၂၃ ဇူလိုင်၊၂၀၂၃

ထိုင်းရဲတပ်ဖွဲ့ဟာ ဇူလိုင်(၁)ရက်ကစတင်ခဲ့တဲ့ နိုင်ငံအနှံ့ တရားမဝင်လက်နက်ခဲယမ်းမီးကျောက်တွေ နှိမ်နှင်းမှုစစ်ဆင်ရေးတွေအတွင်း သံသယရှိဖွယ်လူပေါင်း ၉၆၆ ဦးကို ဖမ်းဆီးခဲ့ပြီး များပြားလှတဲ့ တရားမဝင်လက်နက်တွေနှင့် ခဲယမ်းမီးကျောက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး တောဆက် ဆူဝီမိုလ်က ပြောပါတယ်။

ဇူလိုင် ၂၁ ရက်အထိ ထိုင်းရဲတွေဟာ ထိုင်းတစ်နိုင်ငံလုံးက ပစ်မှတ်နေရာပေါင်း ၁၆၅၈ နေရာကိုရှာဖွေတဲ့အခါ သံသယ တရားခံ၉၆၆ ဦးကိုဖမ်းဆီးခဲ့ပြီး တရားမဝင်လက်နက် ၉၁၁ လက်နှင့် ခဲယမ်းမီးကျောက်မျိုးစုံ ၄၄,၅၄၀ ခုကို သိမ်းဆည်းမိခဲ့ပါတယ်။ အဲဒီအပြင် ပေါက်ကွဲပစ္စည်း နှစ်ခုနှင့်စိတ်ကြွဆေးပြား ၆၂၃၉ ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဒုရဲချုပ်ကပြောပါတယ်။

အဲဒီစီးနင်းမှုတွေထဲမှာ ကရာဘီပြည်နယ် ကောင်းဖနွမ်ခရိုင်၊ နာကောင်းမြို့က အိမ်တစ်အိမ်မှာ မူးယစ်နှင့်လူသတ်မှု သုံးမှုနှင့် ဝရမ်းထုတ်ထားတဲ့ အသက် ၂၈နှစ်အရွယ်တရားခံ ဘွမ်ကို အသေဖမ်းမိရခဲ့တယ်လို့ သိရပါတယ်။

အိမ်ကိုစီးနင်းစဉ် ဘွမ်ဟာ အိမ်နောက်ဖေးကနေ ဆိုင်ကယ်နှင့်ထွက်ပြေးလို့ ရဲက ပစ်ခတ်ဖမ်းဆီးရင်း အပြန်အလှန်ပစ်ခတ်မှုအတွင်း သူသေသွားရတာဖြစ်တယ်လို့ရဲကပြောပါတယ်။

သူနှင့်အတူ ၉ မမ Mauser ပစ္စတို၊ M67 လက်ပစ်ဗုံးတစ်လုံးနှင့် မီးခိုးဗုံးနှစ်လုံးကိုပါတွေ့ရပါတယ်။

ယခုစစ်ဆင်ရေးဟာ တရားမဝင်လက်နက်တွေနှင့် အငှားသေနတ်သမားတွေ၊ တရားမဝင်လက်နက် ရောင်းဝယ်ရေးတွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ဇူလိုင်၁ရက်မှ ၃၀ရက်အထိ လက်ထောက်ရဲမှူး ရဲဒုဗိုလ်ချုပ်ကြီး ဆာမရန် နူယယ်မာက အနီးကပ်ကြီးကြပ်နေပါတယ်။ သတင်းအချက်အလက်တွေကို မြို့ပြရဲတပ်ဖွဲ့၊ပြည်နယ်ရဲတပ်ဖွဲ့၁မှ ၉၊ ဗဟိုထောက်လှမ်းရေးဌာန၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဗျူရို၊ ကမ္ဘာလှည့်ခရီးသွားရဲဗျူရို၊ လူဝင်မှုကြီးကြပ်ရေးရဲ ဗျူရို၊ ဆိုက်ဘာမှုခင်းထောက်လှမ်းရေးဗျူရိုနှင့် နယ်စပ်ကင်းလှည့်ရဲတို့ဆီက ရရှိခဲ့တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာသတင်းဖော်ပြရေးသားထားပါတယ်။

Source: Bangkok Post

#Thailand_crackdown_illegal_guns_trade