Published 17 June 2022
မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်းအမ်နှင့် အကြီးတန်းအရာရှကြီးတွေဟာ အမျိုးအမည်မသိတဲ့ အူအတွင်းဖြစ်ပွားတဲ့ ရောဂါကူးစက် ပျံ့နှံ့ကူးစက်ခံနေရတဲ့ မိသားစု(၈၀၀)ထံ ကူညီထောက်ပံ့မှုတွေပေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက သောကြာနေ့ ကသတင်းထုတ်ပြန်ပါတယ်။ မြောက်ကိုးရီးယားဟာ ကိုဗစ်-၁၉ ကူးစက်မှုတွေနှင့်လည်း လက်ရှိကြုံတွေ့နေရတာဖြစ်ပါတယ်။
ပြင်းထန်တဲ့အူပိုင်းဆိုင်ရာ ကူးစက်ရောဂါတွေဖြစ်ပွားနေတယ်လို့ မြောက်ကိုးရီးယားက ဒီတစ်ပတ်မှာ ထုတ်ဖော် ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဘာရောဂါလဲဆိုတာကိုတော့ အသေးစိတ်မပြောပါဘူး။ ဒါပေမယ့် အူပိုင်းဆိုင်ရာဆိုတာ အစာအိမ် အူလမ်းကြောင်းကို ညွန်းဆိုတာဖြစ်ပါတယ်။
“ အရာရှိတွေဟာ ကူးစက်ရောဂါကို ကုသဖို့နှင့် ကန်ဂရောင်းစီရင်စု၊ ဟေဂျူးမြို့မှာရှိတဲ့ ပြည်သူတွေ တည်ငြိမ်တဲ့ဘဝ ရောက်ရှိဖို့ ဆေးဝါးတွေ၊အစားအသောက်တွေနှင့် နေ့စဉ်လိုအပ်တဲ့ အသုံးအဆောင်တွေကိုပြင်ဆင်နေပါတယ်” လို့ ကိုးရီးယား ဗဟိုသတင်းစဉ်က ကြေညာပါတယ်။
ပြည်သူတွေဆင်းရဲဒုက္ခရောက်နေတာကို အမြန်ဆုံး လျော့ပါးသက်သာစေဖို့ အလုပ်မှာ တာဝန်ကျေပွန်ကြဖို့ ခေါင်းဆောင် ကင်မ်က အရာရှိတွေကို ဆော်ဩလိုက်ပါတယ်။
တောင်ကိုးရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက ဆိုးလ်အနေနှင့် ကူးစက်ရောဂါကို အနီးကပ် စောင့်ကြည့်နေပြီး ဝမ်းရောဂါ ဒါမှမဟုတ် အူယောင်ငန်းဖျားလို့ သံသယဖြစ်မိတယ်လို့ ပြောပါတယ်။
ရောဂါဖြစ်ပွားနေတဲ့နေရာဟာ မြောက်ကိုးရီးယားရဲ့ လယ်ယာလုပ်ငန်းအဓိကနေရာတစ်ခုဖြစ်လို့ လက်ရှိအခြေအနေကြောင့် စားနပ်ရိက္ခာပြတ်လတ်မှာကို စိတ်ပူနေကြပါတယ်။
Source: Reuters
Published 16 June 2022
ထိုင်ဝမ်စစ်တပ်က ယင်းရဲ့ နောက်ဆုံးပေါ် ပြည်တွင်းထုတ် တင့်ကားတစ်စီးကို ထုတ်ပြလိုက်ပါတယ်။ အဲဒီတင့်ကားကို CM-34 Clouded Leopard လို့အမည်ပေးထားပါတယ်။ ရာသီအားလုံးတိုက်ပွဲဝင် ယန္တယားဟာ ၃၀မီလီမီတာ chain gunတစ်ခုကို တပ်ဆင်ထားပြီး ၃ ကီလိုမီတာ အကွာအဝေးထိ လှမ်းပစ်နိုင်ပါတယ်။
ထိုင်ဝမ်ဟာ ယင်းရဲ့ ကိုယ်ပိုင်လက်နက်တွေကို ထုတ်လုပ်ပြီး တရုတ်ကို ရင်ဆိုင်နိုင်ဖို့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်နေတာဖြစ်ပါတယ်။ CM-34 ထုတ်လုပ်ရေးစက်ရုံကို ထိုင်ဝမ်အလယ်ပိုင်းမှ တည်ဆောက်ထားပြီး တစ်လကို တင့်ကား ၆ စီးထုတ်လုပ်နိုင်ပါတယ်။ ထိုင်ဝမ်စစ်တပ်က Clouded Leopards အစီး ၃၀၅ စီး မှာယူထားပါတယ်။
Source AFP
Published 16 June 2022
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (United Nations Children’s Fund- UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Marcoluigi Corsi က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နစက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ခန့်အပ်လွှာပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မစ္စတာကော်ဆီဟာ ယူနီဆက်အဖွဲ့ကို ၁၉၉၇ခုနှစ်က လက်ထောက်ပရိုဂရမ်အရာရှိအဖြစ် စတင်ဝင်ရောက်ခဲ့ပါတယ်။ ၁၉၉၉ခုနှစ်မှာ သူဟာ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တာ်အခြေစိုက်တဲ့ ဆိုမာလီယားအထောက်အပံ့ပေးရေးစင်တာကို ပြောင်းရွှေ့ အမှုထမ်းခဲ့ပါတယ်။ ၂၀၀၂ခုနှစ်မှ ၂၀၀၅ခုနှစ်အထိ ယူနီဆက်ရဲ့ Eritrea အီရီထရီးယားနိုင်ငံ ဒုတိယဌာနေကိုယ်စားလှယ်အဖြစ် လည်းကောင်း၊၂၀၀၅မှ ၂၀၀၈ခုနှစ်အထိ ယူနီဆက်ရဲ့ စီမံကိန်း၊စောင့်ကြည့်လေ့လာရေး၊အကဲဖြတ်ရေးနှင့် အရင်းအမြစ် ရွှေ့ပြောင်းရးဆိုင်ရာ အကြီးတန်းပရိုဂရမ်ကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။၂၀၀၈မှ ၂၀၁၁ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံရဲ့ ယူနီဆက်ဒုတိယဌာနေကိုယ်စားလှယ်နှင့် အဲဒီနောက် ဘိုလစ်ဗီးယားနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အဖြစ် ပြောင်းရွေ့ခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာ မိုဇမ်ဘစ်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ အဲဒီနောက် ယူနီဆက် အရှေ့အာရှနှင့်ပစိဖိတ်ရုံး ဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ ကြောင်း ယူနီဆက်သတင်းအရင်အမြစ်အရသိရပါတယ်။သူဟာ နိုင်ငံတကာ နို်ငံရေးသိပ္ပံမဟာဘွဲ့ရရှိထားတဲ့ အီတလီ လူမျိုးတစ်ဦးဖြစ်ပါတယ်။
Ymg/nl/
Published_ 16 June 2022
ငြိမ်းချမ်းရေးဆွေးနွေးဖို့နေပြည်တော်ကိုရောက်ရှိနေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ (၁) ခွန်ထွန်းတင် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ဇွန် ၁၆ ရက်မှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ စတင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ယခုထက်ထိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၇)ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနေတာဖြစ်ပါတယ်။ ဆွေးနွေးပွဲတက်ရောက်ဖို့ အကြောင်းပြန်ထားတဲ့အဖွဲ့တွေထဲက ကျန်ရှိတဲ့ အဖွဲ့အစည်းတွေနှင့်လည်းဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ကျန်အဖွဲ့တွေကိုလည်း တက်ရောက်ဖို့ထပ်မံဖိတ်ခေါ်ထားတယ်လို့ နစက,က သတင်းထုတ်ပြန်ထားပါတယ်။
ymg/nl/
Published 14 June 2022
မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အခြေခံသည့် နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုသာရှိတဲ့အတွက် စိုက်ပျိုးရေး ပညာရှင်များစွာ မွေးထုတ်ဖို့လိုအပ်နေသေးတယ်လို့ နစက ဥက္ကဋ္ဌက ပြောတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက် အရသိရပါတယ်။
ယနေ့ ဇွန်လ(၁၄)ရက်က နေပြည်တော်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှာ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ရှိသူတွေနှင့် စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးဆွေးနွေးရာမှာ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်တွေမွေးထုတ်ပေးနိုင်ဖို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတွေနှင့် ကောလိပ်နှင့်တက္ကသိုလ်တွေ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေး တက္ကသိုလ်နှင့်ကောလိပ်တွေဟာ မြန်မာနိုင်ငံထက်များနေတယ်လို့လည်း သူက နှိုင်းယှဉ်ပြောသွား ပါတယ်။
ခရိုင်တွေတိုးချဲ့ဖွဲ့စည်းလိုက်တဲ့အတွက် ခရိုင်အလိုက် နည်းပညာဆိုင်ရာ သင်တန်းကျောင်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမယ်။ထူးချွန်သူတွေဟာ အဆင့်မြင့်ပညာတွေ ဆက်လက်သင်ယူနိုင်မယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြော ပါတယ်။
သုတေသနလုပ်ငန်းသည် နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းစဉ် ဖြစ်ပြီး စိုက်ပျိုးရေးသုတေသနလုပ်ငန်းဟာ နိုင်ငံအတွက် အဓိကလိုအပ်ချက်အဖြစ်ပြနေတယ်လို့လည်း သူကထောက်ပြသွားပါတယ်။
စိုက်ပျိုးရေးသုတေသနဌာနဟာ ၁၉၅၄ခုနှစ်ကတည်းက ရန်ကုန်မြို့ ကြို့ကုန်းတွင် လယ်ယာစိုက်ပျိုးခြင်း သုတေသနဗိမာန် အမည်ဖြင့်စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိတွင် အပင်မျိုးစုံ မျိုးဗီဇ စုစုပေါင်း ၁၂၈၃၈ မျိုးကို ထိန်းသိမ်းထားရှိပြီး ယနေ့အထိ သီးနှံဗီဇအရင်းအမြစ် စုစုပေါင်း ၂၄၇၇၇ ကို ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေထံ ဖြန့်ဝေပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Published 14 June 2022
အမေရိကန်ပြည်ထောင်စုဟာ စီးပွားရေကျဆင်းမှုကို ဦးတည်နေဖွယ်ရှိကြောင်း ထိပ်တန်းစီးပွားရေးပညာရှင်တွေက ခန့်မှန်း လိုက်ကြပါတယ်။ ထကြွနေတဲ့ ငွေကြေးဖောင်းပွမှုနှင့် မြင့်မားလာနေတဲ့ အတိုးနှုန်းတွေက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖိနှိပ်ထားနေတာကြောင့်ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ထုတ်ဝေတဲ့ ဖိုင်နယ်ရှယ်တိုင်းမ်သတင်းစာမှာ ဖော်ပြထားပါတယ်။
ချီကာဂိုတက္ကသိုလ်နှင့် ပူးတွဲပြုလုပ်တဲ့ စစ်တမ်းအရ စီးပွားရေးပညာရှင်၄၉ဦးကိုမေးမြန်းခဲ့ရာမှာ သူတို့ထဲက ၇၀ ရာခိုင်နှုန်းက အမေရိကန်စီးပွားရေးဟာ ၂၀၂၃ ပထမနှစ်ဝက် သို့မဟုတ် ဒုတိယနှစ်ဝက်မှာ စီးပွားရေးကျဆင်းမှုနှင့်ကြုံရဖွယ်ရှိတယ်လို့ ပြောကြပါတယ်။
အမေရိကန်အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ရာမှာ အမေရိကန်ရဲ့ စားသုံးသူဈေးနှုန်းတွေဟာ မေလမှာ ခန့်မှန်းထားခဲ့တဲ့ ၈.၆ ရာခိုင်နှုန်းထက် မြင့်မားနေပြီး ၁၉၈၁ခုနှစ်ဒီဇင်ဘာကတည်းက ဒါဟာ အမြင့်ဆုံးငွေကြေးဖောင်းပွမှု ဖြစ်ပါတယ်။
ငွေကြေးဖောင်းပွမှုမြင့်တက်လာနေတာကို အဆိုးရွားဆုံးဖြစ်လာမှာ စိုးရိမ်တာကြောင့် အမေရိကန်ဖက်ဒရယ်အရန်ငွေကြေး အဖွဲ့က အတိုးနှုန်းတွေကို တိုးပစ်လိုက်ပါတယ်။ ဒါပေမယ့် အဲသလိုလုပ်လိုက်တာကြောင့် ငွေကြေးဖောင်းပွမှုမြင့်နေတာကို ကာကွယ်ပေးနိုင်ပါ့မလား သံသယဖြစ်နေကြပြီး ဒါဟာ စီးပွားရေးတိုးတက်မှုအလားအလာကိုပါ အနှောက်အယှက်ဖြစ်စေမှာကို ပညာရှင်တွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။
Source CCTV+
Published 14 June 2022
လျှပ်စစ်ဓာတ်အားခတွေ ဇူလိုင်(၁)ရက်ကစပြီး တိုးမြှင့်ကောက်ခံတော့မယ်လို့ လူမှုကွန်ယက်ပေါ်မှာ ဖော်ပြနေတာတွေဟာ ယခင် ၂၀၁၉ခုနှစ်က သတင်းကိုပြန်လည်ကူးယူဖော်ပြနေခြင်းသာဖြစ်ပြီး ဓာတ်အားခနှုန်းတွေ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ယင်းရဲ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာကနေ ပြန်လည်ရှင်းလင်း ထားပါတယ်။
ရှင်းလင်းချက်အပြည့်အစုံကို ပြန်လည်ကူးယူဖော်ပြပေးပါတယ်။
ဓာတ်အားသုံးစွဲသူများသို့ အသိပေးပန်ကြားချက်
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၂၀၁၉ခုနှစ် ဇူလိုင် ၁ ရက်နေ့ ယခင် (၃) နှစ် ကတည်းကမှစ၍ ဓာတ်အားခ နှုန်းထားများကို ပြင်ဆင်သတ်မှတ်ခဲ့ပြီး ယနေ့အချိန်ထိ အဆိုပါနှုန်းထားများအတိုင်း ကောက်ခံလျက်ရှိပါကြောင်းနှင့် လူမှုကွန်ယက်တွင် ဖြန့်ဝေနေသည့် ဓာတ်အားခနှုန်းထား တိုးမြှင့်မည့် သတင်းမှာ ယခင် ၂၀၁၉ ခုနှစ်က သတင်းအား ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါကြောင်း ရှင်းလင်းအသိပေးအပ် ပါသည်။
၂။ ယခုကောက်ခံလျက်ရှိသည့် ဓာတ်အားခနှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်ပြီး နှုန်းထားပြောင်းလဲမှုမရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်။
Page 164 of 209