Published 26 March 2023
အလယ်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဟွန်ဒူးရပ်စ်နိုင်ငံဟာ ဆယ်စုနှစ်များစွာ ဆက်ဆံလာတဲ့ ထိုင်ဝမ်နှင့် သံတမန် ဆက်ဆံမှုဖြတ်တောက်လိုက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို တနင်္ဂနွေနေ့က စတင်ထူထောင် လိုက်ပါတယ်။
ဟွန်ဒူးရပ်စ်ဟာ ဘေဂျင်းကြောင့် ထိုင်ဝမ်ကိုအဆက်မဖြတ်ခင်မှာ ထိုင်ဝမ်ထံမှ မတန်တဆငွေပမဏကို တောင်းဆို ခဲ့တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲပြောဆိုပါတယ်။
ပြီးခဲ့တဲ့ အပတ်က ဟွန်ဒူးရပ်စ်နိုင်ငံခြားရေးဝန်ကြီး ဆက်ဆံရေးစတင်ဖို့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး ဟွန်ဒူးရပ်စ်သမ္မတ ဇီယိုမာရာ ကတ်စထရိုကလည်း သူမရဲ့ အစိုးရဟာ ဘေဂျင်းနှင့် သံတမန်ဆက်ဆံမှုစတင်မယ်လို့ ပြောကြားပြီးတဲ့နောက် ဟွန်ဒူးရပ်စ်ဟာ ထိုင်ဝမ်နှင့် သံ တမန်ဖြတ်တောက်တော့မယ်လို့ မျှော်လင့်ထားကြ တာဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်နှင့် ဟွန်ဒူးရပ်စ် နိုင်ငံခြားရေးဝန်ကြီး အက်ဒူရာဒို အင်ရစ်ရိန်နာတို့ဟာ တစ်ဖက်နှင့် တစ်ဖက် သံတမန်ရေးရာ အသိအမှတ်ပြုကြဖို့ ဘေဂျင်းမှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ်နိုင်ငံကပြောပါတယ်။ ဟွန်ဒူးရပ်စ်ဟာ ၁၉၄၀ပြည့်လွန်နှစ်များကတည်းက စတင်ခဲ့တဲ့ ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။
“ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ တရုတ်အားလုံးကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ပြီး ထိုင်ဝမ်ဟာ တရုတ်ပိုက်နက်ထဲက ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို ဟွန်ဒူးရပ်စ်နိုင်ငံက အသိအမှတ်ပြုတယ်” လို့ ဟွန်ဒူးရပ်စ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်အကျဉ်းမှာ ဖော်ပြ ထားပါတယ်။
“ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်သံရုံးတို့ ဟာ သက်ဆိုင်ဆီလျော်တဲ့ သတင်းအချက်လက်တွေကို ဆုပ်ကိုင်ထားပြီး အဲဒါကို ဂရုတစိုက်ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့် ကတ်စထရိုရဲ့ အစိုးရက ကျွန်တော်တို့ဆီကနေ စီးပွားရေးအကူအညီအဖြစ် ဒေါ်လာ ဘီလျံနှင့်ချီပြီးတောင်းတယ်။ ပြီးတော့ အကူအညီပေးရေးအစီအစဉ်တွေကနေ ထောက်ပံ့ပေးနေတဲ့ ထိုင်ဝမ်နှင့် တရုတ်တို့ရဲ့ ငွေကြေးပမာဏကို နှိုင်းယှဉ်တယ်” လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူးက ပြောပါတယ်။
ထိုင်ဝမ်အနေနှင့် တရုတ်နှင့် အဓိပ္ပါယ်မဲ့တဲ့ ဒေါ်လာဒီပလိုမေစီကို ပြိုင်နေမှာမဟုတ်ဘူး လို့ ထိုင်ဝမ်သမ္မတ ဆိုင်းအင်းဝန် က ဗွီဒီယိုမိန့်ခွန်းမှာပြောကြားပါတယ်။
Source Reuters
#ဟွန်ဒူးရပ်စ်နှင့်တရုတ်သံတမန်ဆက်ဆံရေးထူထောင်
#ထိုင်ဝမ်နှင့်ဟွန်ဒူးရပ်စ်သံတမန်ဖြတ်တောက်
#YangonMediaGroup
Published 26 March 2023
မြဝတီကုန်သွယ်ရေးဇုန်အား မတ်လ (၂၅)ရက်က KKO (ခွဲထွက်)အဖွဲ့နှင့် PDFအဖွဲ့တို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဌာနဆိုင်ရာဝန်ထမ်း တစ်ဦးနှင့် ဒေသခံပြည်သူတစ်ဦးတို့သေဆုံးခဲ့ကြကြောင်း နစက၏သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။
ဖြစ်စဉ်မှာ မြဝတီကုန်သွယ်ရေးဇုန်အား မတ် ၂၅ ရက် နံနက် ၆ နာရီခွဲခန့်တွင်KKO(ခွဲထွက်)အဖွဲ့နှင့် PDF များက ကုန်သွယ်ရေးဇုန်၏ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပတ်ဝန်းကျင်တစ်ဝိုက်တွင် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင်များ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ထိုကဲ့သို့ လာရောက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာဝန်ထမ်း ၁ ဦးနှင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ထိခိုက်ကျဆုံးဒဏ်ရာများ ရရှိခဲ့ကာ ကုန်သွယ်ရေးဇုန် အဆောက်အဦ နှင့် X- Ray စက်တို့ မီးလောင်ပျက်စီးခဲ့ကြောင်းလည်းသိရှိရပါတယ်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်နေသည့်အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဖြင့် တုန့်ပြန်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#မြဝတီကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရ
#KKO (ခွဲထွက်)အဖွဲ့နှင့် PDF
#YangonMediaGroup
Published 26 March 2023
မြန်မာနှင့်တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လျှပ်စစ်စွမ်းအားဆိုင်ရာ စီမံကိန်းများကို ဆက်လက်ကူညီသွားမယ်လို့ တရုတ်အစိုးရကပြောပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့တဲ့ နစက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ အမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့(National Energy Administration- NEA) နှင့်တွေ့ဆုံစဉ် အဖွဲ့ ဒုတိယဥက္ကဋ္ဌ မစ္စတာရန်ဂျင်းဒန်ကပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နယ်စပ်ဖြတ်ကျော် ဆောင်ရွက်လျက်ရှိတဲ့ စီမံကိန်းတွေကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ကိုလည်း မစ္စတာရန်ဂျင်းဒန်ကပြောပါတယ်။ အဆိုပါ စီမံကိန်းဟာ နောင်တွင် မြန်မာနိုင်ငံမှ လျှပ်စစ်ဓာတ်အားလိုအပ်ပါက ရောင်းချနိုင်ရန်ဖြစ်ပြီး ပိုမိုထုတ်လုပ်နိုင်ချိန်တွင် ဝယ်ယူရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
မြန်မာဝန်ကြီး ဦးသောင်းဟန်က ယခုကာလတွင် မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိနေသော်ငြား ၂၀၂၅ ခုနှစ်တွင် တတ်နိုင်သမျှ လိုအပ်ချက်ကို ထပ်မံဖြည့်ဆည်းနိုင်ရန် စီမံဆောင်ရွက်လျက်ရှိတယ်လို့ ဆွေးနွေးပြောကြားပါတယ်။ အဲဒါကြောင့် မိမိတို့နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့ အတွက် ရင်းနှီးမြှုပ်နှံရန် လာရောက်သူများကို (NEA) အနေဖြင့် ခွင့်ပြုပံ့ပိုးပေးဖို့၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာဖလှယ်သည့် ဆွေးနွေးပွဲနှင့် သင်တန်းများကိုလည်း ဖိတ်ခေါ်ပေးဖို့ တရုတ်ဘက်ကို မေတ္တာရပ်ခံပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် အများဆုံးဖြစ်သော ရေအားလျှပ်စစ်စီမံကိန်းများကို ထုတ်လုပ်ဆောင် ရွက်ရန် လိုအပ်တယ်လို့ NEA ဒုတိယဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးပေးခဲ့ပါတယ်။
ယခု ၂၀၂၃ ခုနှစ်သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံမှု (၇၃)နှစ်မြောက် ဖြစ်သကဲ့သို့ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု Belt and Road (၁၀)နှစ် ပြည့်မြောက်သောနှစ် ဖြစ်သည့်အလျောက် မဟာဗျူဟာမြောက် ဆက်ဆံရေးများကို နက်နက်ရှိုင်းရှိုင်း တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အခွင့်သင့်ပါက NEA အဖွဲ့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပါကြောင်းလည်း သူကဆက်လက်ပြောကြားခဲ့ပါတယ်။
မြန်မလျှပ်စစ်စွမ်းအားဝန်ကြီးဟာ တရုတ်နိုင်ငံမှာရှိနေစဉ်အတွင်း တရုတ်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း တွေကိုသွားရောက်လေ့လာခဲ့တဲ့အပြင် မြန်မာနိုင်ငံမှာလျှပ်စစ်ကဏ္ဍရင်းနှီးမြှပ်နှံနေတဲ့ တရုတ်ကုမ္ပဏီတွေနှင့်လည်း တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့်မြန်မာကိုယ်စားလှယ်အဖွဲ့ ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုကို လေ့လာနိုင်ရန် တရုတ်နိုင်ငံ၏ ဖိတ်ကြား ချက်အရ မတ် ၁၇ ရက်မှ ၂၂ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့နှင့် ပေကျင်းမြို့များသို့ သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။
-ymg/knl
#လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်တရုတ်နိုင်ငံသွားရောက်လေ့လာ
#တရုတ်နိုင်ငံအမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့
#မြန်မာ_တရုတ်_လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု
#YangonMediaGroup
Published 26 March 2023
ရုရှားနှင့်ယူကရိန်းစစ်ပွဲဖြစ်ပွားနေပြီး ၁၃ လအကြာတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့အနေဖြင့် နည်းဗျူဟာ မြောက် နျူကလီးယားလက်နက်များကို အိမ်နီးချင်း မဟာမိတ် ဘယ်လာရုစ်နိုင်ငံအတွင်းတွင် ဖြန့်ကျက်ချထားမယ်လို့ မတ်၂၅ ရက် စနေနေ့က ပြောကြားလိုက်ပါတယ်။
ဒါဟာ ဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘဲ အမေရိကန်ဟာ ဒါမျိုးကို ဆယ်စုနှစ်များစွာကတည်းက လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်၊ သူတို့ရဲ့ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေကို သူတို့ရဲ့မဟာမိတ်နိုင်ငံတွေရဲ့ပိုင်နက်ထဲမှာ ထားရှိခဲ့တာ ကြာပြီဖြစ်တယ်လို့ ပူတင်ကပြောပါတယ်။
ယခုကိစ္စနှင့်ပတ်သက်လို့ သူ့အနေနှင့် ဘီလာရုစ်သမ္မတ အဲလက်ဇင်းဒါး လူကာရှန်ကို ပြောဆိုပြီးဖြစ်ကာ ခေါင်းဆောင် နှစ်ဦးစလုံးက သဘောတူကြတယ်လို့လည်း ပူတင်ကပြောပါတယ်။
“ ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ တာဝန်ဝတ္တရားတွေကို မဖောက်ဖျက်ပဲ အတူတူလုပ်ကြဖို့သဘောတူခဲ့ကြပါတယ်။ နျူကလီးယား လက်နက်မပြန့်ပွားရေး နိုင်ငံတကာတာဝန်ဝတ္တရားတွေကို မဖောက်ဖျက်ပဲဆောင်ရွက်မယ်ဆိုတာ ကျွန်တော်အလေးအနက်ပြောလိုပါတယ်” လို့သူကပြောပါတယ်။ ဘယ်လာရုစ်ခေါင်းဆောင်က ဒီလိုထားရှိဖို့ကို နှစ်များစွာကတည်းကပြောဆိုထားတာဖြစ်တယ်လို့လည်း ပူတင်ကဆက်လက်ပြောဆိုပါတယ်။
နည်းဗျူဟာမြောက် လက်နက်တွေကို ထားရှိဖို့ အဆောက်အအုံကို ဇူလိုင်(၁)ရက်နောက်ဆုံးထား အပြီး ဆောက်လုပ်မယ် လို့ ပူတင်ဆီကနေသိရပါတယ်။ ဒါပေမယ့် လက်နက်တွေထိန်းချုပ်ကိုင်တွယ်ဖို့ကိုတော့ ရုရှားက ဘယ်လာရုစ်ကိုလွှဲပေးမှာ မဟုတ်ဘူးလို့လည်း ပူတင်ကပြောပါတယ်။ မော်စကိုဟာ နျူကလီးယားလက်နက်တွေပစ်ခတ်နိုင်တဲ့ အိုက်စကန်ဒါ နည်း ဗျူဟာမြောက်ဒုံးကျည်စနစ်တွေကို ယခင်ကတည်းက ပေးထားပြီးဖြစ်ပါတယ်။ အဲဒီအပြင် နည်းဗျူဟာမြောက် နျူကလီး ယား လက်နက်တွေသယ်ဆောင်နိုင်တဲ့ လေယာဉ်ဆယ်စင်းကိုလည်း ဘယ်လာရုစ်မှာထားရှိပြီးဖြစ်တယ်လို့ ပူတင် ပြောဆိုမှု အရ သိရပါတယ်။
Source: WION
#ရုရှား_နည်းဗျူဟာမြောက်နျူကလီးယားလက်နက်
#ရုရှား_ဘယ်လာရုစ်
#YangonMedia
Published 25 March 2023
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်နောက်ထပ် စီးပွားရေးအရေးယူပိတ်ဆို့မှုအသစ်တွေထပ်မံပြုလုပ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီတစ်ခါမှာ မြန်မာ့တပ်မတော်ကို ဂျက်လောင်စာဆီ ပေးသွင်းနေတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူတာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ကြေညာချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားပါတယ်။
အဲဒီအရေးယူမှုမှာ လူပုဂ္ဂိုလ်နှစ်ဦးနှင့် ကုမ္ပဏီ (၆)ခုပါရှိတယ်လို့လည်း သတင်းကဆိုပါတယ်။
အဲဒီကုမ္ပဏီတွေက Asia Sun Group ၊ Asia Sun Trading Co. Ltd၊ Cargo Link Petroleum Logistics Co. Ltd ၊ Star Sapphire Group of Companies ၊ Star Sapphire Trading Company Limited နှင့် STAR SAPPHIRE GROUP PTE. LTD.တို့ဖြစ်ကြပါတယ်။ လူပုဂ္ဂိုလ်နှစ်ဦးကတော့ ဦးထွန်းမင်းလတ်နှင့်ဇနီးဖြစ်သူ ဒေါ်ဝင်းမင်းစိုးတို့ဖြစ်ကြတယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ယခုအရေးယူပိတ်ဆို့မှုဟာ အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေများစွာထဲက နောက်ဆုံးချမှတ်မှုဖြစ်ပါတယ်။
အရေးယူပိတ်ဆို့မှုတွေရှိနေသော်ငြားလည်း မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ တိုးတက်လာနေတယ်လို့ နစက,က ပြောဆိုနေပါတယ်။
မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ အနှုတ်၅ ဒသမ ၉ ရာခိုင်နှုန်းမှ အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်တွင်မြန်မာ့စီးပွားရေးသည် ၃ ဒသမ၄ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့တယ်လို့ နစက ဥက္ကဋ္ဌက မတ်၂၄ ရက်နေ့ကကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
-ymg/knl
#မြန်မာနိုင်ငံအပေါ်အမေရိကန်ကစီးပွားရေးပိတ်ဆို့ကန့်သတ်မှုအသစ်ထပ်လုပ်
#မြန်မာစီးပွားရေးတိုးတက်
#YangonMediaGroup
Published 24 March 2023
ပြင်သစ်နိုင်ငံမှာ ပင်စင်ပြုပြင်ပြောင်းလဲမှုအပေါ် မကျေနပ်ကြတဲ့သန်းနှင့်ချီတဲ့ ဆန္ဒပြသူများနှင့် ပြင်သစ် လုံခြုံရေးတပ်ဖွဲ့တွေအကြား မတ်လ၂၃ရက်ကြာသပတေးနေ့က ရုန့်ရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ပြင်သစ်ပြည်သူတွေဟာ သမ္မတ မက်ခရွန်ရဲ့ အကြီးအကျယ်အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ပင်စင်ပြုပြင်ပြောင်းလဲရေး အပေါ် ဆန့်ကျင်လာခဲ့ကြတာ သုံးလရှိပြီလည်းဖြစ်ပါတယ်။
ရဲအရာရှိ၁၅၀ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး များစွာသော ဆန္ဒပြသူတွေလည်း အဖမ်းခံခဲ့ကြရပါတယ်။ ပါရီမြို့အပါအဝင် မြို့တော်တော်များများမှာ ဆန္ဒပြမှုတွေကနေ ရုန့်ရင်းဆန်ခတ်မှုတွေဖြ်လာခဲ့ကြပြီး ဆန္ဒပြသူတွေက မီးကွင်းတွေနှင့် ပစ်ပေါက်ခဲ့ကြပါတယ်။
Source AFP
#ပြင်သစ်ပင်စင်ကိစ္စဆန္ဒပြပွဲ
#ပြင်သစ်ပင်စင်ပြုပြင်ပြောင်းလဲရေး
#YangonMediaGroup
Published 23 March 2023
ယူကေနှင့် ဆွစ်ဇာလန်တို့က ပညာရှင်နှစ်ဦက ဒီမိုကရေစီရဲ့အနှစ်သာရအပေါ်အမြင်တွေကို ပြောကြားခဲ့ကြပါတယ်။ ပြည်သူတွေဟာ သူတို့ဘဝတွေအတွက် ရလာဒ်တွေအပေါ် ပိုပြီးစိုးရိမ်ပူပန်မှုတွေရှိနေကြတယ်လို့လည်း ပြောလိုက်ပြီး တရုတ်နိုင်ငံရဲ့ ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်ဟာ အနောက်နိုင်ငံတွေထက် ပိုပြီးဒီမိုကရေစီဆန်တယ် လို့လည်း သူတို့က ဆိုကြပါတယ်။
Source: CCTV+
#တရုတ်ဒီမိုကရေစီ
#ဆွစ်ဇာလန်နှင့်ယူကေပညာရှင်
#YangonMediaGroup
Page 103 of 209