီးမြောက်ရန် ခက်ခဲတာမျိုး ဖြစ်တတ်ပါတယ်။
(၁၁) အရေပြားပြုပြင်ထိန်းသိမ်းနိုင်စွမ်း ထိခိုက်တာကြောင့် အရေပြားမွဲခြောက်ခြင်း၊ တွန့်ခြင်း၊ ဝက်ခြံ နှင်းခူတို့လို အရေပြားပြဿနာများ ဖြစ်တတ်ပါတယ်။
(၁၂) အိပ်ရေးပျက်ခြင်းကြောင့် စိတ်သွားတိုင်း ကိုယ်မပါဖြစ်ကာ နေအိမ် အလုပ်ခွင်တို့လို နေရာတွေမှာ မတော်တဆထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။
တစ်ဦးချင်းစီရဲ့ အသက်အရွယ်၊ နေထိုင်စားသောက်မှုပုံစံ စတဲ့အချက်တွေကြောင့် အိပ်ချိန်လိုအပ်ချက် အနည်းငယ် အပြောင်းအလဲရှိတတ်ပါတယ်။
Source: DoctorNDTV
#World_Health
#Published 15 January 2024
#YMG #Yangon_Times #Yangon_Media_Group
Page 223 of 825