
#WorldHealth
Published - 13 February 2022
ပြင်ပသုတေသနလေ့လာချက်တစ်ခုတွင် အိုင်ဗာမက်တင်(Ivermectin) ဆိုတဲ့ဆေးဟာ အိုမီခရွန်နဲ့ အခြားကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတွေကို ကုသပေးနိုင်ကြောင်း ဂျပန်ကုန်သွယ်ရေးနဲ့ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ ကိုဝါကုမ္ပဏီက တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
အဆိုပါကုမ္ပဏီဟာ ကိုဗစ်ရောဂါကုသရေးဆေးကို တိုကျိုမှ ကီတာဆာတိုတက္ကသိုလ်နဲ့အတူ စမ်းသပ်ထုတ်လုပ်နေတာဖြစ်ပြီး နောက်ထပ်အသေးစိတ်ကိုတော့ မထုတ်ပြန်ရသေးပါဘူး။
ရိုက်တာသတင်းဌာနကဖော်ပြတဲ့ မူလသတင်းမှာတော့ အိုင်ဗာမက်တင်ဆေးရဲ့ တတိယအဆင့်စမ်းသပ်မှုကို လူသားတွေနဲ့ပြုလုပ်ရာမှာ အိုမီခရွန်ကိုထိရောက်စွာကုသနိုင်တယ်လို့ မှားယွင်းပြီးဖော်ပြခဲ့ပါတယ်။
ဓာတ်ခွဲခန်းစမ်းသပ်မှုတွေ ပြုလုပ်နေပေမယ့် အိုင်ဗာမက်တင်ကို ကိုဗစ်ကုသဆေးအဖြစ် သတ်မှတ်ဖို့ကတော့ အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပါတယ်။ကိုဗစ်ကပ်ရောဂါ၊ အစိုးရရဲ့စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေအပေါ် သံသယရှိသူ'ဂျိုးရိုဂန်'ရဲ့သံသယအမြင်တွေကြောင့် အငြင်းပွားစရာတွေဖြစ်လာခဲ့ပါတယ်။
'ရိုဂန်'က ကိုဗစ်ကာကွယ်ဆေးလိုအပ်ချက်အပေါ် မေးခွန်းတွေထုတ်ခဲ့ပေမယ့် အိုင်ဗာမက်တင်ကိုအသုံးပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။အဆိုပါဆေးကို ဂျပန်နိုင်ငံမှာ ကိုဗစ်ရောဂါကုသဖို ခွင့်ပြုချက်မပေးထားပါဘူး။
အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့ ၊ WHO၊ ဥရောပသမဂ္ဂဆေးဝါးကွပ်ကဲရေးအဖွဲ့ နဲ့ ဆေးဝါးထုတ်လုပ်တဲ့ မာ့ခ်ကုမ္ပဏီတို့ ကလည်း အဆိုပါဆေးဝါးအသုံးပြုခြင်းကို သတိပေးထားကာ ရောဂါကုသပေးနိုင်တဲ့ အထောက်အထားမျိုး မတွေ့ရဘူးလို့ ထုတ်ပြန်ထားပါတယ်။
လူသားတွေမှာ ကိုဗစ်ရောဂါကာကွယ်ကုသဖို့ ဆေးဝါးအသုံးပြုမှုကို စိတ်ဝင်စားမှုများလာကြပေမယ့် အဆိုပါဆေးဝါးကို ကိုယ်တိုင်သုံးစွဲခဲ့ပြီးနောက် ဆေးကုသခံယူမှုလိုအပ်ကာ ဆေးရုံတက်လိုက်ရတဲ့ လူနာတွေအကြောင်း သတင်းရရှိထားတယ်လို့ FDA က ဆိုပါတယ်။
ကိုဗစ်ရောဂါကို အိုင်ဗာမက်တင်ဆေးနဲ့ကုသဖို့ကိစ္စကို အောက်စ်ဖို့ဒ်တက္ကသိုလ်မှ လေ့လာစမ်းသပ်နေပါတယ်။
စစ်ဆေးလေ့လာခြင်းကို လုပ်ဆောင်နေပြီဖြစ်ပြီး လေ့လာချက်ရလာဒ်မထွက်သေးခင် နောက်ထပ်ထုတ်ပြန်မှုတွေ ပြုလုပ်မှာမဟုတ်ကြောင်း သုတေသီတွေက တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
ငှက်ဖျားရောဂါကုသဆေး ဟိုက်ဒရော့ဆီကလိုရိုကွင်းအပါအဝင် စမ်းသပ်ဖန်ပြွန်ဖြင့်စမ်းသပ်ရာမှာ ထိရောက်ကြောင်းပြသနိုင်ခဲ့တဲ့ ကိုဗစ်ကုသရေးသောက်ဆေးတွေဟာ ကိုဗစ်လူနာတွေနဲ့ လက်တွေ့စမ်းသပ်လေ့လာရာမှာတော့ ထိရောက်မှုမရှိကြောင်း တွေ့ခဲ့ရပါတယ်။
Source: Reuters.
- Category: World
- Hits: 607

#WorldHealth
Published - 13 February 2022
ကိုဗစ်ရောဂါပြင်းထန်စွာခံစားခဲ့ရပြီး အသက်သေဆုံးခဲ့တဲ့လူတွေမှာ ဦးနှောက်ပုံမှန်မဟုတ်တော့တဲ့အခြေအနေမျိုး မြင်တွေ့ခဲ့ရပြီး အယ်ဇိုင်းမားရောဂါတွင် တွေ့ရလေ့ရှိသည့် ပြောင်းလဲခြင်းလက္ခဏာတွေနဲ့ ဆင်တူနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အယ်ဇိုင်းမားရောဂါလူနာတွေမှာ ဦးနှောက်ဆဲလ်များအတွင်း ပရိုတိန်းတစ်မျိုးစုပုံလာကာ အာရုံကြောဆဲလ်တွေကြားထဲမှာ ဘီတာအေမယ်လွိုက်ပရိုတိန်းတွေ စုပြုံလာတတ်ပါတယ်။
ကိုလံဘီယာတက္ကသိုလ်မှ ဒေါက်တာ'အန်ဒရူးမာ့ခ်စ်'နဲ့အဖွဲ့က ကိုဗစ်ရောဂါလူနာ ၁၀ ယောက်ရဲ့ ဦးနှောက်တွေကို လေ့လာတဲ့အခါမှာ ဆဲလ်တွေထဲ ကယ်လ်စီယမ်ဝင်ရောက်မှုကို ထိန်းချုပ်ပေးတဲ့ ရိုင်ယာနိုဒင်းရီဆက်ပ်တာလို့ခေါ်တဲ့ ပရိုတိန်းတွေ ချို့တဲ့နေတာကို တွေ့ရှိခဲ့ကြပါတယ်။
အယ်ဇိုင်းမားရောဂါတွေမှာ ရိုင်ယာနိုဒင်းရီဆက်ပ်တာတွေ လျော့နည်းလာတာကြောင့် အာရုံကြောမျှင်လေးတွေရစ်ပတ်ရှုပ်ထွေးခြင်း ဖြစ်ပေါ်လာပါတယ်။အဲဒီလိုအာရုံကြောမျှင်ရစ်ပတ်ရှုပ်ထွေးခြင်းကို ကိုဗစ်ရောဂါလူနာတွေရဲ့ဦးနှောက်မှာ အများအပြားတွေ့ခဲ့ရကြောင်း ကိုလံဘီယာသုတေသီအဖွဲ့က ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။
အခြားသုတေသနအဖွဲ့တွေကလည်း ရှာဖွေစစ်ဆေးကြရာမှာ ကိုဗစ်ရောဂါလူနာတွေရဲ့ဦးနှောက်ထဲ အေမယ်လွိုက်ပရိုတိန်းပမာဏ ပုံမှန်မဟုတ်တော့ကြောင်း တွေ့ရှိခဲ့ကြပုံကို bioRxiv ဝက်ဘ်ဆိုက်နဲ့ လန်ဆက်ဆာဗာတွေမှာ မဖော်ပြခင် အွန်လိုင်းကနေ တင်ပြလိုက်ပါတယ်။
ဒီလေ့လာချက်အားလုံးရှိလူနာတွေဟာ ကိုဗစ်ရောဂါအပြင်းထန်ဆုံး ခံစားခဲ့ရသူတွေဖြစ်ပါတယ်။အဆိုပါဦးနှောက်မူမမှန်ခြင်းတွေကို ရောဂါအလယ်အလတ်မျှခံစားခဲ့ရသူတွေရဲ့ ဦးနှောက်မှာလည်း တွေ့ရှိရမယ်ဆိုရင် ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေထဲက အာရုံစူးစိုက်မှုချို့ယွင်းလာရတဲ့အကြောင်းအရင်းကို သိရှိကောင်းသိရှိလာနိုင်ပါတယ်။
ကိုဗစ်ရောဂါပြင်းထန်စွာခံစားခဲ့ရတဲ့သူတွေမှာ လူ့ဘဝသက်တမ်းနောက်ပိုင်း ဦးနှောက်ချို့ယွင်းမှုဖြစ်လာနိုင်ချေရှိနေပေမယ့် အသိအကျသိရဖို့တော့ စောလွန်းသေးကြောင်း 'အန်ဒရူးမာ့ခ်စ်'က ပြောပြခဲ့ပါတယ်။
ကိုဗစ်အားမြှင့်ကာကွယ်ဆေးထိုးပြီး ကူးစက်မခံရအောင်နေဖို အကြံပြုသွားပါတယ်။
"ကိုဗစ်ကူးစက်ခံရရင် အသက်သေချင်မှသေမှာပါ။ ဒါပေမဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဘာဖြစ်လာမလဲဆိုတာကိုတော့ သိပ်မသိရှိကြသေးပါဘူး"
Source: Reuters.
- Category: World
- Hits: 481
- Category: Myanmar
- Hits: 480
- Category: Myanmar
- Hits: 347

#WorldHealth
Published -12 February 2022
မိုဒါနာကုမ္ပဏီမှထုတ်တဲ့ လက်ရှိကိုဗစ်အားမြှင့်ကာကွယ်ဆေးနဲ့ အိုမီခရွန်သီးသန့်အားမြှင့်ကာကွယ်ဆေးတို့ကို မျောက်သတ္တဝါတွေမှာ နှိုင်းယှဉ်စမ်းသပ်ကြည့်ရာ ရောဂါကာကွယ်နိုင်စွမ်းက သိသိသာသာခြားနားခြင်းမရှိတာကြောင့် အိုမီခရွန်သီးသန့်အားမြှင့်ကာကွယ်ဆေး ထုတ်လုပ်ရန်မလိုအပ်နိုင်ကြောင်း အမေရိကန်အစိုးရသုတေသီတွေက သောကြာနေ့က တင်ပြလိုက်ပါတယ်။
မိုဒါနာကာကွယ်ဆေး ၂ ကြိမ်ထိုးထားတဲ့ မျောက်တွေနဲ့စမ်းသပ်လေ့လာကြရာ တစ်ဖွဲ့ကို နောက် ၉ လအကြာမှာ ပုံမှန်မိုဒါနာအားမြှင့်ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အခြားတစ်ဖွဲ့ကို အိုမီခရွန်မျိုးဗီဇကွဲသီးသန့် အားမြှင့်ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်။
သုတေသနပညာရှင်တွေက တိရိစ္ဆာန်တွေကို ဗိုင်းရပ်စ်နဲ့ထိတွေ့စေပြီး ကိုယ်ခံအားတုန့်ပြန်မှုအမျိုးမျိုးကို စမ်းသပ်ခဲ့ကြပါတယ်။အဆိုပါအားမြှင့်ကာကွယ်ဆေး ၂ မျိုးစလုံးဟာ အိုမီခရွန်အပါအဝင် မျိုးဗီဇကွဲအားလုံးကို တုန့်ပြန်ခုခံပေးမယ့် ပဋိပစ္စည်း antibody ထွက်ရှိမှုကို သိသိသာသာမြှင့်တင်ပေးနိုင်တယ်လို့ bioRxiv ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
မိုဒါနာကုမ္ပဏီနဲ့ ဘိုင်အိုတက်ခ်ကုမ္ပဏီတိုက အိုမီခရွန်သီးသန့်အားမြှင့်ကာကွယ်ဆေးကို လူသားတွေနဲ့စမ်းသပ်နေပြီဖြစ်ပါတယ်။အဆိုပါတွေ့ရှိချက်တွေကြောင့် အိုမီခရွန်သီးသန့်ကာကွယ်ဆေး ပြောင်းလဲထုတ်လုပ်ဖို့ မလိုအပ်တော့ကြောင်း၊ အရင်ကာကွယ်ဆေးတွေနဲ့ အိုမီခရွန်သီးသန့်ကာကွယ်ဆေးတွေက မျိုးဗီဇကွဲအမျိုးမျိုးကို သိရှိမှတ်မိပြီး ခုခံပေးနိုင်ကြောင်း အမျိုးသားကူးစက်ရောဂါဌာနမှ ကာကွယ်ဆေးသုတေသီ 'ဒန်နီယယ်ဒိုအက်ခ်'က ပြောပြလိုက်ပါတယ်။
စမ်းသပ်လေ့လာချက်ရလာဒ်တွေက မိုဒါနာအားမြှင့်ကာကွယ်ဆေးကို ဘီတာမျိုးဗီဇကွဲကို ပစ်မှတ်ထားစမ်းသပ်တုန်းကအတိုင်း တူညီကြောင်း ဝေးလ်ကော်နယ်ဆေးပညာကောလိပ်မှ အဏုဇီဝနဲ့ရောဂါခုခံအားပရော်ဖက်ဆာ ဒေါက်တာ'ဂျွန်မိုး'က ဆိုပါတယ်။
မျောက်တွေနဲ့စမ်းသပ်ရာမှာ အားသာချက်တစ်ခုက တိရိစ္ဆာန်တွေကို ကာကွယ်ဆေးတွေထိုးပေးပြီး ဗိုင်းရပ်စ်နဲ့ထိတွေ့စေကာ တုန့်ပြန်လာတဲ့ခုခံအားကို လေ့လာလို့ရတာပဲဖြစ်ပါတယ်။
အဆိုပါစမ်းသပ်မှုမျိုးကို လူသားတွေမှာတော့ စမ်းသပ်လို့မဖြစ်သေးပါဘူး။
Source: Reuters
- Category: World
- Hits: 765

#WorldHealth
Published - 12 February 2022
အစ္စရေးလ်ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်ကာကွယ်ဆေးတတိယအကြိမ်ထိုးနှံခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လေ့လာကြည့်ရာမှာ အစ္စရေးလ်မှအမျိုးသမီး ၁၀ ရာခိုင်နှုန်းခန့်ဟာ ကိုဗစ်အားမြှင့်ကာကွယ်ဆေး booster ထိုးနှံပြီးနောက် ရာသီစက်ဝန်းမူမှန်ခြင်းမျိုး ခံစားခဲ့ရကြောင်း ဗုဒ္ဓဟူးနေ့က ဖော်ပြလိုက်ပါတယ်။
ဖိုင်ဇာအားမြှင့်ကာကွယ်ဆေးထိုးပြီး ၂၁ ရက်မှ ရက် ၃၀ အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေကို ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးလေ့လာခဲ့တာဖြစ်ပါတယ်။
အလတ်ပိုင်းအမျိုးသမီးတွေနဲ့ ငယ်ရွယ်သူတွေမှာ အားမြှင့်ကာကွယ်ဆေးထိုးနှံခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုပြီးခံစားရနိုင်ကြောင်း လေ့လာချက်မှာ တွေ့ရှိရပါတယ်။
လေ့လာချက်အရ အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးက ရာသီလာချိန်မမှန်ခြင်းဖြစ်တတ်ကာ အသက် ၅၄ နှစ်အတွင်း အမျိုးသမီး ၁၀ ရာခိုင်နှုန်းက အဆိုပါလက္ခဏာမျိုးခံစားခဲ့ရကြောင်း တွေ့ရှိရပါတယ်။
ဘေးထွက်ဆိုးကျိုးလက္ခဏာအများစုက အပျော့စားမျှသာဖြစ်ပြီး အလွန်ဆုံး ၃ ရက်ကျော်တဲ့အခါ လက္ခဏာပျောက်ကင်းသွားကြောင်း ဖော်ပြထားပါတယ်။ဒါ့အပြင် အာရုံကြောတုန့်ပြန်မှုနဲ့ ဓာတ်မတည့်ခြင်းဖြစ်စဉ်တွေဟာလည်း အရင်ကိုဗစ်ကာကွယ်ဆေးတွေထက်စာရင် အဖြစ်နည်းသွားပြီး ၄ ရာခိုင်နှုန်းခန့်မှာသာ တွေ့ရှိရပါတယ်။
အဆိုပါဓာတ်မတည့်ခြင်းတွေ ခံစားခဲ့ရတဲ့လူအနည်းစုဟာလည်း ကာကွယ်ဆေးထိုးပြီး အချိန်ကာလအတော်ကြာတော့မှ ခံစားရတာဖြစ်ပါတယ်။ယေဘုယျခြုံကြည့်ရင်တော့ အရင်ကာကွယ်ဆေးထိုးခြင်းအကြိမ်ကထက်စာရင် ခံစားရတဲ့ဘေးထွက်ဆိုးကျိုးအများစုဟာ ပြင်းထန်ခြင်းလျော့နည်းလာတာကို တွေ့ရပါတယ်။
အစ္စရေးလ်မှလေ့လာချက်ပြုလုပ်ရာမှာ အသက် ၁၈ နှစ်အထက် လူပေါင်း ၂,၀၄၉ ဦးပါဝင်ကာ အမျိုးသား ၅၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၄၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
အသက် ၁၈-၃၉၊ အသက် ၄၀-၅၉၊ အသက် ၆၀ အထက်ဆိုပြီး အသက်အရွယ်အပိုင်းအခြား ၃ မျိုးတိုရဲ့ ဘေးထွက်ဆိုးကျိုးခံစားရမှုကို ကျန်းမာရေးဝန်ကြီးဌာနက လေ့လာစစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။
Source: The Jerusalem Post.
- Category: World
- Hits: 480