#WorldHealth
Published - 25 March 2022
ကလေးငယ်တွေကို အချိန်ကြာမြင့်စွာ တီဗီပေးကြည့်ခြင်း ဂိမ်းပေးကစားခြင်းများက သူတို့ရဲ့ပြုမူပြောဆိုပုံတွေကို ဆိုးရွားလာစေနိုင်ကြောင်း သုတေသီတို့ က ယူဆထားကြပါတယ်။
အချိန်ကြာမြင့်စွာတီဗီကြည့်ဂိမ်းကစားခြင်းက ကလေးတွေကို ဆိုးကျိုးသက်ရောက်စေသလားဆိုတာကို အလုံးစုံသဘောတူလက်ခံခြင်းတော့မရှိသေးဘူးလို့ ကနေဒါပညာသင်ကြား ပို့ချရေးကျွမ်းကျင်သူများက ဆိုပါတယ်။
အရင်ကပြုလုပ်ခဲ့တဲ့ စမ်းသပ်လေ့လာမှု ၈၇ ခုကိုပြန်လည်သုံးသပ်ရာမှာတော့ ကလေးတွေအပြုအမူဆိုးရွားလာနိုင်တယ်ဆိုတာကို ငြင်းဆန်လိုက်ကြပါတယ်။
အချိန်ကြာကြာတီဗီကြည့်ဂိမ်းကစားတတ်တဲ့ ကလေးတွေမှာ အတွင်းစိတ်ပြဿနာများဖြစ်တဲ့ စိုးရိမ်ကြောင့်ကြခြင်း၊ စိတ်ဓာတ်ကျခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ သုံးသပ်ရရှိခဲ့ပါတယ်။
အပြင်ပန်းသဏ္ဍာန်မူမမှန်ခြင်းတွေဖြစ်တဲ့ ရန်လိုခြင်း၊ အလေးမထားတတ်ခြင်းတို့ လည်း ဖြစ်ပေါ်နိုင်ပါတယ်။
ဘယ်လောက်အထိ ဆိုးကျိုးသက်ရောက်နိုင်သလဲဆိုတာကို အတိအကျမပြောနိုင်သလို ကလေးတွေကို တီဗီကြည့်ချိန်ဘယ်လောက်သတ်မှတ်ပေးသင့်လဲဆိုတာကိုလည်း မဖော်ပြခဲ့ပါဘူး။
ဒေါက်တာ'ရှယ်ရီမက်ဒီဂန်'နဲ့အဖွဲ့ ကတော့ ဒီလိုပြုမူပြောဆိုပုံမူမမှန်တာတွေဟာ တီဗီကြည့်ချိန်များခြင်းကြောင့်မဟုတ်ဘူးလို့ မှတ်ချက်ပြုထားပါတယ်။
သို့ ပေမယ့် ကလေးတွေအတွက် ကြမ်းတမ်းမသင့်လျော်တဲ့အရာတွေကို ကြည့်ရှုခြင်းက ရန်လိုတဲ့အပြုအမူဖြစ်ပေါ်လာနိုင်ပြီး လူမှုဆက်ဆံရေးနည်းပါးခြင်း၊ အိပ်ရေးပျက်ခြင်းတို့က စိုးရိမ်ကြောင့်ကြခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ယူကေမှ အသက် ၅ နှစ်မှ ၁၆ နှစ်ကြားကလေးတွေဟာ တစ်နေ့ကို တီဗီကြည့်ဂိမ်းကစားချိန် ပျမ်းမျှ ၆.၃ နာရီအထိရှိကြောင်း NHS က ဖော်ပြထားပါတယ်။
အသက် ၂ နှစ်အောက်ကလေးတွေအနေနဲ့ လုံးဝမကြည့်ရှုသင့်ကြောင်း၊ အသက် ၂ နှစ်မှ ၅ နှစ်ကြားကလေးတွေအနေနဲ့ တစ်နေ့ကို တစ်နာရီထက်ပိုပြီး မကြည့်ရှုသင့်ကြောင်း အကြံပြုထားပါတယ်။
အောက်စ်ဖို့ ဒ်အင်တာနက်တက္ကသိုလ်မှ သုတေသနညွှန်ကြားရေးမှူးနဲ့ စိတ်ကျန်းမာရေးအထူးကု ပရော်ဖက်ဆာ'အန်ဒရူးပါဇီဘယ်စကီ'က ပညာရေးကျွမ်းကျင်သူများပြောကြားခဲ့တဲ့ အချက်အလက်တွေဟာ မှန်ကန်ခြင်းမရှိဘူးလို့ ထောက်ပြလိုက်ပါတယ်။
ကလေးတွေရဲ့စိတ်ကျန်းမာရေးအခြေအနေ ၉၉ ရာခိုင်နှုန်းကျော်က တီဗီကြည့်ဂိမ်းကစားခြင်းနဲ့ သက်ဆိုင်မှုမရှိကြောင်း ပရော်ဖက်ဆာကပြောကြားလိုက်ပါတယ်။
အချိန်ကြာမြင့်စွာတီဗီကြည့်ဂိမ်းကစားခြင်းက အဓိကပြဿနာမဟုတ်ဘဲ ကလေးတွေအတွက် မသင့်လျော်တဲ့အကြောင်းအရာတွေကသာ ဒီလိုပြဿနာတွေဖြစ်ပေါ်စေတာဖြစ်ပါတယ်။
ကလေးတွေက တီဗီနဲ့ဖုန်းတွေကနေ ပညာသင်ကြားလေ့လာခြင်းတွေ ဖျော်ဖြေရေးအပိုင်းတွေကြည့်ရှုနိုင်ပါတယ်။
သုတေသနအဖွဲ့ ကတော့ အချိန်ကြာမြင့်စွာတီဗီကြည့်ဂိမ်းကစားခြင်းနဲ့ အပြင်ပန်းပြုမူနေထိုင်ပုံတွေကြားဆက်စပ်နေမှုက ယောကျ်ားလေးတွေမှာ ပိုအဖြစ်များကြောင်း ထောက်ပြသွားပါတယ်။
Source: Daily Mail
#WorldHealth
Published - 25 March 2022
မိုဒါနာကိုဗစ်ကာကွယ်ဆေးနောက်ဆုံးအဆင့်စမ်းသပ်ချက်များအရ မိုဒါနာကိုဗစ်ကာကွယ်ဆေးဟာ အသက် ၆ နှစ်အောက်ကလေးငယ်တွေမှာ ရောဂါခုခံအားကိုမြှင့်တင်ပေးပြီး အိုမီခရွန်ကူးစက်မှုကို ထိရောက်စွာကာကွယ်နိုင်ကြောင်း မိုဒါနာကုမ္ပဏီကပြောကြားလိုက်ပါတယ်။
ကလေးငယ်လေးတွေတွက် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လိုအပ်နေတဲ့အပြင် စမ်းသပ်ရရှိလာတဲ့ရလာဒ်တွေကလည်း ကောင်းမွန်တာကြောင့် မိုဒါနာက အမေရိကန်နဲ့နိုင်ငံရပ်ခြားမှ တာဝန်ရှိသူများထံ တတ်နိုင်သမျှအမြန်ဆုံးတင်ပြသွားမှာဖြစ်ပါတယ်။
တာဝန်ရှိသူများနဲ့ညှိနှိုင်းတိုင်ပင်ပြီးနောက် အမေရိကန်ရှိ အသက် ၆ နှစ်မှ ၁၁ နှစ်ကြားကလေးတွေမှာလည်း အသိအမှတ်ပြုထိုးနှံခွင့်ရဖို့ တောင်းဆိုသွားမှာဖြစ်ပါတယ်။
ဖိုင်ဇာနဲ့ဘိုင်အိုတက်ခ်မှ ကလေးငယ်များထိုးနှံရမယ့်ကာကွယ်ဆေးဟာ လုံလောက်တဲ့ထိရောက်မှုမရှိဘူးလို့ ပြီးခဲ့တဲ့လက တွေ့ရှိခဲ့ကြပါတယ်။ မိုဒါနာရဲ့စမ်းသပ်မှုမှာတော့ အသက် ၆ လမှ ၅ နှစ်ကြားကလေးငယ် ၇,၀၀၀ ထောင်နီးပါးကို လူကြီးထိုးနှံရတဲ့ဆေးပမာဏရဲ့ ၄ ပုံ ၁ ပုံဖြစ်တဲ့ ၂၅ မိုက်ခရိုဂရမ် နှစ်ကြိမ်စီထိုးပေးခဲ့တာဖြစ်ပါတယ်။
ထိုကဲ့သို့ထိုးနှံခြင်းက အရွယ်ရောက်ပြီးသူတွေကိုစမ်းသပ်ပြီး ရရှိခဲ့တဲ့ရလာဒ်တွေအတိုင်း ပဋိပစ္စည်း(antibody)ထွက်ရှိမှုမြင့်မားနေခဲ့ပါတယ်။
အိုမီခရွန်ကူးစက်မှုလွှမ်းမိုးနေတဲ့ကာလမှာလည်း မိုဒါနာကာကွယ်ဆေးက ကိုဗစ်ရောဂါကိုထိရောက်စွာကာကွယ်ပေးနိုင်ကြောင်း ကုမ္ပဏီကပြောကြားလိုက်ပါတယ်။
အသက် ၆ လမှ ၂ နှစ်ကြားကလေးငယ်တွေမှာ ၄၃.၇ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပြီး အသက် ၂ နှစ်မှ ၅ နှစ်ကြားကလေးတွေမှာတော့ ၃၇.၅ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။
ကလေးငယ်တွေမှာ မိုဒါနာကာကွယ်ဆေးရဲ့ကာကွယ်နိုင်စွမ်းက အိုမီခရွန်ကူးစက်မှုကာလအတွင်း အရွယ်ရောက်ပြီးသူတွေမှာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးလို့ ရရှိတဲ့ကာကွယ်နိုင်စွမ်းအတိုင်း တည်ရှိနေပါတယ်။
ယခုစမ်းသပ်မှုမှာ ဘေးထွက်ဆိုးကျိုးပြဿနာတွေ မတွေ့ရဘူးလို့ ဖော်ပြထားပါတယ်။
မိုဒါနာလို mRNA ကာကွယ်ဆေးကို ဆယ်ကျော်သက်ကလေးတွေမှာစမ်းသပ်ထိုးနှံစဉ်က နှလုံးကြွက်သားရောင်ရမ်းခြင်းမျိုး ရှားပါးလက္ခဏာတွေ တွေ့ခဲ့ရပေမယ့် အသက်အရွယ်ငယ်သေးတဲ့ကလေးတွေမှာတော့ အဲဒီလိုဘေးထွက်ဆိုးကျိုးတွေ မတွေ့ရပါဘူး။
အသက်အငယ်ဆုံးကလေးတွေ ၁၇ ရာခိုင်နှုန်းလောက်က အဖျားဝေဒနာခံစားကြရပြီး အဲဒီထက်အနည်းငယ် အသက်ပိုကြီးတဲ့ကလေးတွေမှာတော့ ၁၅ ရာခိုင်နှုန်းခန့်က အဖျားဝေဒနာပေါ်ပေါက်ခဲ့ပါတယ်။
အသက် ၆ နှစ်အောက်ကလေးအရွယ်တွေရဲ့ မိဘတွေအတွက်တော့ ဒါဟာသတင်းကောင်းဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ်'စတက်ဖနီဘန်ဆယ်'က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ကလေးအရွယ်အားလုံးမှာ အားမြှင့်ကာကွယ်ဆေး(booster)ရဲ့ ထိရောက်နိုင်စွမ်းကိုလည်း မိုဒါနာက လေ့လာသွားဖို့ ပြင်ဆင်နေပါတယ်။
Source: Bloomberg
Published 24 March 2022
တရုတ်ပြည်တွင်းထုတ် J-10C ဂျက်တိုက်လေယာဉ်တွေဟာ မတ်လ(၂၄)ရက်မှာ ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလမ်မာဘတ်မှာ ကျင်းပတဲ့ ၈၂ကြိမ်မြောက် ပါကစ္စတန်နေ့ စစ်ရေးပြအခမ်းအနားမှာ ပါှဝင်ပျံသန်းပြသခဲ့ပါတယ်။
အဲဒီစစ်ရေးပြအခမ်းအနားမှာ စစ်လက်နက်ကိရိယာတွေနှင့် အလှပြယာဉ်တွေကနေ စစ်အင်အားနှင့် ယဉ်ကျေးမှုတို့ကို ပြသတာဖြစ်ပါတယ်။
စစ်ရေးပြအခမ်းအနားကို ပါကစ္စတန်ဝန်ကြီးချုပ် အာမန်ခန်၊သမ္မတ အာရစ်အယ်လ်ဗီနှင့် စစ်တပ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
သူတို့အပြင် ပါကစ္စတန်မှာ OIC အစ္စလမ်မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ ၄၈ကြိမ်မြောက် အစည်းအဝေး တက်ရောက်လာကြတဲ့ နိုင်ငံပေါင်း၅၇နိုင်ငံက ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားတဲ့ အတွက် တက်ရောက်လာကြပါတယ်။
အဲဒီစစ်ရေးပြအခမ်းအနားမှာ စစ်ရေးစွမ်းရည်ပြသကြတဲ့အထဲမှာ တရုတ်ပြည်တွင်းထုတ် J-10C တိုက်လေယာဉ်တွေကို ထည့်သွင်း ပျံသန်းပြသခဲ့တာဖြစ်ပါတယ်။ အခမ်းအနားတက်ရောက်လာတဲ့ ဇာကစ်အယ်လ်အိုင်ဂျက်စ်က “အခုမှ ပထမမဆုံး တရုတ်တိုက်လေယာဉ်တွေမြင်ဖူးတာဖြစ်တယ်လို့ပြောပါတယ်။ သူမရဲ့သမီးကတော့ တရုတ်နှင့် ပါကစ္စတန်နိုင်ငံဟာ အလွန်ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်တယ်လို့ ပြောပါတယ်။
Source CMG
#DailyNews
TV Yangon Times ရဲ့နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)
++++++++++++++++++++++++++++++
Published - 24 Mar 2022
၁။ ရခိုင်ပြည်နယ်အတွက် အလုပ်သမားရေးရာကူညီပံ့ပိုးရေးစင်တာအနေဖြင့် ပြည်သူကို ဥပဒေအမြင်ဖွင့်သင်တန်းများ ပို့ချ
၂။ မုန်တိုင်းကင်းစင်ပြီဖြစ်၍ ဒီကနေ့မှစလို့ ကမ်းခြေဒေသများသို့ ခရီးသွားများ ပြန်လည်ဝင် ရောက်ခွင့်ပြု
၃။ မိုးလေဝသ သတင်း
၄။ အာဖဂန်နစ္စတန်တွင် တာလီဘန်များက မိန်းကလေးငယ်များအား ပြန်လည်ကျောင်းတက်ခွင့်ပြုလိုက်ပြီ......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#WorldPolitics
Published - 24 March 2022
ရုရှားနဲ့ဆက်ဆံရေးမနီးစပ်တဲ့နိုင်ငံတွေအနေနဲ့ ရုရှားမှဓာတ်ငွေ့ဝယ်ယူရာမှာ ရူဘယ်လ်ငွေဖြင့်ပေးချေဖို့အလိုရှိကြောင်း သမ္မတ'ဗလာဒီမီယာပူတင်'က ဗုဒ္ဓဟူးနေ့ကပြောကြားလိုက်ပါတယ်။ အဆိုပါပြောကြားချက်ကြောင့် စွမ်းအင်သုံးစွဲရရှိရေးပိုမိုကျပ်တည်းလာနိုင်ပြီး ဥရောပ ဓာတ်ငွေ့ဈေးနှုန်း အလွန်မတန်မြင့်တက်လာမှာကို စိုးရိမ်နေရပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး ယူကရိန်းကိုရုရှားတို့ စတင်ကျူးကျော်ကတည်းက ဥရောပနိုင်ငံတွေနဲ့ အမေရိကန်တို့ က ရုရှားအပေါ်ပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့ မှုတွေ ချမှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဥရောပက စွမ်းအင်ထုတ်လုပ်သုံးစွဲရေးအတွက် ရုရှားထုတ်ဓာတ်ငွေ့တွေကို အလွန်အမင်းမှီခိုအားထားနေရပြီး ရုရှားစွမ်းအင်ကဏ္ဍကိုလည်း ဒဏ်ခတ်ပိတ်ဆို့ သင့်လားဆိုတာကိုတော့ ဥရောပသမဂ္ဂမှ ဝေခွဲမရဖြစ်နေပါတယ်။
ရုရှားဓာတ်ငွေ့ဝယ်ယူချင်ရင် ရူဘယ်လ်ငွေနဲ့ပဲ ပေးချေရပါမယ်လို့ 'ပူတင်'ကပြတ်ပြတ်သားသား ထုတ်ပြန်လိုက်တာပါ။ လက်ရှိစာချုပ်တွေအရ ယူရိုငွေနဲ့ပေးချေဖို့ သဘောတူထားပေမယ့် ထိုအချက်အလက်တွေကို ရုရှားတို့ ကတဖက်သက်ပြောင်းလဲခွင့်ရှိ/မရှိဆိုတာကတော့ မသေချာသေးပါဘူး။
အခုလိုကြေညာလိုက်ပြီးနောက် ရူဘယ်လ်ငွေကြေးတန်ဖိုးမှာ ဒေါ်လာငွေ ၉၅ ဒေါ်လာမြင့်တက်လာခဲ့ပါတယ်။ဒါပေမဲ့ ဒေါ်လာငွေ ၁၀၀ အောက်မှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး ၉၇.၇ ဒေါ်လာနဲ့အပြီးသတ်ခဲ့ကာ ဖေဖော်ဝါရီ ၂၄ ရက်နေ့နောက်ပိုင်း ၂၂ ရာခိုင်နှုန်းကျော်အထိ တန်ဖိုးကျဆင်းသွားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ဥရောပအချို့မှ ဓာတ်ငွေ့လက်ကားရောင်းဈေးဟာ ၃၀ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး ဗြိတိန်နဲ့နယ်သာလန်တို့ မှ ဓာတ်ငွေ့လက်ကားရောင်းဈေးတွေ ခုန်တက်လာခဲ့ပါတယ်။
ဥရောပနိုင်ငံတွေရဲ့ ဓာတ်ငွေ့သုံးစွဲမှု ၄၀ ရာခိုင်နှုန်းလောက်က ရုရှားဓာတ်ငွေ့တွေဖြစ်ပါတယ်။ ယခုနှစ်အတွင်း ရုရှားမှတင်ပို့ လာတဲ့ဓာတ်ငွေ့ဈေးနှုန်းဟာ ဥရောပမှာ တစ်နေ့အတွင်း ယူရိုသန်း ၂၀၀ မှ သန်း ၈၀၀ ကြားအတက်အကျရှိနေခဲ့ပါတယ်။
"စာချုပ်ပါအချက်အလက်တွေအတိုင်း ပုံသေဈေးနှုန်းပုံသေပမာဏအတိုင်း သဘာဝဓာတ်ငွေ့များဆက်လက်ထောက်ပံ့သွားမှာပါ။ ပေးချေရမယ့်ငွေကြေးသာ ပြောင်းလဲမှာဖြစ်ပြီး ရုရှားငွေကြေးရူဘယ်လ်ကို ပြောင်းလဲသွားမှာဖြစ်ပါတယ်" လို့ အစိုးရဝန်ကြီးများအွန်လိုင်းအစည်းအဝေးပွဲမှာ 'ပူတင်'ကပြောကြားခဲ့ပါတယ်။
ရုရှားဓာတ်ငွေ့တွေကို အခြားနိုင်ငံမှဝယ်ယူသူတွေရှိလာတာကြောင့် 'ပူတင်'က စာချုပ်ပါအချက်အလက်တွေကို ချိုးဖောက်ချင်နေတာဖြစ်ကြောင်း ဂျာမနီစီးပွားရေးဝန်ကြီး'ရောဘတ်ဟာဘက်'က တုန့်ပြန်လိုက်ပါတယ်။
ပိုလန်အစိုးရအရာရှိတစ်ဦးက "လက်ရှိစာချုပ်ပါ ငွေပေးချေမှုပုံစုံကိုပြောင်းလဲတာက သဘောတူညီမှုချိုးဖောက်ရာကျပါတယ်။ ယခုနှစ်ကုန် Gazprom ဓာတ်ငွေ့ကုမ္ပဏီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အခါ နောက်ထပ်စာချုပ်အသစ်ချုပ်ဆိုဖို့ ဆန္ဒမရှိတော့ပါဘူး" လို့ ပြောကြားလိုက်ပါတယ်။
နယ်သာလန်ဓာတ်ငွေ့ဖြန့်ဖြူးရေး Eneco က သူတို့ ဝယ်ယူတဲ့ဓာတ်ငွေ့ ၁၅ ရာခိုင်နှုန်းခန့်ကို ရုရှားဓာတ်ငွေ့ထုတ်လုပ်ရေးကုမ္ပဏီကြီး Gazprom မှ ဝယ်ယူထားတာဖြစ်ပြီး ယူရိုငွေနဲ့ပေးချေဖို့ နှစ်ရှည်စာချုပ်ချုပ်ဆိုထားပါတယ်။
Gazprom ကုမ္ပဏီက ဥရောပကို သူတို့ ရဲ့ဓာတ်ငွေ့ရောင်းချရာမှာ ရောင်းချမှု ၅၈ ရာခိုင်နှုန်းကို ယူရိုငွေ၊ ၃၉ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ၊ ၃ ရာခိုင်နှုန်းကို စတာလင်ပေါင်ဖြင့် ရောင်းချပေးနေခဲ့ပါတယ်။
"ပြဿနာအခက်အခဲတွေကြားထဲ ဖြစ်ပေါ်လာနိုင်တာတွေအားလုံးကို မျှော်လင့်ထားပါတယ်။ လက်ရှိစာချုပ်တွေအရ ငွေကြေးပြောင်းလဲပေးချေဖို့က သိပ်ပြဿနာမရှိပါဘူး" လို့ ဘူလ်ဂေရီးယားနိုင်ငံမှ စွမ်းအင်ဝန်ကြီး'အလက်ဇန်ဒါနီကိုလော့ဗ်'က ဆိုဖီယာမြို့ မှာသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ရူဘယ်လ်ငွေကြေးလိုအပ်လာနိုင်တဲ့ ဥရောပမှဝယ်သူများနဲ့ဘဏ်များအတွက် ရုရှားဗဟိုဘဏ်ကနေ နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်တွေကို ထောက်ပံ့သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
Source: Reuters
#WorldHealth
Published - 24 March 2022
SK Bioscience ကုမ္ပဏီမှ စမ်းသပ်ထုတ်လုပ်လျက်ရှိတဲ့ ကိုဗစ်အားမြှင့်ကာကွယ်ဆေး(booster)ကို မျောက်တွေနဲ့စမ်းသပ်ခဲ့ရာမှာ အိုမီခရွန်မျိုးဗီဇကွဲကို တာရှည်ကာကွယ်နိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
မျောက်တွေကို ကနဦးကာကွယ်ဆေးနှစ်ကြိမ်ထိုးပေးပြီး ၆ လသို့မဟုတ် ၁၂ ကြာတဲ့အခါ အားမြှင့်ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။ ထို့နောက် အားမြှင့်ကာကွယ်ဆေးပါထိုးနှံထားတဲ့မျောက်တွေဆီက သွေးနမူနာယူပြီးစစ်ဆေးကြည့်ရာ မူလကိုရိုနာဗိုင်းရပ်စ်နဲ့ အလွန်ကူးစက်မြန်အိုမီခရွန်မျိုးဗီဇကွဲတိုကိုကာကွယ်ပေးနိုင်တဲ့ ပဋိပစ္စည်း(antibody)ပမာဏ သိသိသာသာများနေတာကိုတွေ့ရှိခဲ့ကြောင်း bioRxiv ဝက်ဘ်ဆိုက်မှာ တနင်္ဂနွေနေ့ကဖော်ပြခဲ့ပါတယ်။
သူတို့ရဲ့ ခန္ဓာကိုယ်ခုခံအားဒုတိယအဆင့်ဟာလည်း ပိုမိုအားကောင်းလာပြီး တာရှည်ခံတာကိုတွေ့ရှိခဲ့ကြပါတယ်။ GBP510 လိုခေါ်တဲ့ကာကွယ်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ်မျက်နှာပြင်ပေါ်က စပိုက်ခ်ပရိုတိန်းရဲ့အဓိကအစိတ်အပိုင်းတွေကို ပွားယူပို့ဆောင်ပေးခြင်းဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကိုလှုံ့ ဆော်ပေးတာဖြစ်ပါတယ်။
ပရိုတိန်းအစိတ်အပိုင်းခွဲလေးတွေကို နာနိုအမှုန်တွေမှာကပ်တွယ်ကာ ဗိုင်းရပ်စ်ပုံစံလိုဖြစ်အောင် ဖန်တီးလိုက်ပါတယ်။ ဒီအစိတ်အပိုင်းတွေမှာ ခန္ဓာကိုယ်ခုခံအားစနစ်ကိုမြှင့်တင်ပေးတဲ့ GSK ကုမ္ပဏီမှ အားမြှင့်ပစ္စည်းတစ်မျိုးဖြင့် ဖြည့်စွက်ဖန်တီးထားပါတယ်။
"မူလကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး တစ်နှစ်အကြာ အားမြှင့်ကာကွယ်ဆေး(Booster)နဲ့ အားမြှင့်ပစ္စည်းပါထိုးနှံလိုက်တဲ့အခါ ပဋိပစ္စည်းတုန့်ပြန်မှုအလွန်တာရှည်ခံပြီး အိုမီခရွန်ကူးစက်မှုကိုကာကွယ်ပေးပါတယ်" လို့ ကယ်လီဖိုးနီးယားရှိ စတန်းဖိုဒ်တက္ကသိုလ်မှ 'ဘာလီပူလန်ဒရန်'က ပြောပြပါတယ်။ GBP510 ကာကွယ်ဆေးကို လူသားတွေမှာစမ်းသပ်ဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။
Source: Reuters
#WorldHealth
Published - 24 March 2022
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမခံရတဲ့သူတွေထက်စာရင် ကိုဗစ်ရောဂါဖြစ်ပွားခဲ့တဲ့သူတွေဟာ တစ်နှစ်အတွင်း ဆီးချိုရောဂါဒုတိယအမျိုးအစားဖြစ်ပွားလာနိုင်ချေများကြောင်း လူနာမှတ်တမ်းလေ့လာချက်များကို တနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။
ကိုဗစ်ရောဂါပြင်းထန်ခြင်းမရှိခဲ့တဲ့သူတွေမှာတောင် ဆီးချိုရောဂါဖြစ်လာနိုင်ချေရှိနေပြီး ကိုဗစ်ရောဂါလက္ခဏာပြင်းထန်စွာခံစားခဲ့ရသူများကတော့ ဆီးချိုရောဂါစတင်ဖြစ်ပွားလာနိုင်ချေပိုများခဲ့ပါတယ်။
စစ်မှုထမ်းဟောင်းဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့တဲ့ လူနာ ၁၈၁,၀၀၀ ကျော်ကို ၂၀၂၀ မတ်လ ၁ ရက်နေ့မှ ၂၀၂၁ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း မှတ်တမ်းအချက်အလက်များလေ့လာခဲ့ကြပါတယ်။
ဖြစ်ပွားရတဲ့အကြောင်းရင်းနဲ့ သက်ရောက်မှုကို သက်သေမပြနိုင်ပေမယ့် ဒီရောဂါနှစ်ခုကြားဆက်စပ်မှုရှိတာကိုတော့ တွေ့ရှိခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာ ၄၆ ရာခိုင်နှုန်းဟာ ဆီးချိုရောဂါဒုတိယအမျိုးအစား စတင်ဖြစ်ပွားခြင်း ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်ထိန်းသိမ်းဖို့ ကုသခြင်းများခံယူရတတ်ပါတယ်။
ဒီလေ့လာတွေ့ရှိမှုကို Lancet Diabetes & Endocrinology ဆေးပညာဂျာနယ်မှာ တနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။ ဆီးချိုရောဂါဒုတိယအမျိုးအစားဆိုတာက သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်း မလုံမလောက်ဖြစ်တာကြောင့် သကြားဓာတ်ပမာဏမြင့်တက်လာတာဖြစ်ပါတယ်။
ဆီးချိုရောဂါဒုတိယအမျိုးအစားက ကျောက်ကပ်၊ အာရုံကြော၊ သွေးကြော၊ နှလုံးတို့ကို ထိခိုက်တတ်ပါတယ်။
ကပ်ရောဂါကာလအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူတွေထဲက လူပေါင်း ၄၇၁ သန်းလောက် ဆီးချိုရောဂါခံစားရနိုင်ချေရှိနေကာ အမေရိကန်မှာ သန်းပေါင်း ၈၀ နီးပါးလောက်ရှိနေပြီး အထူးသဖြင့် ကိုဗစ်နောက်ဆက်တွဲလက္ခဏာများခံစားရသူတွေဖြစ်ပါတယ်။
ကိုဗစ်ရောဂါဖြစ်ဖူးတယ်ဆိုရင် ကိုယ့်ရဲ့သွေးတွင်းသကြားဓာတ်ကို သတိထားစောင့်ကြည့်သင့်ကြောင်း စိန့်လူးဝစ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာမှ သုတေသနဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲ'ဇိုင်ယက်အယ်လ်အလီ'က ပြောကြားလိုက်ပါတယ်။
စစ်မှုထမ်းဟောင်းဌာနမှကိုဗစ်လူနာများဟာ သာမန်ထက်အသက်အရွယ်ကြီးသူတွေများပြီး လူဖြူများနဲ့ အမျိုးသားအရေအတွက်ပိုများပါတယ်။ ဒါပေမဲ့ဒီလေ့လာမှုမှာ လူအများအပြားပါဝင်တဲ့အတွက် တွေ့ရှိချက်တွေကယုံကြည်ရတဲ့အနေအထားဖြစ်ကြောင်း 'အယ်လ်အလီ'ကဆိုပါတယ်။
ဆီးချိုဖြစ်ပေါ်လာနိုင်တဲ့သူတွေထဲမှာ လူပေါင်းစုံပါဝင်နိုင်ပြီး အမျိုးသမီးများ၊ လူနည်းစုများ၊ အသက်ငယ်သူများ၊ ခန္ဓာကိုယ်အချိုးအစားမျိုးစုံတို့မှာလည်း ဖြစ်ပွားနိုင်ပါတယ်။
ဆီးချိုရောဂါပေါ်လာတဲ့သူတွေထဲမှာမှ ဒုတိယအမျိုးအစားဖြစ်ပွားသူ ၉၉ ရာခိုင်နှုန်းအထိရှိနေပါတယ်။
Source: The Washington Post.
Page 899 of 952