Published 24 May 2022
ထရမ့်အစိုးရလက်ထက်က အကောက်ခွန်ကောက်ခံခဲ့တဲ့ တရုတ်ပစ္စည်းတွေကို အခွန်ကောက်ခံမှု ပြန်ရုပ်သိမ်းပေးဖို့ သူစဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကပြောပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒင်က ယခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ ကျွန်တော် ဒါကို စဉ်းစားနေတယ်။ ဒီကုန်ပစ္စည်းတွေကို ကျွန်တော်တို့ အကောက်ခွန်ကောက်ခဲ့တာမဟုတ်ဘူး။ ပြီးခဲ့တဲ့ အစိုးရလုပ်ခဲ့တာ။ အဲဒါကို ကျွန်တော်တို့ စဉ်းစားနေတယ်” လို့ ဘိုင်ဒင်ကပြောပါတယ်။
၂၀၁၈ခုနှစ်မှာ ထရမ့်အစိုးရက တရုတ်ကုန်ပစ္စည်းတွေကို စတင်အခွန်ကောက်ခဲ့တာပါ။ တရုတ်က အမေရိကန်ကိုတင်ပို့တဲ့ ပစ္စည်းအားလုံးရဲ့ သုံးပုံနှစ်ပုံကို အမေရိကန်က သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံခဲ့တာဖြစ်တယ်လို့ ဝါရှင်တန်ပို့စ်က ရေးသားပါတယ်။
အမေရိကန်ရဲ့ငွေကြေးဖောင်းပွမှုတွေရှိနေတဲ့ကြားထဲတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျက်နက်ယီလင်က အချို့သော ကုန်ပစ္စည်းတွေကို အကောက်ခွန်ပြန်ရုပ်သိမ်းပေးဖို့ စဉ်းစားနေတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားအပြီး ယခုသတင်းထပ်မံ ထွက်ပေါ်လာတာဖြစ်ပါတယ်။
၂၀၂၂ခုနှစ်မတ်လမှာ အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုဟာ ၄၁နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့တယ်လို့ Insider က ယခင် သတင်းရေးသားခဲ့ပြီးဖြစ်ပါတယ်။
မေ၁၈ရက် ဂျာမနီမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်အစိုးရက တရုတ်ပစ္စည်းတွေ အခွန်စည်းကြပ်ခဲ့တာကို ဝန်ကြီးယီလင်က အပြစ်တင် ဝေဖန်ခဲ့ပါတယ်။
“ တရုတ်ရဲ့ မမျှတတဲ့ကုန်သွယ်ရေးလက်တွေ့လုပ်ဆောင်မှုတွေကို လက်စားချေတဲ့အနေနှင့် သမ္မတထရမ့်က အချို့ကုန် ပစ္စည်းတွေကို အခွန်စည်းကြပ်ခဲ့တယ်လို့ ကျွန်မအရင်ကပြောပြီးပါပြီ။ ကျွန်မအတွက်တေ့ ဒီလိုအခွန်ကောက်တာဟာ စားသုံး သူတွေနှင့် စီးပွားရေးလုပ်ငန်းတွေကို ပိုထိခိုက်စေတယ်လို့ ထင်မိပါတယ်” လို့သူမက ပြောပါတယ်။
တရုတ်နှင့်ကျွန်မတို့ဖြစ်နေတဲ့ တကယ့် ပြဿနာတွေနှင့် လက်ရှိအခွန်စည်းကြပ်မှုတွေက သိပ်ပြီး မဟာဗျူဟာမကျဘူးလို့ ကျွန်မထင်တယ် လို့ သူမကပြောပါတယ်။
အမေရိကန်ကို သူပြန်ရောက်တဲ့အခါ ယီလင်ကို အဲဒီအခွန်ကိစ္စပြောမယ်လို့ ဘိုင်ဒင်က တိုကျို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
Source Insider
Published 24 My 2022
ရုရှားရဲ့ ရူဘယ်ငွေကြေးဟာ တနင်္လာနေ့က ယူရိုထက် ၆ရာခိုင်နှုန်း ပိုခိုင်မာသွားပြီး ဒါဟာ ၇နှစ်အတွင်း တန်ဖိုးအမြင့်ဆုံး တက်လာတာဖြစ်ပါတယ်။ အရင်းအနှီးထိန်းချုပ်မှုတွေ၊လောင်စာဆီဈေးကောင်းနေတာနှင့် လာမယ့် အခွန်ကာလအဆုံး သတ် တော့မှာတွေကြောင့်ဖြစ်တယ်လို့ ရိုက်တာကရေးပါတယ်။
တနင်္လာနေ့ 1338 GMT အချိန်မှာ ရူဘယ်မှာ ၆.၃ ရာခိုင်နှုန်းမြင့်တက်လာပြီး တစ်ယူရိုကို ရူဘယ်၅၈.၇၅ အထိရောက်ရှိလာတာပါ။ဒါဟာ ၂၀၁၅ခုနှစ် ဇွန်လအစောပိုင်းနောက်ပိုင်း အမာဆုံးဖြစ်ပါတယ်။
ဒေါ်လာနှင့်လဲလှယ်နှုန်းကလည်း ၅၇.၄၇ ဖြစ်လာပါတယ်။ ၂၀၁၈ မတ်လနှောင်းပိုင်းကနေဆိုရင် ဒါဟာ အမြင့်ဆုံးပါ။
ရုရှားမှာ စီးပွားရေးအကျပ်အတည်းတွေဖြစ်နေတဲ့ကြားထဲက ဒီနှစ်မှာ ရူဘယ်ဟာ ဒေါ်လာနှင့်ယှဉ်ရင် ၃၀ရာခိုင်နှုန်းပိုမာလာခဲ့ပြီး ကမ္ဘာမှာအကောင်းဆုံးစွမ်းဆောင်နိုင်တဲ့ ငွေကြေးအဖြစ်ရောက်ရှိလာတယ်လို့ ရိုက်တာက သတင်းဖော်ပြပါတယ်။
ရုရှားရဲ့ ရွှေနှင့်နိုင်ငံခြားငွေံကြေး တစ်ဝက်နီးပါးခန့် ထိန်းချုပ်ခံရပြီးနောက် ပို့ကုန်ဦးစားပေးကုမ္ပဏီတွေဟာ သူတို့ရဲ့နိုင်ငံခြာငွေကြေးတွေကို ရူဘယ်နှင့်လဲလှယ်ပေးကြရပါတယ်။
ရုရှားရဲ့ဗဟိုဘဏ်နှင့် အစိုးရဟာ ကန့်သတ်မှုတွေ ပြုလုပ်နေစဉ်မှာ ရူဘယ်ဟာ ကာလလတ်မှာ ဆက်လက်ခိုင်မာ အားကောင်းနေဦးမှာဖြစ်တယ်လို့ Tinkoff Investments analysts ကပြောပါတယ်။
“ ဆောင်းဦးရာသီနီးလာလို့ သွင်းကုန်တွေပြန်လည်သက်ဝင်လာပြီး ကန့်သတ်မှုတွေ ရုပ်သိမ်းတဲ့အခါ ငွေကြေးလဲလှယ်နှုန်းတွေဟာ ၆၀နှင့် ၆၅ အဆင့်လောက်မှာ စပြီးတည်ငြိမ်သွားမယ်” လို့ သူတို့ကပြောပါတယ်။
နှစ်ကုန်မှာ တစ်ဒေါ်လာ ၇၀နှင့် ၈၀ရူဘယ်ကြား အားပျော့မသွားခင် ယခုတစ်လအတွင်း ရူဘယ်ဟာ တစ်ဒေါ်လာကို ၅၅ ရူဘဘ်အထိမာလာနိုင်တယ်လို့လည်း Otkritie ဘဏ်ကပြောပါတယ်။
ရုရှားက နိုင်ငံခြားက ဓာတ်ငွေ့ဝယ်ယူသူတွေကို ရူဘယ်နှင့်ပေးချေဖို့ တောင်းဆိုထားတာကလည်း ရူဘယ်ရဲ့လက်ရှိ မာလာမှုကို အထောက်အကူပြုနေပါတယ်လို့ သုံးသပ်သူတွေက ပြီးခဲ့တဲ့အပတ်ကပြောထားပါတယ်။
ရူဘယ်ငွေကြေး ထိန်းမရလောက်အောင်ခိုင်မာလာမှာစိုးတဲ့အတွက် ရုရှားဗဟိုဘဏ်က နိုင်ငံခြားငွေတွေ လိုက်ဝယ်နေတယ်လို့ ဗီဒိုမိုစတီသတင်းစာကရေးပါတယ်။ ဗဟိုဘဏ်ကနေ အဲဒီရေးသားမှုဟာ လက်ရှိအခြေအနေတွေနှင့် ကိုက်ညီမှုမရှိဘူးဆိုပြီး ပြန်ငြင်းဆိုထားပါတယ်။
Source Reuters
Published 24 May 2022
မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်အန်ဟာ ပြုံယမ်းမှာပြုလုပ်တဲ့ ကွယ်လွန်သူ ကိုးရီးယားပြည်သူ့တပ်မတော်ရဲ့မာရှယ်ယွန်ချိုဟေးရဲ့ ဈာပနကို ကိုယ်တိုင်တက်ရောက်ပြီး ခေါင်းတလားကိုပါ ကိုယ်တိုင်သယ်ဆောင်သင်္ဂြိုလ်ပေးခဲ့ပါတယ်။
တနင်္ဂနွေနေ့ကပြုလုပ်တဲ့ အဆိုပါဈာပနအခမ်းအနားကို မြောက်ကိုးရီးယား အစိုးရမီဒီယာက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကွယ်လွန်သူ မာရှယ်ယွန်ချိုဟေးဟာ ကင်မ်ဂျုန်အန်ရဲ့ ဆရာတစ်ဦးဖြစ်ခဲ့ပြီး ဖခင်ကင်ဂျုန်အီလ် ၂၀၁၁ခုနှစ်မှာသေဆုံးတဲ့အခါ သူ့အရိုက်အရာကို ကင်မ်ဂျုန်အန်ဆက်ခံနိုင်အောင်ပြင်ဆင်ပေးခဲ့သူလို့ သိထားကြပါတယ်။သူဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အထွေထွေအကြံပေးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။
ကိုဗစ်ကူးစက်မှုတွေမြင့်မားနေတဲ့ မြောက်ကိုးရီးယားမှာ ခေါင်းဆောင် ကင်မ်ဟာ ဈာပနအခမ်းအနားမှာ maskတပ်ဆင်ခြင်း မရှိဘဲ အခြားအရာရှိကြီးတွေနှင့်အတူ ခေါင်းတလားကိုသယ်ဆောင်ခဲ့တာပါ။
Source AFP
တာချီလိတ် မေ ၂၃
နစက ဥက္ကဋ္ဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့်အဖွဲ့ဝင်တွေဟာ ယနေ့ နေ့လည် ၁၂ နာရီအချိန်က နေပြည်တော်မှတပ်မတော်လေယာဥ်ဖြင့် တာချီလိတ်လေဆိပ်သို့ပြန်လည်ရောက်ရှိလာပြီးနောက် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား( ၂)မှတဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
Published 23 May 2022
ထိုင်ဝမ်ကိုမည်သို့သောကျူးကျော်မှုမျိုးမဆို ထိုင်ဝမ်ရဲ့အကျိုးစီးပွားဘက်က ကာကွယ်ပေးသွားမယ်လို့ ဂျိုးဘိုင်ဒင်က တရုတ်ကို သတိပေးစကားပြောကြားလိုက်ပါတယ်။ ဂျပန်ကိုရောက်ရှိနေစဉ်အတွင်း မေလ(၂၃)ရက်က အမေရိကန်သမ္မတ ဘိုင်ဒင်က ယခုလိုပြောခဲ့တာပါ။ ယူကရိန်းမှာဖြစ်ခဲ့သလို နောက်ထပ်အလားတူအရေးယူဆောင်ရွက်တာမျိုးတွရှိလာလိမ့် မယ်လို့လည်းသူကပြောပါတယ်။
ထိုင်ဝမ်ပြဿနာနှင့်ပတ်သက်လာရင် စကားပြောဆင်ခြင်ဖို့ တရုတ်ကလည်း အမေရိကန်ကို သတိပေးတုန့်ပြန်လိုက်ပါတယ်။ တရုတ်ရဲ့အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားကို မဆုတ်မနစ်ကာကွယ်ပြီးလိုအပ်တဲ့အရေးယူဆောင်ရွက်မှု တွေလုပ်ရလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ဝမ်ဝေပင်းက ဘေဂျင်းမှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။”ကျွန်တော်တို့စကားတွေဟာ ကျွန်တော်တို့အရေးယူဆောင်ရွက်မှုတွေဖြစ်လာလိမ့်မယ်” လို့လည်း သူက အမေရိကန်ကိုထပ်မံသတိပေးခဲ့ပါတယ်။
Source AFP
Published 22 May 2022
နစကဥက္ကဋ္ဃရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကြောင့် ဆွေးနွေးပွဲလာရောက်တဲ့ ဒုတိယမြောက် တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုအဖြစ် မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဟာ
ယနေ့ မေလ (၂၂)ရက်နေ့က နေပြည်တော်ကို ရောက်ရှိလာပါတယ်။
မွန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းဟာ မနက်ဖန်မေလ၂၃ရက်မှာ နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်မယ်လို့ သတင်းရရှိပါတယ်။
ဆွေးနွေးပွဲကို ပထမဆုံးတက်ရောက်လာတဲ့ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီနှင့် ယနေ့မေလ၂၂ ရက်မှာ ဒုတိယနေ့အဖြစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆက်လက် ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။
Published 22 May 2022
လာမည့်ရွေးကောက်ပွဲတွင် ခြွင်းချက်နှစ်ခုမှအပ လွှတ်တော်အားလုံးတွင် အချိုးကျကိုယ်စားပြုစနစ်(PR)ကျင့်သုံးသွားမယ်လို့ သိရှိရပါတယ်။
မေလ(၁၉)ရက်နေ့က ပြုလုပ်တဲ့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းရာမှာ ယခုလိုထုတ်ဖော်ပြောကြားသွားတာ ဖြစ်ပါတယ်။
အဲသလိုပြောင်းလဲဆောင်ရွက်ရာမှာ ရိုးရှင်းလွယ်ကူတဲ့ စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ်(Closed list PR)ကို ရွေးချယ်ထားကြတယ်လို့ ဦးခင်မောင်ဦးက ပြောပါတယ်။
ဒါပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတွေမှ အမျိုးသားလွှတ်တော်တစ်ဦးစီနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေမှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီတင်မြှောက်ရာတွင်တော့ ယခင်ကျင့်သုံးခဲ့တဲ့ FPTPစနစ်ကိုပဲ ကျင့်သုံးမယ်လို့ သူကပြောပါတယ်။ အဲဒီခြွင်းချက်နှစ်ခုကလွဲလို့ ကျန်တာတွေအားလုံး PRကျင့်သုံးမယ်လို့ သူက ဆိုလိုတာဖြစ်ပါတယ်။
ဒီလိုပြောင်းလဲကျင့်သုံးဖို့အတွက် နိုင်ငံရေးပါတီတွေနှင့် တွေ့ဆုံဆွေးနွေးမှုတွေကနေ သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ သူကရှင်းလင်းပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ လွှတ်တော်အလိုက် ရွေးကောက်တင်မြှောက်ရမယ့် အရေအတွက် မပြောင်းလဲဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်တွေပိုင်းခြားသတ်မှတ်ခြင်းနှင့် ကိုယ်စားလှယ်ဦးရေ သတ်မှတ်ခြင်းတွေကို ဆောင်ရွက်သွားမယ်လို့လည်း သူကပြောပါတယ်။
လာမယ့် ၂၀၂၃ခုနှစ်အတွင်း ရွေးကောက်ပွဲအသစ်တစ်ခု ပြန်လည်ကျင်းပပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရည်မှန်းဆောင်ရွက်နေတာဖြစ်ပါတယ်။
Page 161 of 202