#Local_News
Published_ 6 February 2023
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင် အသစ်ဖြစ်သူ Dr Piti Srisangnam အား အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ ဖေဖော်ဝါရီ ၃ ရက်တွင် လက်ခံတွေ့ဆုံခဲ့ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ ဆွေးနွေးကြပါတယ်။
ထိုသို့ တွေ့ဆုံစဉ် အာဆီယံဖောင်ဒေးရှင်းနှင့် အာဆီယံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်များ ကော်မတီအဖွဲ့ဖြစ်သည့် Board of Trustees များနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးကြပါတယ်။
ASEAN Foundation သည် အာဆီယံ အသိုက်အဝန်း ထူထောင်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်ရာ အာဆီယံအား ပြည်သူများ ပိုမိုသိရှိစေရန် ဆောင်ရွက်ရာ၌ ထိရောက်သည့် တစ်ထောင့် တစ်နေရာမှ ပါဝင်ဆောင်ရွက်ရန်ကိစ္စတို့ကို လည်း ဆွေးနွေးခဲ့ကြပါတယ်။
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အာဆီယံ၏ ဆွေးနွေးဖက် နိုင်ငံများမှ အကူအညီများရယူ၍ ASEAN Foundation အနာဂတ် စီမံကိန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်သွားရန် အစရှိသည့် ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 6 February 2023
ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး(UNODC) အမှုဆောင် ညွှန်ကြားရေးမှူး Ms. Ghada Waly နှင့် အဆိုပါရုံးတွင် ဖွဲ့စည်းထားသော ဗီယင်နာမြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ရုံးများ၏ FINGOV တို့အကြား ဆွေးနွေးပွဲကို Vienna International Centre ၌ ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ ဗီယင်နာအခြေစိုက် အမြဲတမ်းကိုယ်စားလှယ်များ၊ ဘာသာရပ် တာဝန်ခံများနှင့်အတူ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံသံမှူး ဦးရဲမောင်သိမ်းတို့ တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲတွင် ၂၀၂၃ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဂါနာ အမြဲတမ်း ကိုယ်စားလှယ် H.E. Mr. Philbert Abaka Johnson က moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ UNODC အနေဖြင့် ၂၀၂၂ ခုနှစ်တွင် ရရှိခဲ့သည့် အောင်မြင်မှုများ၊ ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ UNODC ၏ အခန်းကဏ္ဍ၊ စံတန်ဖိုးများနှင့် ရည်မှန်းချက်များ၊ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အစီအစဉ်များကိုဆွေးနွေးကြပါတယ်။
ထို့ပြင် ဘဏ္ဍာရေးနှင့်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အလှူရှင် နိုင်ငံများ၏ထည့်ဝင်မှုနှင့်၎င်းတို့၏ ဦးစားပေး ဒေသ/နိုင်ငံများရှိ စီမံကိန်းများကို အကောင်အထည်ဖော်မှု၊ ဝန်ထမ်းရွေးချယ်ခန့်အပ်မှုများတွင် ဒေသခွဲအားလုံးကို ကိုယ်စား ပြုသည့် ကျွမ်းကျင်သူများပါဝင်ပြီး ကျား-မ တန်းတူညီမျှစွာ ခန့်ထားရေး၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများက မေးမြန်းသည့် မေးခွန်းများ၊ အကြံပြုချက်များအား အမှုဆောင်ညွှန်ကြားရေးမှူးက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါတယ်။
FINGOV အဖွဲ့သည် UNODC၏ အုပ်ချုပ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ အသုံးစရိတ်များ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျား-မတန်းတူ ညီမျှမှုရှိရေး၊ မူဝါဒများနှင့်အစီအစဉ်များ၊ တစ်ကမ္ဘာလုံးနှင့် ဒေသတွင်း အစီအစဉ်များ အကောင်အထည်ဖော်ရာတွင် တိုးတက်မှုများနှင့်ပတ်သက်၍ ဆောင်ရွက် သော အဖွဲ့ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 6 February 2023
နယ်စပ်ကုန်သွယ်မှုတွင် ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ်ဖြင့် ကြိုတင်လျှောက်ထားရတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက သိရသည်။
ယင်းကို လာမည့် ဖေဖော်ဝါရီလ ၁၁ ရက်ကစတင်မည် ဖြစ်ပြီး ကုန်ပစ္စည်းသယ်ဆောင်ခွင့် QR Code ရရှိပြီးမှသာ ကုန်ပစ္စည်းတင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
လုပ်ငန်းစဉ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၁၀ ရက်ထိ စမ်းသပ်ကာလ Pilot Project အဖြစ် မြန်မာ - တရုတ် ကုန်သွယ်ရေးဂိတ်များ ဖြစ်ကြသော မူဆယ်၊ ချင်းရွှေဟော် နယ်စပ်ဂိတ်၊ မြန်မာ - ထိုင်း ကုန်သွယ်ရေးနယ်စပ်ဂိတ်ဖြစ်သော မြဝတီ နယ်စပ်ဂိတ်များတွင် အခကြေးငွေမကောက်ခံဘဲ စမ်းသပ်လျက်ရှိကြောင်း သိရသည်။
စမ်းသပ်ကာလ ပြီးနောက် ဖေဖော်ဝါရီလ ၁၁ ရက်မှ စတင်၍ ယာဉ်တစ်စီးလျှင် ငွေကျပ် ၅၀၀၀ နှုန်း ကောက်ခံသွားမည် ဖြစ်ကြောင်း၊ကုန်သွယ်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့် လျှောက်ထားရာတွင် တင်ပို့မည့် ကုန်ပစ္စည်း များအတွက် နယ်စပ်ပို့ကုန် လိုင်စင်ကို Myanmar Tradenet 2.0 စနစ် ဖြင့် ဦးစွာလျှောက်ထားရမည်ဖြစ်ကြောင်းနှင့် ပို့ကုန်လိုင်စင်ရရှိပြီးနောက်ယာဉ်များ၏ အချက်အလက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊Vehicle Monitoring System ဝက်ဘ်ဆိုက် တွင် ဖြည့်သွင်း လျှောက်ထားရမည်ဖြစ်ကြောင်း၊ လိုအပ်သောအချက်အလက်များကို ကုန်သွယ်ရေး ဦးစီးဌာနက စိစစ်ပြီးမှသာ QR Code ပါဝင်သော ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း လိုင်စင်လျှောက်ထားရန် မလိုသည်ကုန်ပစ္စည်းများအတွက် ပို့ကုန်လုပ်ငန်း အဆင်ပြေစေစေရန် Automatic Licensing စနစ်ဖြင့် ချက်ချင်းခွင့်ပြုဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပို့ကုန်ပစ္စည်းသယ်ဆောင်သည့်ယာဉ်များကိုလမ်းကြောင်းတစ်လျှောက် ကုန်စည်စစ်ဆေးရေး ဂိတ်များရှိ တာဝန်ကျဝန်ထမ်းများမှ Tracking Mobile Appဖြင့် QR Code များကို စစ်ဆေးသွားမည် ဖြစ်ကြောင်းနှင့် QR Code ပြသစစ်ဆေးခြင်းမခံယူသောယာဉ်များကို စစ်ဆေးရေးဂိတ်များက ထွက်ခွာခွင့် ပြုမည် မဟုတ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _6 February 2023
ပထမဆုံးအကြိမ် ပထမဆုံးအကြိမ် ရေပေါ်ရှိုးအနေဖြင့် LGBT Crown Myanmar 2023 & King of Gay Myanmar 2023 ပွဲကို ပထမဆုံးအကြိမ် ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ ပြိုင်ပွဲပြုလုပ်ရန် စီစဉ်သည့် New International Model Beauty Pageant Organization က သိရသည်။
ယင်းကို LGBT များအတွက်ရည်ရွယ်၍ လာမည့် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ဗိုလ်တထောင်ကမ်းနားရှိ The Love Boat ၌ ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့၏ တာဝန်ရှိသူ မနှင်းက ပြောသည်။
"လျှောက်လွှာတွေကို အခမဲ့ ခေါ်နေပါပြီ၊Main Sponsor အနေနဲ့ The Love Boat က တာဝန်ယူထားပါတယ်။ ပထမဆုံးအကြိမ် ရေပေါ်ရှိုး အနေနဲ့ တိုင်းနဲ့ပြည်နယ်တွေက LGBT တွေအတွက် အခွင့်အရေး ရအောင် စီစဉ်တာပါ"ဟု အဆိုပါ တာဝန်ရှိသူ မနှင်းက ဆိုသည်။
LGBT ပြိုင်ပွဲအတွင်း အကယ်ဒမီဆုရသူများ၊ နိုင်ငံကိုယ်စားပြု အလှမယ်များ၊သရုပ်ဆောင် များ၊လူမှုကွန်ရက် ဆယ်လီများ စသည်တို့တက်ရောက်၍ အကဲဖြတ်ပေးကြမည် ဖြစ်ကြောင်းလည်း သိရသည်။
လျှောက်ထားသူများအနေဖြင့်အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ ၃ ပုံ ၊ အရပ်က ၅ ပေ ၃ လက်မ အထက်ရှိသည့် LGBT မည်သူမဆို The Love Boat Page ဖေဖော်ဝါရီလ ၈ ရက်တွင် နောက်ဆုံးလျှောက်ထားနိုင်မည် ဖြစ်ကြောင်းနှင့် LGBT ပြိုင်ပွဲကိုအတွက် ဖောင်ကြေးသင်တန်းကြေး ကောက်ခံခြင်းမရှိကြောင်း သိရသည်။
ယင်းအပြင် LGBT Crown Myanmar 2023 & King of Gay Myanmar 2023 Grand Winners ဆုကြီးကို ရွှေအစစ်နဲ့ ပြုလုပ်ထားသော ရွှေဆွဲပြားအပြင် First Runner up , Second Runner up , Third Runner up ဆုများအတွက်လည်း ငွေသားဆုကြေးများ ထိုက်ထိုက်တန်တန် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 6 February 2023
အိမ်ခြံမြေအကျိုးဆောင်များအား ငွေကြေးခဝါချမှုနှင့်ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးပညာပေးမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းက သိရသည်။
အိမ်ခြံမြေအလုပ်လုပ်ကိုင်နေကြသည့် အကျိုးဆောင်များအတွက်ဆောင်ရန်၊ ရှောင်ရန်အချက်များအပါအဝင် နိုင်ငံတော်၏အကျိုးကိစ္စရပ်များကို တဖက်တလမ်းမှ ကူညီဆောင်ရွက်နိုင်ကြရန်ရည်ရွယ်၍ အဆိုပါ ပညာပေးမှုများကို ဆက်တိုက်ပြုလုပ်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဇန်နဝါရီလ ၅ ရက်ကရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် Sky Star ဟိုတယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး(ဗဟို)အဖွဲ့နှင့် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (ရန်ကုန်တိုင်း) တို့ပူးပေါင်း၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဥပဒေနှင့် အိမ်ခြံမြေ အကျိုးဆောင်များဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
“ဒီသတင်တန်းက အခုဆိုရင် ၁၅ ကြိမ် ရှိပြီ၊ ကိုဗစ်ကာလနောက်ပိုင်းမှာ သင်တန်းပြန်ပေးတာကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ပုသိမ်၊ မြဝတီ၊ ဘားအံ တော်တော်များများကို သင်တန်းပို့ချခဲ့ပြီး ဖြစ်ပါတယ်။ သင်တန်းသူ၊ သင်တန်းသား ခုနှစ်ထောင် ရှစ်ထောင်လောက်ကို သင်တန်းပေးခဲ့ပြီး ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း MRPDA ဥက္ကဌ ဦးအောင်ထွန်း က မီဒီယာများအား ပြောသည်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင် ရာ (ဗဟို)အဖွဲ၏ ရဲမှူးကြီး ဦးအောင်ကျော်စိုးက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအကြောင်းကို အိမ်ခြံမြေအကျိုးဆောင်များအား ပြောပြသည့်အပြင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေများထဲမှ သိသင့်သည့် အချက်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုလွင် က ထုတ်နှုတ်ပြောပြခဲ့ကြသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 5 February 2023
ထိုင်းနိုင်ငံ၌ ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန်မြန်မာနိုင်ငံသားများအား ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့သို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်ကြီးများဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
နေရပ်ပြန်မြန်မာ ၆၇၉ ဦးတို့အနက် ရန်ကုန်တိုင်းဒေသကြီးမှ နေရပ်ပြန်မြန်မာနိုင်ငံသား ၁၁၈ ဦးအား မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ် (ကျန်စစ်သား) ဖြင့် ခေါ်ဆောင်လာခဲ့ရာ ဒီကနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ) သို့ ရောက်ရှိခဲ့ပါတယ်။
ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြသော နေရပ်ပြန်တို့အား နယ်မြေခံ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့် တိုင်းဒေသကြီးနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေရပ်ပြန်မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက လာရောက်ကြိုဆိုကြပါတယ်။
အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ နေရပ်ပြန်မြန်မာနိုင်ငံသား ၈၀ ဦးနှင့် ကျောက်ဖြူမြို့မှ နေရပ်ပြန်မြန်မာနိုင်ငံသား ၃၁ ဦးတို့အား မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်(အနော်ရထာ)ဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိပါတယ်။
ကျောက်ဖြူမြို့သို့ ပြန်လည်ရောက်ရှိလာကြသော နေရပ်ပြန်မြန်မာနိုင်ငံသား ၃၁ ဦး အား နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူးနှင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေရပ်ပြန်မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက လာရောက်ကြိုဆိုကြပါတယ်။
စစ်ရေယာဉ်(အနော်ရထာ)သည် စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင် မြို့များမှ နေရပ်ပြန်မြန်မာနိုင်ငံသား ၈၀ ဦးအား ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Myanmar_News
Published 6 Feb 2023
လျှပ်စစ်ဓာတ်အားသုံးမော်တော်ယာဉ်တွေအတွက် Power Station များကို စတင်တည်ဆောက်လျက်ရှိပြီး လူအသုံးများသည့် လမ်းများနှင့် မြို့ကြီးများတွင် ဆက်လက်တိုးချဲ့တည်ဆောက်သွားမယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားပါတယ်။
နစက ဥက္ကဋ္ဌဟာ ဖေဖော်ဝါရီ (၅)ရက် က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် အသီးသီးမှ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား လှိုင်သာယာ စက်မှုဇုန်၊ကနောင်ခန်းမ၌ တွေ့ဆုံ၍ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားရာမှာ လျှပ်စစ်ကားများကိစ္စထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းမှန်ပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်များ တင်သွင်းနိုင်ရေးအတွက် အခွန်နှုန်းထားများကို လျှော့ပေါ့ပေးထားကြောင်းနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက လျှပ်စစ်ဓာတ်အားအသုံးပြုသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီးစက်သုံးဆီသုံးစွဲမှုများကို များစွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်းကုန်ပစ္စည်းများကိုသယ်ယူပို့ဆောင်ရာတွင် ဈေးနှုန်းသက်သာသည့် မီးရထားဖြင့် သယ်ယူ ပို့ဆောင်ကြစေလိုကြောင်း ဗိုလ်ချူပ်မှူးကြီးကပြောတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးအုန်းဆိုင်က စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများဆောင်ရွက်နေမှု၊ စက်ရုံများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်မှုဇုံလည်ပတ်မှု ပိုမိုအဆင်ပြေစေရန်အတွက် လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရန် လိုအပ်မှု၊ သွင်းကုန်အစားထိုးရန်အတွက် စက်မှုကုန်ကြမ်းများနှင့် စက်အပိုပစ္စည်းများ ပြည်ပမှတင်သွင်းရာတွင် မြန်ဆန်စွာဖြင့် တင်သွင်းခွင့်ရရှိရေး၊ ပြည်တွင်းမှထုတ်လုပ်သည့် အဆင့်မီထုတ်ကုန်များကို နိုင်ငံတော်မှဝယ်ယူပေးစေလိုမှု တို့ကိုရှင်းလင်းတင်ပြခဲ့ပါတယ်။
စက်မှုဇုန်အသီးသီးမှ ကော်မတီဝင်များနှင့် လုပ်ငန်းရှင်များက စက်မှုဇုန်များအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများရှိနေပြီး ၎င်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးစေလိုမှု၊ စက်မှုလုပ်ငန်းများအတွက်အဓိက လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်ပေးစေလိုမှု၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ပေးစေလိုမှု၊ စက်မှုဇုန်များတည်ရှိသည့် မြို့နယ်များအတွင်း ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှု၊ စက်မှုဇုန်နယ်မြေများအတွင်း စိတ်အေးချမ်းသာစွာဖြင့် အလုပ်လုပ်နိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးစေလိုမှု၊အထည်အချုပ်လုပ်ငန်းများ၏ အရည်အသွေးတိုးမြှင့်နိုင်ရေး လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးစေလိုမှု တို့နှင့် ပတ်သက်၍ အသီးသီး တင်ပြဆွေးနွေခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးတွေကလည်း တင်ပြဆွေးနွေးချက်တွေအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ယခင်ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် နိုင်ငံတစ်ဝန်းရှိ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းစီမံကိန်းအချို့ နှောင့်နှေးခဲ့ခြင်း၊ ရပ်တန့်ခြင်းနှင့် ဖျက်သိမ်းခံခဲ့ရမှုများရှိခဲ့တဲ့အတွက် ယခုအခါ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းများကို ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေတယ်လို့ ဗိုလ်ချူပ်မှူးကြီးက ရှင်းလင်းပြောကြားပါတယ်။ အဲဒီအပြင် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် လေအားသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေတယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု မရှိစေရေးနှင့် စီးပွားရေးဆိုင်ရာ အာမခံချက်ကိုမိမိအနေဖြင့် အာမခံချက်ပေးတယ်လို့လည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Source: MOI
#ymg/knl
#Myanmar
#Myanmar_S.G.
Page 1364 of 2119