#WorldCrime
Published 11 July 2022
ဂျပန်နိုင်ငံရဲ့ သက်တမ်းအကြာရှည်ဆုံးခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း'ရှင်ဇိုအာဘေး'ကို လုပ်ကြံပစ်သတ်ခဲ့တဲ့ တရားခံဟာ လုပ်ကြံရာမှာအသုံးပြုခဲ့တဲ့သေနတ်ပြုလုပ်ဖို့အတွက် ယူကျူ့ဘ်ကနေကြည့်ရှုခဲ့ကြောင်း စုံစမ်းရေးသတင်းအရင်းအမြစ်တွေကနေ တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါတယ်။
အသက် ၄၁ နှစ်ရှိ'တက်ဆုယာယာမာဂါမီ'က သူမကျေမနပ်ဖြစ်နေတဲ့ ဘာသာရေးအဖွဲ့အစည်းတစ်ခုနဲ့ဆက်နွယ်နေတဲ့ စက်ရုံတစ်ခုမှာ လက်လုပ်သေနတ်တစ်ခုကို စမ်းသပ်ခဲ့တယ်လို့ ဝန်ခံခဲ့ကြောင်း သတင်းအရင်းအမြစ်တွေမှာ ဖော်ပြထားပါတယ်။
ထိုအဖွဲ့အစည်းဟာ 'အာဘေး'နဲ့လည်းဆက်စပ်နေပြီး 'ယာမာဂါမီ'ရဲ့အမေကလည်း အဆိုပါ အဖွဲ့အစည်းကို လှူဒါန်းမှုကြီးတစ်ခုပြုလုပ်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။
နာရာစီရင်စုနယ်ရဲတပ်ဖွဲ့က 'ယာမာဂါမီ'ဟာ ကြိုတင်စီစဉ်ထားတဲ့လုပ်ကြံမှုကိုမပြုလုပ်ခင်မှာ သေနတ်ကိုစမ်းသပ်ခဲ့တယ်လို့ ယူဆနေကြပါတယ်။
ရွေးကောက်ပွဲအတွက် မဲမပေးခင် ၂ ရက်အလို သောကြာနေ့မှာ ဂျပန်အနောက်ပိုင်းနာရာမြို့ရှိ မီးရထားဘူတာရုံအပြင်ဘက်၌ အသက် ၆၇ နှစ်ရှိ'အာဘေး'က အောက်လွှတ်တော်ရွေးကောက်ပွဲမိန့်ခွန်းပြောကြားနေစဉ် 'ယာမာဂါမီ'က ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
လုပ်ကြံသတ်ဖြတ်ရတဲ့ ရည်ရွယ်ချက်က နိုင်ငံရေးလှုံ့ဆော်မှုအရ မဟုတ်ကြောင်း 'ယာမာဂါမီ'ကငြင်းဆန်ခဲ့ကာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအဖွဲ့ရဲ့ အမှုဆောင်တစ်ဦးကို အစကပစ်မှတ်ထားခဲ့ပြီးနောက် ထိုအဖွဲ့ရဲ့ခေါင်းဆောင်ဟောင်းကို လုပ်ကြံရန်ကြိုးပမ်းခဲ့တာဖြစ်ကြောင်း ရဲတွေဆီမှာဝန်ခံခဲ့ပါတယ်။
စီရင်စုနယ်ရဲတပ်ဖွဲရဲ့ပြောကြားချက်အရ 'အာဘေး'ကိုလုပ်ကြံခဲ့တဲ့သေနတ်နဲ့အလားတူ လက်လုပ်သေနတ်များစွာကို 'ယာမာဂါမီ'ရဲ့အိမ်ကနေ သိမ်းဆည်းရမိခဲ့ပြီး ယူကျူ့ဘ်ကနေကြည့်ရှုကာ သေနတ်ပြုလုပ်နိုင်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ရတဲ့ပုံစံမျိုး မြင်တွေ့ခဲ့ရပါတယ်။
'အာဘေး'ကို ပစ်ခတ်ခဲ့တဲ့သေနတ်က ကျည်ဆံ ၆ တောင့်ထည့်သွင်းပစ်ခတ်နိုင်တဲ့ သေနတ်ဖြစ်ပါတယ်။
သတ္တုပိုက်နှစ်ခုကို တိပ်ဖြင့်တွဲချည်ထားပြီး ပလတ်စတစ်ဘူးခွံထဲက ကျည်ဆံတွေက ပြောင်းနှစ်ခုစလုံးကနေထွက်နိုင်တာကြောင့် ပြောင်းချောအနီးပစ်သေနတ်နဲ့ဆင်တူကြောင်း ဖော်ပြထားပါတယ်။
သေနတ်စမ်းသပ်ရင်း အပေါက်တွေကျန်ခဲ့တယ်လို့ယူဆရတဲ့ ၁ စတုရန်းမီတာအရွယ်အစားရှိ သစ်သားပြားတွေကို 'ယာမာဂါမီ'ရဲ့ကားထဲကနေတွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် ယမ်းမှုန့်တွေအခြောက်ခံတဲ့နေရာမှာအသုံးပြုတဲ့ အလူမီနီယမ်အုပ်ဗန်းကိုလည်း တွေ့ခဲ့ရပါတယ်။
'ယာမာဂါမီ'က ဗုံးတစ်လုံးပြုလုပ်ရန်လည်းကြိုးပမ်းခဲ့ပေမယ့် စမ်းသပ်ရာမှာ အမှားအယွင်းတွေဖြစ်နေတာကြောင့် မအောင်မြင်ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။
ရေကြောင်းကာကွယ်ရေးတပ်သားဟောင်းတစ်ဦးဖြစ်တဲ့ 'ယာမာဂါမီ'ကို အမှုဖြစ်ပွားရာနေရာမှာပဲ ရဲတွေကဖမ်းဆီးရမိခဲ့ပြီး လူသတ်မှုဖြင့် အစိုးရရှေ့နေများထံ တနင်္ဂနွေနေ့က ပို့ဆောင်ခဲ့ပါတယ်။
'အာဘေး'ကတော့ ဘယ်ဘက်လက်မောင်းနဲ့ လည်ပင်းတိုမှာ သေနတ် ၂ ချက်ထိမှန်ခဲ့ပြီး သွေးထွက်လွန်ကာကွယ်လွန်သွားခဲ့ပါတယ်။
'အာဘေး'မိန့်ခွန်းမပြောခင်က ကင်တက်ဆုမီးရထားရဲ့ ယာမာတိုဆိုင်ဒိုင်ဂျီဘူတာရုံနားတဝိုက်မှာ လှည့်လည်သွားလည်ခဲ့တယ်လို့ ရဲတွေထံဝန်ခံခဲ့ပါတယ်။
လုံခြုံရေးကင်မရာမှာ ဖမ်းယူရရှိခဲ့တဲ့သက်သေများအရ ပစ်ခတ်မှုမဖြစ်ခင် တစ်နာရီခွဲအလို မနက် ၁၀ နာရီအချိန်မှာ ဘူတာရုံသို့ရောက်ရှိခဲ့ပြီး ဆိုင်အများအပြားကို ဝင်ထွက်သွားလာခဲ့ပုံတွေကိုလည်း ရိုက်ကူးမိခဲ့ပါတယ်။
Source: KYODO NEWS
#Yangon_Media_Group
#WorldNews
Published 11 July 2022
လေယာဉ်မှူးဖြစ်လာရန် အလုပ်သင်လေ့ကျင့်နေတဲ့ ဗြိတိန်အမျိုးသမီးငယ်တစ်ဦးဟာ ဘယ်လ်ဂျီယမ်ကိုရောက်ရှိနေစဉ် ခြင်ကိုက်ခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့ပါတယ်။
‘အော်ရီယာနာပက်ပါ’ဟာ ၂၀၂၁ ဇူလိုင်လက အန်တွာ့ပ်မြို့ကိုရောက်နေစဉ် ခြင်ကိုက်ခံရပြီး ရောဂါပိုးဝင်ရောက်ကာ ဦးနှောက်သို့ကူးစက်သွားခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ်အမျိုးသမီးဟာ ညာဘက်မျက်လုံးနားက အကိုက်ခံရတဲ့နေရာဟာ ဖူးရောင်လာသဖြင့် အရေးပေါ်သို့တက်ရောက်ခဲ့ရပါတယ်။
သူ့အတွက် ပိုးသတ်ဆေးများအသုံးပြုဖို့ ဆေးညွှန်းပေးလိုက်ပြီး အိမ်ပြန်လွှတ်လိုက်ပါတယ်။
ဒါပေမဲ့ နောက် ၂ ရက်မှာ လဲကျသွားခဲ့ပြီး ရည်းစားဖြစ်သူက ဆေးရုံသို့ပြန်ခေါ်လာခဲ့ပါတယ်။
ခြင်ကိုက်ခံရပြီး ၅ ရက်အကြာ ၂၀၂၁ ဇူလိုင် ၁၂ ရက်နေ့မှာ သေဆုံးခဲ့ပြီး အကြောင်းအရင်းကတော့ ရောဂါပိုးဝင်ကာ သွေးကြောပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။
မွေးရပ်မြေမှ မှုခင်းစုံစမ်းစစ်ဆေးရေးအရာရှိ’နိုင်ဂျယ်ပါ့စ်လေ’က သူမဟာ ခြင်ကိုက်ခံရပြီးနောက် ရောဂါပိုးက နဖူးအထိကူးစက်လာတာကြောင့်လို ရှင်းပြပါတယ်။
အရင်ကလည်း တစ်ခါမှမကြားဖူးကြောင်း၊ ဘဝရှေ့ရေးဖြောင့်ဖြူးနေတဲ့မိန်းကလေးတစ်ယောက် ကံမကောင်းအကြောင်းမလှဖြစ်ရတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
BBC ရဲ့ဖော်ပြချက်အရ ‘ပက်ပါ’ဟာ EasyJet ရဲ့ သီအိုရီစာမေးပွဲကို အလွယ်တကူအောင်မြင်ပြီး နောက်ထပ်လေ့ကျင့်မှုများပြုလုပ်ဖို့ ဘယ်လ်ဂျီယမ်သို့သွားခဲ့ပါတယ်။
ရည်းစားဖြစ်သူ’ဂျိမ်းစ်’က သူတို့နှစ်ယောက်အဲဒီကိုရောက်ရှိစဉ် ခဏခဏခြင်ကိုက်ခံရပေမယ့် ဒေသခံတွေကတော့ ဒါဟာပုံမှန်ရာသီချိန်ကြောင့်ဖြစ်ကြောင်း ဖြေကြားခဲ့ကြတယ်လို့ ဆိုပါတယ်။
‘ပက်ပါ’ရဲ့အဖေ’ထရစ်ရှ်တန်’က သူ့သမီးနဲ့အတူ လေယာဉ်ပျံသန်းရတာသဘောကျပြီး အစ်ကိုဖြစ်သူကလည်း အလုပ်သင်လေယာဉ်မှူးဖြစ်ပါတယ်။
“သမီးက သူချစ်တဲ့သူနဲ့လည်း တွေ့ထားပြီ၊ လေယာဉ်မှူးဖြစ်ဖို့လည်း လေ့ကျင့်နေပြီ၊ ဖြစ်ချင်တာတွေ ဖြစ်လာခဲ့တာပါ”လို့ အဖေကပြောကြားသွားပါတယ်။
Source: New York Post.
#Yangon_Media_Group
#WorldInnovation
Published 11 July 2022
သွားတိုက်တံတွေနေရာမှာ အီလက်ထရစ်သွားတိုက်တံများဖြင့် အစားထိုးသုံးစွဲလာကြသလို အခုဆိုရင်စက်ရုပ်ငယ်ဖြင့် ခံတွင်းသန့်ရှင်းရေးလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေက ပုံသဏ္ဍာန်ပြောင်းလဲနိုင်တဲ့ စက်ရုပ်လေးတွေကိုအစုလိုက်ဖန်တီးပြီး ခံတွင်းထဲမှာ သွားတိုက်ခြင်း၊ ပလုတ်ကျင်းခြင်း၊ သွားကြားထိုးခြင်းတို့ကို တပြိုင်တည်း ပြုလုပ်ပေးနိုင်ပါတယ်။
ပန်ဆယ်လ်ဗေးနီးယားတက္ကသိုလ်မှ သုတေသီများရဲ့ ဖော်ပြချက်အရ ထိုပစ္စည်းဟာ လက်နဲ့ကိုင်ထားစရာမလိုတဲ့အပြင် သွားပိုးစားခြင်းကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားကုသပေးနိုင်ပါတယ်။
ဒီပစ္စည်းဟာ ကိုယ်တိုင်ခံတွင်းသန့်ရှင်းရေး မလုပ်နိုင်တဲ့သူတွေအတွက် အလွန်အသုံး ဝင်နိုင်ပါတယ်။
အဆိုပါ စက်ရုပ်လေးတွေကို အိုင်းယွန်းအောက်ဆိုဒ်နာနိုအမှုန်များဖြင့် ပြုလုပ်ထားပြီး ဓာတ်ပြောင်းလဲခြင်းနဲ့ သံလိုက်လှိုင်းလှုပ်ရှားမှုများ ပါဝင်ပါတယ်။
သံလိုက်လှုပ်ရှားမှုအရ သွားချေးတွေကိုဖယ်ရှားဖို ပုံစံပြောင်းလဲလာသလို သွားကြားထဲ သန့်ရှင်းဖို့အတွက်လည်း ပြောင်းလဲပေးနိုင်ပါတယ်။
ဓာတ်ပြောင်းလဲခြင်းလှုပ်ရှားမှုဖြင့် ခံတွင်းထဲက အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။
သုတေသီအဖွဲ့က သွားအစစ်တွေနဲ့စမ်းသပ်ရာမှာလည်း စက်ရုပ်လေးတွေက ပုံသဏ္ဍာန်ပြောင်းလဲသွားပြီး သွားနဲ့ခံတွင်းရောဂါတွေဖြစ်စေတဲ့ သွားဂျိုးတွေကိုလည်း သန့်ရှင်းပေးနိုင်တာကို တွေ့ခဲ့ရပါတယ်။
လူတွေက သွားတိုက်တယ်၊ သွားကြားထိုးတယ်၊ ပလုတ်ကျင်းကြပါတယ်။
ဒါတွေကို ကိုယ်တိုင်ကိုယ်ကျ တဆင့်ချင်းပြုလုပ်ကြပါတယ်။
တီထွင်လိုက်တဲ့စက်ရုပ်လေးကတော့ လက်ကကိုင်ထားစရာမလိုဘဲ ထိုလုပ်ငန်းစဉ်တွေကို အလိုအလျောက်တပြိုင်တည်း ပြုလုပ်ပေးပါတယ်။
ထုတ်လုပ်ထားတဲ့နည်းပညာတွေကတော့ အရင်ကနဲ့ကွာခြားသွားတာမဟုတ်ပါဘူး။
အိုင်းယွန်းအောက်ဆိုဒ်နာနိုအမှုန်တွေကို FDA အသိအမှတ်ပြုပြီးဖြစ်ပြီး စမ်းသပ်ချက်များအရ သွားဖုံးတစ်ရှူးတွေကို မထိခိုက်စေပါဘူး။
သွားတွေရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးအတိုင်း စက်ရုပ်လေးတွေက အလိုက်သင့် လှုပ်ရှားပွတ်တိုက်နိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။
အထူးသဖြင့် မသန်စွမ်းတဲ့သူတွေမှာ အကူအညီရစေမှာဖြစ်ပြီး ခံတွင်းကျန်းမာရေးကောင်းမွန်စေမှာ ဖြစ်ပါတယ်။
Source: DailyMail
#Yangon_Media_Group
Published 10 July 2022
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ တရုတ်နှင့် အဓိက ယှဉ်ပြိုင်နေတဲ့ နယ်ပယ်တစ်ခုဖြစ်တဲ့ အရှေတောင်အာရှမှာ အမေရိကန်ရဲ့ အသစ်တဖန်ပြန်လည်တွန်းအားပေးမှုအပေါ် ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဘလင်ကန်ဟာ သူ့ရဲ့ အရှေ့တောင်အာရှခရီးစဉ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရောက်ရှိနေရေး စိတ်ကူးအကြံဉာဏ်သစ်တွေကိုလည်း ရှာဖွေမှာဖြစ်ပါတယ်။
ဘလင်ကန်ဟာ အမေရိကန်နှင့်ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးတိုးချဲ့ရေး လက်မှတ်ရေးထိုးရင်း အာရှအတွက် အမေရိကန်ဦးဆောင်တဲ့စီးပွားရေးအစီအစဉ်နှင့် ရာသီဥတုပြောင်းလဲခြင်းများအပေါ် ထိုင်းနိုင်ငံရဲ့ လက်ခံယုံကြည်ဆောင်ရွက်မှုကိုလည်း ဘလင်ကန်က ထောက်ပြခဲ့ပါတယ်။
ဒေသအတွင်းမှာ ကျွန်တော်တို့အတွက် အရေးပါတဲ့ အင်ဒိုပစိဖိတ်လိုနေရာမှာ မဟာမိတ်နှင့် ပါတနာတစ်ဦးရှိနေတဲ့ ဒီအချိန် ထိုင်းနိုင်ငံကို ကျွန်တော်ရောက်ရှိတာ အထူးကျေနပ်မိပါတယ်. အာရှပစိဖိတ်ဟာ ၂၁ ရာစုရဲ့ အနာဂတ်အလားအလာကို နေ့စဉ်နှင့်အမျှ ပုံသွင်းပေနေပါတယ် လို့ ဘလင်ကန်က နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
ကျွန်တော်တို့နိုင်ငံတွေဟာ ပန်းတိုင်တူကြပါတယ်.. လွတ်လပ်ပွင့်လင်းပြီး အချင်းချင်းချိတ်ဆက်ကာ ချမ်းသာကြွယ်ဝ၊ ဒူပေနာပေခံပြီး လုံခြုံမှုရှိတဲ့ အင်ဒိုပစိတ်ဖိတ်ဒေသဖြစ်ဖို့ပါ။ ပြီးခဲ့တဲ့ နှစ်များအတွင်း ဒီမျှော်မှန်းမှုကိုရှေ့ရှုပြီး ပိုပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ် လို့သူက ဆက်ပြောပါတယ်။
အင်ဒိုပစိဖိတ် စီးပွားရေးမူဘောင်မှာ ကျွန်တော်တို့နှင့်အတူ စတင်ဆောင်ရွက်တဲ့ ထိုင်းရဲ့ မိတ်ဖက်ဖြစ်မှုကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဒါဟာ မိသားစုဝင်တွေကို ကူညီပေးမယ့် ပိုပြီးအားကောင်းမျှတပြီး ဒူပေနာပေခံတဲ့ စီးပွားရေးတစ်ရပ် ဖန်တီးရာမှာ အကူအညီဖြစ်စေပါလိမ့်မယ်.. အလုပ်သမားတွေကိုလည်းကူညီမယ် ဒေသတစ်လျောက် စီးပွားရေးလုပ်ငန်းတွေကိုလည်း ကူညီမှာပါလို့ သူကပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒွင်နိုင်းက ယနေ့မှာ ကျွန်တော်တို့ သဘောတူညီချက်လက်မှတ်ရေးခဲ့ကြပါတယ်.. ထိုင်း-အမေရိကန် ကြေညာချက်တစ်ခု လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်..ထိုင်း-အမေရိကန် မဟာဗျူဟာမြောက်မဟာမိတ်နှင့်မိတ်ဖက် သဘောတူ ကြေညာချက်ဟာ ကျွန်တော်တို့ရဲ့ ပိုမိုနီးကပ်တဲ့ မဟာမိတ်နှင့် ချစ်ကြည်ရင်းနှီးမှု ရေရှည်ဆံဆက်ရေးတို့ရဲ့ သက်သေတစ်ခုပါ။ ထိုင်းဟာ အာရှကို အမေရိကန်ရဲ့ တွန်းအားပေးမှုမှာ ကူညီနေပါတယ်လို့ ပြောပါတယ်။
ထိုင်းဟာ အမေရိကန်ရဲ့ ရှေးအကျဆုံး အာရှမဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ပြည်တွင်းစစ်ပွဲအတွင်းမှာ အီဘရာဟမ် လင်ကွန်းကို ဆင်တွေလှူခဲ့တာ နာမည်တွင်ကျန်ခဲ့ပါတယ်။ အဲဒီအပြင် တိုးတက်နေတဲ့ တရုတ်နှင့်လည်း အတူတကွလုပ်ဆောင်မှုတွေ တိုးမြှင့်နေတာဖြစ်ပါတယ်။
Source: AFP
Published 10 July 2022
တောင်အာဖရိကနိုင်ငံ ဂျိုဟန်စဘတ်မြို့ရဲ့ ဆိုဝီတိုမြို့နယ်က အရက်ဆိုင်တစ်ဆိုင်မှာ အစုလိုက်အပြုံလိုက် သေနတ်နှင့် ပစ်သတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးသေဆုံးပြီး အခြားသူတွေလည်း စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ရဲကပြောပါတယ်။
တနင်္ဂနွေညသန်းခေါင်အလွန်မှာ အမျိုးသားတစ်စုဟာ မီနီဘတ်စ်အငှားယာဉ်နှင့် အဲဒီဆိုင်ကိုရောက်ရှိလာကြပြီး ဆိုင်ထဲက အချို့သော စားသောက်နေသူတွေကို သေနတ်တွေနှင့်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရသူတွေကို ခရစ်ဟန်နီဘာရက်ဝန်နက်ဆေးရုံကို ပို့ဆောင်လိုက်ကြပါတယ်။
“ ကနဦးစစ်ဆေးချက်များအရ လူတွေဟာ လိုင်စင်ရ အရက်ဆိုင်မှာ သတ်မှတ်အချိန်အတွင်း ပျော်ရွှင်စွာ စားသောက်နေခဲ့ကြတာပါ” လို့ ဂါအူတန်ပြည်နယ် ရဲမင်းကြီး ဒုတိယဗိုလ်ချူပ်ကြီး အီလီယတ်စ် မာဝီလာကပြောပါတယ်။
ရုတ်တရက်သေနတ်သံကြားပြီးနောက် လူတွေဟာ ဆိုင်ထဲကနေ အပြင်ပေးထွက်သွားတာလောက်ပဲသိရပြီး အသေးစိတ်မသိကြရသေးပါဘူးလို့ သူကပြောပါတယ်။
ရိုင်ဖယ်နှင့် ၉ မမပစ္စတိုတို့ကို တိုက်ခိုက်ရာမှာသုံးခဲ့တာဖြစ်တယ်လို့ အမျိုးသားရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဒီမာကက်ဆိုဆီလိုကပြောပါတယ်။
ယခုဖြစ်ရပ်လိုပဲ စနေနေ့ညကလည်း ဆွိဝါတားမြို့နယ်ရဲ့ အရက်ဆိုင်တစ်ဆိုင်ထဲ အမည်မသိသေနတ်သမားတွေ ဝင်ပြီး သေနတ်နှင့်ပစ်လို့ လူလေးဦးသေဆုံးခဲ့ရသေးတယ်လို့လည်းသိရပါတယ်။
Source AP
Published 10 July 2022
အီလွန်မတ်စ်ရဲ့ ဖခင်ဖြစ်သူ အာရိုးမတ်စ်က သူ့သားရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ရိပ်ဖမ်းသံဖမ်းပြောလိုက်ပြီး သူ့သားဟာ နုံအပေမယ့် သမ္မတဝင်ရွေးရင် နိုင်မှာပဲလို့ဆိုပါတယ်။
တက်ဆ်လာရဲ့ အရှင်သခင်ဖြစ်တဲ့သူ့သားဟာ အိမ်ဖြူတော်အတွက် ဝင်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်ရင် နိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်း သည်ဆန်း သတင်းစာကိုပြောခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် တောင်အာဖရိကလူမျိုး အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး အသက် ၇၆နှစ်ရှိပြီဖြစ်တဲ့ အာရိုးမတ်စ်က သူနှင့်ခပ်တန်းတန်း ဆက်ဆံရေးသာရှိတဲ့ သားဖြစ်သူဟာ “နိုင်ငံရေးမှာ အတော်ရိုးအလွန်းတယ်” လို့ ပြောလိုက်ပါတယ်။
တွစ်တာကို ဝယ်မယ်လို့ ကမ်းလှမ်းလိုက်ပြီး တွစ်တာနှင့်သူ ဘာလုပ်ချင်တယ်ဆိုတာတွေကို ပြောဆိုခြင်းဖြင့် အီလွန်မတ်စ်ဟာ နိုင်ငံရေးထဲ အတင်းအကြပ် ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ထရမ့်ကိုထောက်ခံတဲ့ ဖခင်ဖြစ်သူ အာရိုးက သူ့သားအကြောင်းကို ပြောပါတယ်။
“ ဒီမိုကရက်တစ်ပါတီမှာ လေးချောင်းထောက်ပေါ် ရပ်တည်နေတာ။ အဲဒီထဲက တစ်ချောင်းက တွစ်တာဖြစ်တယ်။ အဲဒီခြေတစ်ချောင်းသာ ရိုက်ထုတ်ပစ်နိုင်ရင် စားပွဲပြုတ်ကျပြီ။ အဲဒါကြောင့် သူဟာ နိုင်ငံရေးထဲ ဝင်လာတာ သိသာတယ်” လို့ သူကပြောပါတယ်။
“သူ တွစ်တာကို မကမ်းလှမ်းခင်ကလေးတင် သူဟာ နိုင်ငံရေးမှတ်ချက်တွေပေးပြီး နိုင်ငံရေးထဲဝင်လာတာ ကျွန်တော် သတိပြုမိတယ်။ မင်းကိုယ်မင်း နိုင်ငံရေးအဝန်းအဝိုင်းထဲ ရောက်လာပြီုဆိုတာ သတိထားမိရဲ့လား၊ မင်းက လုံခြုံရေးကရော ကောင်လို့လားလို့ ကျွန်တော်မေးမိတယ်”လို့ အီလွန်မတ်ရဲ့ ဖခင်ကပြောပါတယ်။
“ သူ့လုံခြုံရေးကကောင်းတယ်လို့ သူကပြောတယ်။ ဟုတ်ပါပြီ အဲဒါဆို မင်းလုံခြုံရေးကို ဘယ်သူကစစ်ဆေးပေးနေလဲ၊ စစ်ဆေးနေတဲ့သူတွေကို ဘယ်သူကစစ်ဆေးနေလဲ..လို့ ကျွန်တော်မေးလိုက်ပါတယ်” လို့ သူကဆက်ပြောပါတယ်။
နိုင်ငံရေးမှာ မျှမျှတတကစားကြတယ်ဆိုတာ မရှိဘူးနော်လို့ ကျွန်တော်က သူ့ကိုထပ်သတိပေးလိုက်ပါသေးတယ်လို့လည်း သူက ဆိုပါတယ်။
အီလွန်ဟာ သမ္မတကောင်းတစ်ဦးဖြစ်လာနိုင်သလားလို့ မေးတဲ့အခါ သူ့ဖခင်က “ အင်း.. ဒါပေမယ့် သူက ဘာထပ်ပြောသလဲ ဆိုတော့ သူလိုချင်တဲ့ တွစ်တာဟာ လူတိုင်းကို မျှမျှတတလှုပ်ရှားစေနိုင်လိမ့်မယ်တဲ့” လို့ ပြန်ဖြေပါတယ်။
ဒါပေမယ့်သူဟာ နိုင်ငံရေးမှာ နုံလွန်းအလွန်းတယ်။နိုင်ငံရေးဆိုတာ လူတိုင်း မျှမျှတတ အခွင့်အရေးပေးတာမဟုတ်ဘူး” လို့ အာရိုးက ပြောပါတယ်။
Source : The SUN
Published 10 July 2022
ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို ပစ်သတ်ခဲ့တဲ့ အမျိုးသားဟာ တကယ်တမ်းတော့ ဘာသာရေးအုပ်စုတစ်စုရဲ့ ခေါင်းဆောင်ကို သတ်ပစ်ဖို့ ကနဦးကြံရွယ်ခဲ့တာဖြစ်ပြီး အကြောင်းရင်းကတော့ သူ့မိခင်ဟာ အဲဒီကို လှူဒါန်းတာတွေကြောင့် ဒေဝါလီခံခဲ့ရတယ်လို့ သူယုံကြည်ခဲ့ကြတာကြောင့် စုံစမ်းစစ်ဆေးရေးသတင်းအရင်းအမြစ်တွေက ကျိုဒိုသတင်းဌာနကို ပြောပါတယ်။
အသက်၄၁နှစ်ရှိပြီဖြစ်တဲ့ တက်ဆူယာယာမာဂူချီဟာ သူ့အနေနှင့်လည်း ဝန်ကြီးချုပ်ဟောင်း အာဘေးကိုလည်း သတ်ဖို့ရည်ရွယ်ခဲ့တယ်လို့ပြောပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အာဘေးဟာ အဲဒီဘာသာရေးအုပ်စုကို ဂျပန်မှာ မြှင့်တင်ပေးနေလို့ဖြစ်တယ်လို့ ယုံကြည်ထားတာကြောင့် လို့ ပြောပါတယ်။
တနင်္ဂနွေနေ့မှာကျင်းပမယ့် အောက်လွှတ်တော်အမတ်တွေရွေးကောက်ပွဲမတိုင်ခင် အာဘေးက မဲဆွယ်စည်းရုံးခဲ့တဲ့ နေရာတွေကို သူထပ်ခါသွားရောက်ခဲ့တယ်လို့လည်း သူကပြောပါတယ်တဲ့။
အနောက်ဖက်က နာယာစီရင်စုရဲ့ဘူတာရုံတစ်ခုအနီး မိန့်ခွန်းပြောနေစဉ် နောက်ကျောကနေ သေနတ်နှင့်ပစ်ခံရပြီး ငါးနာရီ အကြာမှာ အာဘေး သေဆုံးခဲ့ရပါတယ်။အိမ်လုပ်သေနတ်နှင့်ပစ်ခတ်ခဲ့တဲ့ ယာမာဂူချီကို အခင်းဖြစ်ရာနေရာမှာပဲ ဖမ်းဆီးမိခဲ့ပါတယ်။
သူဟာ အာဘေးရဲ့ နိုင်ငံရေးယုံကြည်ချက်ကို ဆန့်ကျင်တဲ့သူဖြစ်လို့ သူ့အနေနှင့် မှုခင်းကျူးလွန်တာမဟုတ်ဘူးလို့ ယာမာဂူချီက ငြင်းဆိုခဲ့တယ်လို့ ရဲကပြောပါတယ်။
ရဲတွေက သူ့အိမ်ကို သောကြာနေ့မှာ ရှာဖွေတဲ့အခါ ယမ်းတွေနှင့် အိမ်လုပ်သေနတ်တွေဖြစ်ပုံရတဲ့ အရာတွေကို တွေ့ရှိခဲ့တယ်လို့ ရဲကပြောပါတယ်။
အလုပ်လက်မဲ့ဖြစ်နေတဲ့ ယာမာဂူချီဟာ ယခင်က ၂၀၂၀ခုနှစ် ဆောင်းဦးရာသီလောက်က ကန်ဆိုင်းဒေသက စက်ရုံတစ်ရုံမှာ အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ် မေလမှာ သူအလုပ်ကနှုတ်ထွက်ခဲ့ပါတယ်လို့ အလုပ်ခန့်ထားရေးအေဂျင်စီကနေသိရှိရပါတယ်။ ၂၀၀၅ခုနှစ်ဩဂုတ်လကနေ သုံးနှစ်လောက် သူဟာ ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။
စနေနေ့က အာဘေးရဲ့ ရုပ်အလောင်းကိုသယ်ဆောင်လာတဲ့ ကားဟာ တိုကျိုမှာရှိတဲ့ သူ့အိမ်ကိုရောက်ရှိပါတယ်။ နာယာကနေမောင်းလာတဲ့ကားထဲမှာ အာဘေးရုပ်အလောင်းနှင့်အတူ ဇနီးအာကီလည်းလိုက်ပါလာခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက သူ့အိမ်ကို ဝမ်းနည်းကြောင်းသတင်းလာမေးသွားခဲ့ပါတယ်။
အာဘေးဟာ သွေးထွက်လွန်ပြီး ကွယ်လွန်ခဲ့တာလို့ ရဲကပြောပါတယ်။ သူ့ရဲ့ လက်မောင်းအထက်နှင့်လည်ပင်းမှာ သေနတ်ဒဏ်ရာနှစ်ခုတွေ့ရပြီး လည်ပင်းက နောက်ထပ်ဒဏ်ရာကတော့ သေနတ်ကြောင်းဟုတ်မဟုတ်မသိဘူးလို့ ရဲက ဆက်ပြောပါတယ်။
Source: KyodoNews
Page 825 of 983