#World_Health
Published 11 November 2022
ဘီယာသောက်ခြင်းဟာ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး အယ်လ်ဇိုင်းမားရောဂါကို လျှော့ချပေးနိုင်ကြောင်း သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
အီတလီမှသိပ္ပံပညာရှင်များက ဘီယာသောက်ခြင်းဟာ ဦးနှောက်စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ အဆိပ်သင့်ပစ္စည်းများကို ကူညီဖယ်ရှားပေးနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။
ဘီယာရဲ့အခါးအရသာကိုဖြစ်စေတဲ့အရာက ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ကာ အယ်လ်ဇိုင်းမားဖြစ်စေတဲ့ ဦးနှောက်ထဲက ပရိုတိန်းအနည်များကို လျှော့ချပေးပါတယ်။
ဘီယာတွေမှာ ပဋိဇီဝပစ္စည်းများလည်းပါဝင်ကာ ဦးနှောက်တွင်းရောင်ရမ်းမှုကို လျှော့ချနိုင်ပြီး အယ်လ်ဇိုင်းမားရောဂါရှိသူတွေမှာ အကျိုးအာနိသင်ရှိနိုင်ကြောင်း ကျွမ်းကျင်သူများကဆိုပါတယ်။
ဒါပေမဲ့ ဒါဟာ ဘီယာကိုအများကြီး သောက်ရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ဘီယာအလွန်အကဲသောက်သုံးခြင်းကလည်း ဦးနှောက်ကျုံ့ခြင်း၊ သေးခြင်းတို့ဖြစ်စေနိုင်ကာ အသိဉာဏ်စွမ်းရည်ကျဆင်းခြင်း ဖြစ်ပေါ်နိုင်ပါတယ်။
အယ်လ်ဇိုင်းမားရောဂါဟာ အာရုံကြောယုတ်လျော့လာတဲ့ ရောဂါဖြစ်ပြီး မှတ်ဉာဏ်ချို့တဲ့ခြင်းရောဂါတွေထဲမှာ အဖြစ်အများဆုံးလက္ခဏာဖြစ်ပါတယ်။
ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ အနည်များအထိုင်ကျလာတာကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။
အဆိုပါ ပရိုတိန်းအနည်များက စုပြုံလာကာ အာရုံကြောချိတ်ဆက်မှုများကို ပိတ်ပင်မိပြီး ဆဲလ်တွေ အလုပ်မလုပ်နိုင်တော့ပါဘူး။
ယူကေမှာ မှတ်ဉာဏ်ချို့တဲ့ခြင်းရောဂါခံစားရသူ ၉ သိန်းခန့်ရှိပြီး ထိုထဲက ၃ ပုံ ၂ ပုံလောက်က အယ်လ်ဇိုင်းမားရောဂါဖြစ်နေကြပါတယ်။
ထိုရောဂါဟာ ကုသလို့မရနိုင်ဘဲ သတိမေ့လျော့ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့ စတင်ဖြစ်ပွားကာ ဦးနှောက်ကိုဆိုးရွားစွာထိခိုက်ပြီး စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်လာကာ နောက်ဆုံးအသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
အမျိုးသားရော အမျိုးသမီးတွေမှာပါ တစ်ပတ်ကို ဘီယာ ၆ ခွက်မျှသောက်သုံးခြင်းက စိတ်အချရဆုံးဖြစ်ပါတယ်။
သုတေသနပြုချက်အရ တစ်နေ့ကို ဘီယာ ၂ ခွက်သောက်ခြင်းဖြင့် အယ်လ်ဇိုင်းမားဖြစ်နိုင်ချေ လျော့နည်းနိုင်ပေမယ့် တစ်နေ့ ၆ ခွက်သောက်ရင်တော့ ရောဂါဖြစ်နိုင်ချေများလာပါတယ်။
Source: The Sun
#Yangon_Media_Group
#World_Health
Published 11 November 2022
လူသားတွေရဲ့ကျန်းမာရေးကို အကြီးမားဆုံးခြိမ်းခြောက်လာတဲ့ မှိုကူးစက်ရောဂါစာရင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က ပထမဆုံးအကြိမ်ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် အချို့မှိုမျိုးကွဲတွေဟာ ဆေးယဉ်ပါးကြပြီး ပိုမိုအဖြစ်များလာကြကြောင်းလည်း သတိပေးလိုက်ပါတယ်။
ကုလသမဂ္ဂကလည်း ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားစာရင်းကို ဖော်ပြထားကာ မှိုကူးစက်ရောဂါတွေနဲ့ ဆေးယဉ်ပါးခြင်းတို့ဟာ အန္တရာယ်ကြီးမားလာပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
မှိုရောဂါအန္တရာယ်အပေါ် အာရုံမစူးစိုက်ခြင်းကြောင့် ထိုရောဂါများနဲ့ပတ်သက်ပြီး အသိပညာနည်းပါးနေရတာဖြစ်ပါတယ်။
အချက်အလက်သိရှိမှုနည်းပါးတာကြောင့် ခြိမ်းခြောက်မှုဘယ်လောက်ကြီးမားလဲဆိုတာကို ခန့်မှန်းဖို့ခက်ခဲနေကြောင်း WHO က ဆိုပါတယ်။
ဆေးယဉ်ပါးမှိုကူးစက်ရောဂါတွေဟာ ပိုမိုအဖြစ်များလာကြပြီး ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်လာပြီလို့ WHO ဆေးယဉ်ပါးတိုက်ဖျက်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ'ဟာနန်ဘာ့ခီ'က ပြောကြားလိုက်ပါတယ်။
ကင်ဆာ၊ တီဘီနဲ့ ကိုဗစ်ရောဂါတို့လို အခြားရောဂါဖြစ်ပွားသူတွေမှာပါ မှိုကူးစက်ရောဂါ အဖြစ်များလာတာကိုတွေ့ရပါတယ်။
ရာသီဥတုပြောင်းလဲခြင်းမျိုးက ရောဂါပိုးရောက်ရှိရာနေရာနဲ့ ဖြစ်ပျက်ပုံတို့ တိုးများလျက်ရှိပြီး ကူးစက်မှုကာကွယ်ရေး အလုပ်မဖြစ်ခြင်းက စိုက်ပျိုးရေးကဏ္ဍမှာ ပိုးသတ်ဆေးများအသုံးပြုနေတာကြောင့်ဖြစ်တယ်လို့ WHO က ပြောကြားလိုက်ပါတယ်။
အန္တရာယ်အများဆုံး မှိုကူးစက်ရောဂါထဲမှာ ကန်ဒီဒါအော်ရစ်(Candida auris)ပါဝင်ပြီး ကိုယ်ခံအားနည်းတဲ့သူတွေမှာ ပြင်းထန်တဲ့ကျန်းမာရေးပြဿနာဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် အန္တရာယ်အများဆုံးအဖွဲ့ထဲမှာ ခရစ်တိုကော့ကပ်စ်နီယိုဖော်မန်စ်(Cryptococcus neoformans)၊ အက်စ်ပါဂျီလက်စ်ဖူမီဂေးတပ်စ်(Aspergillus fumigatus)နဲ့ ကန်ဒီဒါအယ်ဘီကန်စ်(Candida albicans) တို့လည်း ပါဝင်ပါတယ်။
နောက်ထပ်အန္တရာယ်ရှိအဖွဲ့ထဲမှာ ကန်ဒီဒါမျိုးနွယ်ထဲက အများအပြားပါဝင်သလို မျူကိုရဲလိစ် မှိုနက်ရောဂါလည်းပါဝင်ပြီး ကိုဗစ်လူနာတွေမှာ ကူးစက်တတ်ပါတယ်။
သာမန်အန္တရာယ်သာရှိတဲ့အဖွဲ့ထဲမှာတော့ Coccidioides spp နဲ့ Cryptococcus gattii တို့ပါဝင်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Population
Published 10 November 2022
အိန္ဒိယမှာ လာမယ့်ဆယ်စုနှစ်များအတွင်း မြို့ပြလူဦးရေ အလွန်မြင့်မားလာဦးမယ်လို့ ခန့်မှန်းထားပေမယ့် အခုကတည်းက အိန္ဒိယကမြို့တွေဟာ လူဦးရေနဲ့အပြိုင်မလိုက်နိုင်တော့ဘဲ ရာသီဥတုဖောက်ပြန်မှုများကလည်း လူနေမှုအခြေအနေ ပိုမိုဆိုးရွားလာအောင် ပြုလုပ်နေပါတယ်။
#Yangon_Media_Group
Published 10 Nov 2022
MSCအပျော်စီးသင်္ဘောလိုင်းရဲ့ အထင်ကရသင်္ဘောအသစ်ကြီး "MSC World Europa" ဟာ ကာတာနိုင်ငံရဲ့ မြို့တော် ဆိပ်ကမ်းကို ဆိုက်ကပ်လာပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် တရားဝင်အမည်ပေးအခမ်းအနားမတိုင်ခင် အမ်အက်စ်စီ ဝေါယူရိုပါ ဇိမ်ခံသင်္ဘောကြီး ရောက်ရှိလာခြင်းဖြစ်ပါတယ်။
အဆိုပါ ဧရာမသင်္ဘောကြီးဟာ ဒိုဟာမြို့တော်ရဲ့ ဂရန်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပြီးနောက် တစ်ကမ္ဘာလုံးမှ ဘောလုံးပွဲ ပရိဿတ်တွေအတွက် ရေပေါ်ဟိုတယ်ကြီးအဖြစ် ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။
အဆိုပါသင်္ဘောကြီးဟာ အလျား ၁၀၉၄ ပေ၊ဗျက်၁၅၄ ပေ၊ အမြင့် ၂၂၃ ပေရှိပြီး အထပ်ပေါင်း ၂၁ထပ်ပါဝင်ပါတယ်။ ခရီးသည်ပေါင်း ၆၇၆၂ ဦးတင်ဆောင်နိုင်တဲ့ ကမ္ဘာ့အဆင့်အတန်းရှိ ဇိမ်ခံသင်္ဘောကြီးဖြစ်ပြီး သင်္ဘောကုမ္ပဏီရဲ့ အကြီးဆုံးသင်္ဘောကြီးဖြစ်ပါတယ်။
Source: AFP
#MSC_World_Europa
#Doha_Qatar
#FIFA_Worldcup
#DailyNews
Published _ 10 November 2022
၁။ ဆန်အဝယ်လိုက်နေ၍ စပါးဈေးဆက်လက်တက်နိုင်ဟုဆို
၂။ ကြက်သားနှင့် ကြက်ဥဈေး ပြန်လည်ကျဆင်းမှုမရှိသေးဘဲ ဆက်လက်မြင့်တက်နေ
၃။ ယာဉ်ပေါ်တွင် ဥပဒေနှင့်ငြိစွန်းသည့်ကိစ္စရပ်များဖြစ်ပေါ်ခဲ့ပါက ရဲစခန်းသာမောင်းနှင်ရန် ယာဉ်မောင်းများကို ညွှန်ကြားထားဟုဆို
၄။ နောင်ဆယ်စုနှစ်များအတွင်းအိန္ဒိယတွင် လူဦးရေထပ်မံတိုးများဦးမည်ဖြစ်ပြီး လူနေမှုအခြေအနေပိုမိုခက်ခဲလာဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Politics
Published 10 November 2022
အင်္ဂါနေ့ကြားဖြတ်ရွေးကောက်ပွဲရလာဒ်များအရ ဒီမိုကရေစီအတွက် အခြေအနေကောင်းနေကြောင်း ကြေညာပြီးနောက် အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ထပ်မံအရွေးခံရန်ရည်ရွယ်ထားပြီး နောက်နှစ်အစောပိုင်းမှာ အပြီးသတ်ဆုံးဖြတ်ချက် ချသွားဖွယ်ရှိကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
'ဘိုင်ဒင်'ရဲ့ ဒီမိုကရေစီဘက်တော်သားများက မျှော်လင့်ထားတာထက် ပိုပြီးအခြေအနေကောင်းနေကြောင်း အိမ်ဖြူတော်အရာရှိများက ပြသနိုင်ခဲ့ပါတယ်။
ယခုလမှာ အသက် ၈၀ ပြည့်ပြီဖြစ်တဲ့'ဘိုင်ဒင်'ဟာ ဒုတိယအကြိမ်ရွေးကောက်ခံမှာလားဆိုတာနဲ့ ပတ်သက်ပြီး သိချင်နေခဲ့ကြပါတယ်။
၂၀၂၄ မဲဆွယ်စည်းရုံးရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း 'ဘိုင်ဒင်'ရဲ့အကြံပေးတစ်ဦးက ပြောကြားခဲ့ပါတယ်။
"ကျုပ်တို့ရဲ့ရည်ရွယ်ချက်က နောက်တစ်ကြိမ်ထပ်ယှဉ်ပြိုင်ဖို့ပါပဲ၊ ဒါဟာ ဒီမိသားစုဆုံးဖြတ်ချက်အပေါ် မူတည်လာမှာပါ" လို့ 'ဘိုင်ဒင်'က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သူ့မိသားစုက 'ဘိုင်ဒင်'ကို ထပ်မံယှဉ်ပြိုင်စေချင်ပြီး 'ဘိုင်ဒင်'ကတော့ နောက်ဆုံးဆုံးဖြတ်ချက်ကို အလျင်စလိုမပြုလုပ်ချင်ပါဘူး။
၂၀၂၀ ရွေးကောက်ပွဲတုန်းက ပြိုင်ဘက်ဖြစ်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'ကလည်း ရွေးကောက်ခံဖို့စီစဉ်နေရာ သူ့ရဲ့ရွေးကောက်ပွဲကြေညာချက်နဲ့ မည်သို့မျှမသက်ဆိုင်ကြောင်း 'ဘိုင်ဒင်'ကဆိုပါတယ်။
'ဘိုင်ဒင်'သမ္မတရာထူး ၂ နှစ်အတွင်း ဒီမိုကရေစီအရေးခြိမ်းခြောက်မှုများ ခံစားခဲ့ရပါတယ်။
'ထရမ့်'ရဲ့ထောက်ခံသူတွေက 'ဘိုင်ဒင်'ရဲ့အနိုင်ရရှိမှုကို လက်မခံနိုင်ဘဲ လွှတ်တော်အဆောက်အအုံကိုလည်း တိုက်ခိုက်ခဲ့ကြပါတယ်။
'ထရမ့်'ပြန်လည်ရွေးကောက်ခံမယ့်အပေါ် အခြားသောကမ္ဘာ့ခေါင်းဆောင်များ ဘယ်လိုရှုမြင်မလဲဆိုတာကို မေးမြန်းခဲ့ရာမှာ 'ဘိုင်ဒင်'က 'ထရမ့်'အာဏာပြန်ရလို့မဖြစ်ဘူးလို့ ဖြေကြားခဲ့ပါတယ်။
'ထရမ့်'ကလည်း 'ဘိုင်ဒင်'ရဲ့မူဝါဒသတ်မှတ်ချက်ကို တိတိကျကျထောက်ပြဝေဖန်လိုက်ကာ နောက်ရက်သတ္တပတ်အတွင်း ရွေးကောက်ခံမယ့်အစီအစဉ်ကို ကြေညာသွားမှာဖြစ်ပါတယ်။
မဲဆန္ဒရှင်များအတွက် ငွေကြေးဖောင်းပွမှုပြဿနာက အဓိကစဉ်းစားသုံးသပ်စရာဖြစ်လာပြီး 'ဘိုင်ဒင်'က စည်းရုံးရေးဆင်းဖို့အတွက် အမေရိကန်ဒီမိုကရေစီခြိမ်းခြောက်မှုများကို ကာကွယ်ရေး၊ ကိုယ်ဝန်ဖျက်ချခွင့်အခိုင်အမာရရှိရေးနဲ့ စီးပွားရေးမူဝါဒများမြှင့်တင်ရေးတို့ကို အဓိကထားလုပ်ဆောင်နေပါတယ်။
ရီပတ်ဘလစ်ကန်တွေကတော့ သူ့ရဲ့မူဝါဒအချို့ကို ပယ်ဖျက်နိုင်ရန်မျှော်လင့်နေကြပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 10 November 2022
ဓာတ်ခွဲခန်းထုတ် သွေးနီဥတွေကို လူတွေထံထိုးသွင်းခဲ့ပြီး ကမ္ဘာ့ပထမဆုံးစမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း ယူကေကျန်းမာရေးဝန်ဆောင်မှုက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
ဘရစ္စတိုလ်တက္ကသိုလ်က NHS ၊ ကိမ်းဘရစ်ချ်တက္ကသိုလ်တို့နဲ့ ပူးပေါင်းပြီး ဓာတ်ခွဲခန်းထုတ်ဆဲလ်များကို လူနှစ်ဦးထံပေးသွင်းခဲ့ရာ အခုအချိန်ထိ ဘေးထွက်ဆိုးကျိုးမတွေ့ရကြောင်း ဆိုပါတယ်။
"ပင်မစတမ်းဆဲလ်ကနေ သွေးထုတ်လုပ်နိုင်ဖို့ အရေးကြီးတဲ့ခြေလှမ်းဖြစ်ပါတယ်၊ မျိုးဗီဇမတူတဲ့ သွေးအလှူရှင်ဆီကနေ ဓာတ်ခွဲခန်းထုတ်သွေးဖန်တီးပြီးတော့ သွေးသွင်းကြည့်တာဟာ ပထမဆုံးစမ်းသပ်မှုဖြစ်ပြီး ဆဲလ်တွေ ဘယ်လောက်လုပ်ဆောင်နိုင်လဲဆိုတာကို သိရဖို့ အလွန်စိတ်လှုပ်ရှားနေပါတယ်" လို့ ဘရစ္စတိုလ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'အက်ရှ်လေတွိုင်း'က ရေးသားခဲ့ပါတယ်။
သွေးအလှူရှင်များထံမှ ပင်မစတမ်းဆဲလ်များဖြင့် သွေးနီဥများထုတ်လုပ်ကာ သွေးသွင်းခြင်းကို ပြုပြင်ပြောင်းလဲနိုင်ပါတယ်။
ပုံမှန်သွေးသွင်းဖို့လိုအပ်ပြီး သွေးရောဂါလူနာရှင်များနဲ့ ရှားပါးသွေးအမျိုးအစားပိုင်ရှင်များအတွက် သွေးသွင်းဖို့ ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။
"ပုံမှန်သွေးသွင်းရတဲ့လူတွေက အချို့သွေးအမျိုးအစားအနည်းစုမှာ ပဋိပစ္စည်းများထွက်ရှိပြီးတော့ သွေးအလှူရှင်ရှာရတာ ခက်ခဲစေပါတယ်၊ အခုစမ်းသပ်မှုကတော့ ဒီလိုပြဿနာရှိတဲ့လူတွေမှာ ဓာတ်ခွဲခန်းထုတ်သွေးနီဥတွေကို ဘေးကင်းစိတ်ချစွာ သွေးသွင်းနိုင်တော့မှာဖြစ်ပါတယ်" လို့ NHS သွေးသွင်းဌာနမှ ဒေါက်တာ'ဖာရုရှာ'က ပြောကြားလိုက်ပါတယ်။
ဓာတ်ခွဲခန်းထုတ်သွေးနီဥဆဲလ်တွေကို အသုံးပြုမယ့်အကြံအစည်ကို ကုမ္ပဏီအနည်းစုကတော့ တကယ်လက်တွေ့ဖန်တီးနေကြပါသေးတယ်။
တစ်ကမ္ဘာလုံးမှာ သွေးလိုအပ်ချက်ကြောင့် သေဆုံးသူနှစ်စဉ်နှစ်တိုင်း လူသန်းနဲ့ချီပြီး သေဆုံးနေကြရပါတယ်။
သွေးသွင်းဖို့ နည်းလမ်းဖော်ထုတ်ခြင်းဖြင့် ဒီပြဿနာကို ပြောင်းလဲနိုင်ချေရှိနေပါတယ်။
အခုအချိန်မှာ လူ ၂ ယောက်မှာသာ စမ်းသပ်ထားပေမယ့် နောက်ထပ်စမ်းသပ်မယ့်လူတွေ ခေါ်ယူဦးမှာဖြစ်ပါတယ်။
ဓာတ်ခွဲခန်းထုတ်သွေးနီဥတွေက အလှူရှင်ဆီကရတဲ့ သွေးတွေထက်ကြာကြာခံနိုင်ဖို့ မျှော်လင့်နေကြောင်း၊ စမ်းသပ်မှုသာ အောင်မြင်ခဲ့ရင် ကာလကြာရှည်စွာ သွေးသွင်းသွားရမယ့် လူနာတွေအနေနဲ့ အနည်းငယ်သာ သွေးသွင်းဖို့လိုအပ်တော့မှာဖြစ်ကြောင်း ကိမ်းဘရစ်ချ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'ဆက်ဒရစ်ဂီဗတ်'က ပြောပြသွားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Page 584 of 865