#WorldHealth
Published 30 April 2022
အက်စ်ပရင်ဆေးကို နေ့စဉ်သောက်သုံးနေရတဲ့ အသက် ၆၀ အထက်လူကြီးတွေကို ဆရာဝန်တွေက သတိပေးလိုက်ပါတယ်။
နှလုံးရောဂါနဲ့ နှလုံးသွေးကြောပိတ်ခြင်းအန္တရာယ်ကို ကာကွယ်ဖို့ အက်စ်ပရင်ကို နေ့စဉ်သောက်ကြတာက ထုံးတမ်းတစ်ခုလိုဖြစ်နေပါပြီ။
ဒါပေမဲ့ အမေရိကန်မှ ထိပ်သီးဆေးပညာရှင်အဖွဲ့က အက်စ်ပရင်သောက်လေ့ရှိတဲ့အကျင့်ကို ပြင်ဆင်ဖို့ အကြံပြုနေကြပါတယ်။
အက်စ်ပရင်က ခန္ဓာကိုယ်တွင်းသွေးကြောပေါက်ခြင်းဖြစ်နိုင်ကြောင်း သတိပေးလိုက်ပါတယ်။
နှလုံးရောဂါမျိုးရိုးလိုက်တဲ့ အသက် ၄၀ မှ ၅၉ နှစ်ကြားလူမျိုးတွေသာ အက်စ်ပရင်ကိုနေ့စဉ်သောက်သုံးသင့်ကြောင်း အမေရိကန်ရောဂါတိုက်ဖျက်ကာကွယ်ရေးအဖွဲ့(USPSTF)က ဆိုပါတယ်။
အသက် ၇၅ နှစ်ကျော်တဲ့လူကြီးတွေမှာတော့ ဆေးရဲ့အာနိသင်အကျိုးက အနည်းငယ်သာသက်ရောက်နိုင်တာမို့လို့ မသောက်သုံးသင့်တော့ပါဘူး။
ကိုယ်တွင်းသွေးစိမ့်ထွက်ခြင်းက အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ချေများလာတာကြောင့် အသက်ကြီးသူတွေမှာ အက်စ်ပရင်ရဲ့သက်ရောက်မှုက ဆိုးကျိုးသာပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီလိုညွှန်ကြားချက်က အခုမှအက်စ်ပရင်စတင်သုံးစွဲသူတွေအတွက်သာ ရည်ညွှန်းတာဖြစ်ပါတယ်။
သုံးစွဲနေကျသူတွေကတော့ ဆရာဝန်များနဲ့မတိုင်ပင်ဘဲ သုံးစွဲခြင်းကိုမရပ်တန့်သင့်ပါဘူး။
၂၀၁၉ ခုနှစ်က ယူကေလေ့လာမှုတစ်ခုမှာ အက်စ်ပရင်က ကိုယ်တွင်းသွေးကြောပေါက်ခြင်းအန္တရာယ် ၅၀ ရာခိုင်နှုန်းနီးပါးပိုများစေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အက်စ်ပရင်သုံးစွဲသူတွေမှာ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကိုလျှော့ချပေးနိုင်ပေမယ့်လည်း သွေးယိုစိမ့်ခြင်းအန္တရာယ်ကလည်း အလားတူဖြစ်နိုင်ချေရှိနေပါတယ်။
အက်စ်ပရင်သုံးစွဲဖို့ကို လူနာနဲ့ဆရာဝန်ဆွေးနွေးတိုင်ပင်သင့်ပြီး သွေးယိုစိမ့်နိုင်တဲ့အန္တရာယ်နဲ့ ချိန်ညှိပြီးဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
အနာသက်သာစေတဲ့ဆေးလည်းဖြစ်တဲ့ အက်စ်ပရင်ဟာ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာဖြစ်နိုင်ချေတွေကိုလည်း လျှော့ချပေးနိုင်တယ်လို့ ယူဆထားကြပါတယ်။
Source: New York Post.
#Yangon_Media_Group
Published 29 April 2022
ရောဘတ်ဒီနဲရိုးဟာ ဧပြီ၂၈ရက် ကြာသပတေးနေ့က လာဗီးဂက်စ်မှာကျင်းပတဲ့ ရုပ်ရှင်ရုံပိုင်ရှင်များရဲ့ နှစ်ပတ်လည်ညီလာခံကို စုဝေးရောက်ရှိလာကြတဲ့ ရုံပိုင်ရှင်တွေကို ပြသတဲ့ ရုပ်ရှင်အထူးပွဲရဲ့ လိုင်းရင်းဂိတ် ကော်ဇော်နီလမ်းမှာ လျှောက်လှမ်းခဲ့ပါတယ်။ ဒီနဲရိုးဟာ "About my Father" ဇာတ်မြူးကားထဲမှာ လူရွှင်တော် ဆီဘက်ရှန် မန်နစ်ကာလ်ကို ရဲ့ တကယ့်ဘဝကို သရုပ်ဆောင်ခဲ့ပါတယ်။ ပါဝင်သရုပ်ဆောင်သူတွေတော်တော်များများဟာ အီတလီ-အမေရိကန်တွေဖြစ်လို့ ရိုက်ကွင်းမှာ လူတိုင်း တစ်ဦးနှင့်တစ်ဦးသိကြပြီး နားလည်မှုရှိကြတယ်လို့ ရောဘတ်ဒီနဲရိုးက ပြောပါတယ်။
Source AFP
#WorldWildlife
Published 29 April 2022
မျိုးသုဉ်းပျောက်ကွယ်တော့မယ့်အန္တရာယ်ရင်ဆိုင်နေရတဲ့ အမောက်ဖြူမျောက်တစ်ကောင်ကို ကိုလံဘီယာတိရိစ္ဆာန်ရုံတစ်ခုမှာ ဧပြီ ၁၂ ရက်နေ့က မွေးဖွားခဲ့ကြောင်း ကြေညာလိုက်ပါတယ်။
#Yangon_Media_Group
Published 29 April 2022
ရုရှားသမ္မတဗလာဒီမာပူတင်ဟာ G20 ထိပ်သီးအစည်းအဝေးတက်ရောက်မှာဖြစ်ပြီး ယူကရိန်းခေါင်းဆောင် ဗိုလိုဒီမာ ဇီလင်စကီးကိုလည်း တက်ရောက်ဖို့ဖိတ်ကြားခဲ့တယ်လို့ G20 အစည်းအဝေးရဲ့ အိမ်ရှင်နိုင်ငံ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုမိုက ဧပြီ ၂၉ရက်က ပြောပါတယ်။ ယူကရိန်းကိုကျူးကျော်မှုကြောင့် ရုရှားကို အဲဒီအစည်းအဝေးတက်ခွင့်မပေးဖို့ အနောက်နိုင်ငံတွေရဲ့ဖိအားနှင့်ပတ်သက်ပြီး ညှိနှိုင်းပြီး သဘောတူညီမှုရခဲ့တာကြောင့်ဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဇီလင်စကီးက အင်ဒိုနီးရှားထံမှ လက်နက်အကူအညီတောင်းခံခဲ့ပေမယ့် အင်ဒိုနီးရှားရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံခြားရေးမူဝါဒတို့အရ အခြားနိုင်ငံတွေကို လက်နက်အကူအညီပေးလို့မရတဲ့အကြောင်း သူပြန်ပြောခဲ့တယ်လို့ အင်ဒိုသမ္မတက ပြောပါတယ်။
Source AFP
#DailyNews
Published -29 April 2022
၁။ ဒေါ်လာနှင့် စက်သုံးဆီဂယက်ကြောင့် ပြည်တွင်းကားစျေးနှုန်းတွေ မြင့်တက်လာ။
၂။ မွေးစမှ(၅)နှစ်အရွယ်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများ ပြန်လည်ထိုးနှံပေးရန်လို။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကိုလံဘီယာတိရိစ္ဆာန်ဥယျဉ်တွင် ရှားပါးသော အမောက်ဖြူမျောက်တစ်ကောင်မွေးဖွား...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Ukraine_Crisis
Published 29 April 2022
ယူကရိန်းနိုင်ငံအနှံ့အပြားကို ရုရှားတို့ကကြာသပတေးနေ့က ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ရက်သတ္တပတ်များအတွင်း ရုရှားတပ်များဆုတ်ခွာသွားပြီးနောက် ကုလသမဂ္ဂထွေချုပ်က မြို့တော်ကိဗ်ကို လာရောက်လည်ပတ်စဉ်မှာ ဗုံးကျဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
ကိဗ်မြို့တိုက်ခိုက်ခံရမှုအတွင်း အရပ်သားတစ်ဒါဇင်နီးပါးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဆောက်အဦနှစ်ခုထိမှန်ခဲ့ကာ အပျက်အစီးတွေကြား ပိတ်နေခဲ့ကြသူများရှိသလို အရပ်သားတစ်ယောက်ကတော့ ခြေထောက်တစ်ချောင်း ဆုံးရှုံးခဲ့ရပါတယ်။
ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'နဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်'အန်တိုနီယိုဂူတာရက်စ်'တို့ တွေ့ဆုံဆွေးနွေးပြီးနောက် တစ်နာရီအကြာမှာ ဗုံးကျဲတိုက်ခိုက်ခဲ့ကြတာပါ။
'ဂူတာရက်စ်'နဲ့အဖွဲ့ကတော့ ဘေးကင်းစိတ်ချရပြီဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုပါတယ်။
ယူကရိန်းအနောက်ဘက်က ပိုလန်နီ၊ ဘီလာရုစ်နယ်စပ်အနီးက ခါနီဟစ်ဗ်၊ မြို့တော်အနောက်တောင်ဘက်ရှိ ရထားလမ်းစုံဖက်စ်တစ်ဗ်အပါအဝင် နိုင်ငံအနှံ့အပြားမှာ ပေါက်ကွဲမှုများဖြစ်ပွားခဲ့တယ်လို့ သတင်းပေးပို့လာကြပါတယ်။
ယူကရိန်းတောင်ဘက်မှ အိုဒီဆာမြို့တော်ဝန်က ဒုံးကျည်တွေကို ဝေဟင်ပစ်ကာကွယ်ရေးလက်နက်များဖြင့် တားဆီးနိုင်ခဲ့ကြောင်း အကြောင်းကြားလာပါတယ်။
အရှေ့ဘက်ရှိ စက်မှုဇုံအချက်အခြာ ဒွန်ဘက်စ်ဒေသကို ရုရှားတို့က အဓိကအာရုံစိုက်တိုက်ခိုက်နေတယ်လို့ ယူကရိန်းအာဏာပိုင်များ အကြောင်းကြားလာကြပြီး ရုရှားသမ္မတအိမ်တော်ခရမ်မလင်နန်းတော်ကတော့ သူတို့ရဲ့ အဓိကပစ်မှတ်တွေက ဒွန်ဘက်စ်ဒေသအပြင်ဘက်ရှိ ခါကိဗ်မြို့အနီးတဝိုက်ဖြစ်ကြောင်း အသိပေးထားပါတယ်။
နိုင်ငံတောင်ဘက်ရှိ မာရီယူပိုလ်ဆိပ်ကမ်းမြို့က သံမဏိစက်ရုံမှာ ယူကရိန်းတိုက်ခိုက်ရေးသမားများ အလုံပိတ်ခုခံလျက်ရှိကာ မြို့ထဲမှာ သန့်ရှင်းတဲ့သောက်သုံးရေမရရှိပါက ကာလဝမ်းရောဂါနဲ့ သွေးဝမ်းရောဂါကဲ့သို့ ရောဂါဆိုးအန္တရာယ်ကျရောက်လာနိုင်ကြောင်း အာဏာပိုင်တွေကသတိပေးထားလိုက်ပါတယ်။
မာရီယူပိုလ်မြိုမှ သောင်းပေါင်းများစွာသောအရပ်သားထွက်ပြေးရာရထားဘူတာရုံတည်ရှိတဲ့ ဇာပိုရစ်ဇ်ဇီယာမှာ ဒုံးကျည်ဖြင့်တိုက်ခိုက်ခံရမှုကြောင့် အသက် ၁၁ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အနည်းဆုံး ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
မြိုတော်အပြင်ဘက်ရှိ မြိုလေးတွေမှအပျက်အစီးများကို 'ဂူတာရက်စ်'လှည့်လည်စစ်ဆေးခဲ့ပြီး စစ်ပွဲရဲ့အကျည်းတန်မှုကို မြင်တွေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့လက ယူကရိန်းတပ်များအပြင်းအထန်ခုခံကြရာ ဧပြီအစောပိုင်းက ရုရှားတပ်များဆုတ်ခွာသွားပြီးနောက် ဘူချာမြို့လိုမျိုးနေရာတွေမှာ အရပ်သားအစုလိုက်အပြုံလိုက်သေဆုံးနေတာကို တွေ့ရှိခဲ့ပြီး ရုရှားရဲ့လုပ်ရပ်ကို 'ဂူတာရက်စ်'က ရှုတ်ချဝေဖန်လိုက်ပါတယ်။
ယခုတိုက်ခိုက်မှုအတွင်း ကိဗ်မြို့တော်ပေါက်ကွဲခဲ့မှုမှာ အဆောက်အဦနှစ်ခုပျက်စီးခဲ့ပြီး လူ ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအရေးပေါ်ကယ်ဆယ်ရေးက ပြောကြားလိုက်ပါတယ်။
ကိဗ်မြို့တော်အနောက်မြောက်ဘက်ရှိ ရှက်ဗ်ချန်ကိဗ်စကီခရိုင်မှာ အရပ်သားများကပြန်ရောက်လာကြပြီး ကော်ဖီဆိုင်နဲ့ အခြားစီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နေကြကာ လူအများအပြား အပြင်ထွက်အပန်းဖြေနေခဲ့ကြချိန်မှာ အခုလိုပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
Source: AP News
#Yangon_Media_Group
#WorldHealth
Published 29 April 2022
သွေးတိုးဝေဒနာခံစားနေရပြီး နေ့စဉ်သွေးပေါင်ကျဆေးသောက်သုံးနေရသူများအနေနဲ့ မကြာခင်ထိုးဆေးဖြင့် ကုသနိုင်တော့မှာဖြစ်ပါတယ်။
အဆိုပါထိုးဆေးကို ၆ လခြားပြီးတစ်နှစ် ၂ ကြိမ်ထိုးနှံရကာ အမျိုးသားကျန်းမာရေ;ဝန်ဆောင်မှု(NHS)မှ လူနာများနဲ့ လက်ရှိစမ်းသပ်လျက်ရှိပါတယ်။
သွေးပေါင်ကျထိုးဆေးကို လာမယ့် ၃ နှစ်မှ ၅ နှစ်အတွင်းရရှိနိုင်မယ်လို့ ပညာရှင်များမျှော်လင့်လျက်ရှိပြီး အင်္ဂလန်မှ သွေးတိုးရောဂါရှင် ၁၄ သန်းအတွက် အားထားရာဖြစ်လာနိုင်မှာဖြစ်ပါတယ်။
Zilebesiran သွေးပေါင်ကျဆေးဟာ angiotensinogen ပရိုတိန်းကိုပစ်မှတ်ထားတာဖြစ်ပါတယ်။
angiotensinogen ကို အသည်းမှထုတ်လုပ်ပြီး သွေးပေါင်ချိန်ထိန်းညှိရာမှာ အရေးပါပါတယ်။
ဒီထိုးဆေးက လူနာရှင်တွေအတွက် လက်တွေ့ထိရောက်မှုရှိစေမှာဖြစ်ပြီး နေ့စဉ်ဆေးသောက်ဖို့မေ့လျော့တတ်တဲ့အခြေအနေမျိုးမှ ကင်းဝေးစေမှာပါ။
Alnylam Pharmaceuticals နဲ့ NIHR တို့မှ ထောက်ပံ့တဲ့စမ်းသပ်မှုမှာ zilebesiran ထိုးဆေးရဲ့ဘေးကင်းစိတ်ချရမှုနဲ့ သွေးတိုးရောဂါဝေဒနာရှင်တွေမှာ သွေးပေါင်ချိန်ကိုဘယ်လောက်အထိ ထိရောက်စွာထိန်းချုပ်နိုင်သလဲဆိုတာကို လေ့လာမှာဖြစ်ပါတယ်။
အသုံးအများဆုံး သွေးပေါင်ကျဆေးတွေဖြစ်တဲ့ ACE inhibitors တွေဟာ သွေးကြောကျဉ်းပြီးသွေးပေါင်တက်စေတဲ့ပရိုတိန်းအင်ဇိုင်းကို တားဆီးပေးပါတယ်။
လူနာ ၈၄ ယောက်ကို ပထမအဆင့်စမ်းသပ်မှုပြုလုပ်ရာမှာ ဆေးတစ်ကြိမ်ထိုးခြင်းဖြင့် ၃ ပတ်နောက်ပိုင်း ဟော်မုန်းပမာဏ ၉၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။
အဲဒီနောက် သွေးပေါင်ချိန်ထိန်းသိမ်းပေးတဲ့အာနိသင်က ၁၂ ပတ်ကျော်ကြာရှည်ခံတာကြောင့် သိပ္ပံပညာရှင်တွေက ဒီထက်တာရှည်ခံစေနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
အဆိုပါထိုးဆေးကို အရေပြားအောက်ထိုးသွင်းရတာဖြစ်ပြီး တစ်နှစ် ၂ ကြိမ်ထိုးနှံရမှာဖြစ်ပါတယ်။
အမေရိကန်မှာ သွေးတိုးရောဂါကုသခံနေရသူ ၃၄ သန်းရှိနေပါတယ်။
သွေးတိုးရောဂါက သိသားထင်ရှားတဲ့ဝေဒနာမျိုးမတွေ့ရတတ်ပေမယ့် မကုသဘူးဆိုရင်တော့ နှလုံးရောဂါနဲ့ နှလုံးသွေးကြောပြတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
တစ်နှစ် ၂ ကြိမ်ထိုးဆေးဖြင့်ကုသခြင်းက အချိန်အတိုင်းအတာတစ်ခုအထိ တာရှည်ခံမယ်ဆိုပါက နေ့စဉ်ဆေးသောက်နေရတဲ့လူနာတွေအတွက် အစားထိုးကုသနိုင်တော့မှာဖြစ်ပါတယ်။
Source: DailyMail
#Yangon_Media_Group
Page 898 of 983