ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် တန် (၇၀၀)ဝင်ဆံ့သည့် အာလူးအအေးခန်းကို ယမန်နေ့က ကလောမြို့နယ်၊ သာမိုင်းခမ်းကျေးရွာအုပ်စု၊ ကုန်းလွင်ကျေးရွာမှာ ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 26 May 2026
#ကလောမြို့နယ် #အာလူး
#YMG/SW #Yangon_Times
#Daily_News
Published 26 May 2026
၁။ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုစတင်နေပြီး ကျောင်းသား၊ ကျောင်းသူများ လာရောက်အပ်နှံနေ
၂။ ကုန်သွယ်မှုလိုငွေမဖြစ်စေရေးMSMEs လုပ်ငန်းများကို အထူးအလေးထား အားပေးမြှင့်တင်မည်
၃။ ထိုင်းနှင့်ဖိလစ်ပိုင်နိုင်ငံများသို့ မြန်မာ့ပြောင်းနှင့်ဆန်များတင်ပို့မည်
၄။ ကျူးဘားတော်လှန်ရေးခေါင်းဆောင်အပေါ်အမေရိကန်စွပ်စွဲချက်များအား ကျူးဘားသမ္မတရှုတ်ချ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မေ ၂၆၊ ၂၀၂၆ (ရန်ကုန်)
ငလျင်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဗဟိုပြုပြီး လျှပ်စစ်မီး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အစရှိတဲ့ နယ်ပယ်အသစ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်း အောင် လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia က ပြောကြားပါတယ်။
ရန်ကုန်မြို့၊ Wyndham Grand Yangon Hotel တွင် မေလ ၂၆ ရက်(ယနေ့) ကျင်းပတဲ့ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲတွင် တရုတ်သံအမတ်ကြီး Ms. Ma Jia က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
“ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာ အခြေခံအဆောက်အအုံ စီမံကိန်း တည် ဆောက်ရေးနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍတွေကို အဓိက လွှမ်းခြုံထားပြီး၊ မြန်မာနိုင်ငံရဲ့ ရန်ပုံငွေပြတ်လပ်မှု၊ အခြေခံအဆောက်အအုံ နောက်ကျကျန်နေမှုနဲ့ လူသားအရင်းအမြစ် မလုံလောက်မှုစတဲ့ ဖွံ့ဖြိုး တိုးတက် ရေး အကျပ်အတည်းတွေကို ထိရောက်စွာ ကျော်လွှားနိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်တယ်” လို့ တရုတ် သံအမတ်ကြီးက ဆက်လက်ပြောဆိုပါတယ်။
“ ဒါဟာ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကို တမင်တကာ ပုတ်ခတ်ညှိုးနွမ်းစေဖို့ အတွက် လုပ်ကြံဖန်တီးထားတဲ့ “ကြွေးမြီထောင်ချောက်” ဆိုတာမျိုး လုံးဝ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်မတို့က ပြည်သူလူထု အကျိုးပြု စီမံကိန်းတွေကို ပိုမို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ပြည်သူလူထုအတွက် ပိုမို များပြားတဲ့ အကျိုးကျေးဇူးတွေကို ဖော်ဆောင်ပေးသွားပါမယ်” လို့လည်း Ms. Ma Jia က ကတိပေး ပြောဆိုပါတယ်။
အချက်အလက်တွေ စီးဆင်းပျံ့နှံ့တဲ့နေရာမှာ တိကျမှုမရှိတာ အစရှိတဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် နှစ်နိုင်ငံပြည်သူတွေအကြား နက်နက်ရှိုင်းရှိုင်း သိရှိနားလည်မှု အားနည်းနေတာတွေကို လျော့နည်း ပပျောက်အောင်အားလုံးက ပိုမိုအားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားကြဖို့လည်း သံအမတ်ကြီးက တိုက်တွန်းသွားပါတယ်။
အခမ်းအနားတွင် တက်ရောက်လာကြသည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်ဘက်မှ ပညာရှင်များ၊ မီဒီယာအသင်းအဖွဲ့များမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအခြေစိုက်တရုတ်စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များက တစ်ဦးချင်းစီ၏ သဘောထားအမြင်များကို လွတ်လပ်ပွင့်လင်းစွာပြောဆိုဆွေးနွေး ခဲ့ကြကြောင်းသိရှိရပါတယ်။
#Local_News
Published 26 May 2026
■ သက်ကြီးပုဂ္ဂိုလ်များ လူမှုရေးပင်စင်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ၃ လပတ် ၂ ကြိမ်ဖြင့် ၆ လစာ ထောက်ပံ့ပေးသွားမည်အသက်(၈၅)နှစ်ပြည့် သက်ကြီးပုဂ္ဂိုလ်များ အနေဖြင့်လူမှုရေးပင်စင်အတွက် ယခုလ၃၁ရက်နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်းလူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
■ ၁၉၄၁ ခုနှစ်၊ ဧပြီလ ၁ ရက် (၁၃၀၂ ခုနှစ်၊ တန်ခူး လဆန်း ၆ ရက်) မတိုင်မီ မွေးဖွားခဲ့သူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်တွင် လူမှုရေးပင်စင်အစီအစဉ်တွင် အကျိုးခံစားခွင့်ရရှိနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ သို့မဟုတ် နီးစပ်ရာ လူမှုဝန်ထမ်းရုံးများတွင် ယခု မေလ ၃၁ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
■ အဆိုပါအစီအစဉ်တွင် အကျိုးခံစားခွင့်ရှိသူများအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ၃ လပတ် ၂ ကြိမ်ဖြင့် ၆ လစာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုနှစ်မှစတင်ကာ ဖုန်းသို့ငွေလွှဲစနစ်ဖြင့် ထောက်ပံ့သွားမည်ဖြစ်သဖြင့် လက်ခံရယူလိုသည့် ငွေလွှဲဝန်ဆောင်မှုများကို မိမိတို့၏ လက်ကိုင်ဖုန်းများတွင် ကြိုတင်ဖွင့်လှစ်ထားကြရန်လည်း အသိပေးထားပြီးလူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန Help Line ဖုန်းနံပါတ် 1566 နှင့် 09-889900033 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 26 May 2026
■ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)တွင် Fertility Centre တွင် သားသမီးရလိုသော ဇနီးမောင်နှံလူနာပေါင်း ၅၄၀၀ ကျော်ကို လက်ခံကုသပေးထားကြောင်း သိရသည်။
■ အဆိုပါ စင်တာကိုသားသမီးရလိုသော ဇနီးမောင်နှံများအတွက် ရည်ရွယ်ဖွင့်လှစ်၍ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး Fertility Centre တွင် ဖန်ပြွန်သန္ဓေသား နည်းပညာ၊ သားအိမ်အတွင်းသို့ သုတ်ပိုးထည့်ခြင်းနည်းပညာ၊ မျိုးဥကြီးစေ၍ အချိန်ကိုက်ကိုယ်ဝန်ရစေသော နည်းပညာများအသုံးပြု၍ ကျွမ်းကျင်သော ဆရာဝန်၊ ဆရာမများက အစိုးရရုံးဖွင့်ရက်တိုင်း နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဝန်ဆောင်မှုပေးလျက်ရှိရာ၂၀၂၂ ခုနှစ်မှ ယနေ့အထိ လူနာပေါင်း ၅၄၀၀ ကျော်ကို လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။
■ ထိုသို့ ကုသပေးရာ၌ ၂၀၂၃ ခုနှစ်တွင် သားအိမ်အတွင်း သုတ်ပိုးထည့်ခြင်းနည်းပညာ (IUI)ဖြင့် လူနာ ၁၅ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယင်းတို့မှ လူနာသုံးဦး၊ ၂၀၂၄ ခုနှစ်တွင် IUI ဖြင့် လူနာ ၆၁ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာ ၁၂ ဦး၊ ၂၀၂၅ ခုနှစ်တွင် IUI ဖြင့် လူနာ ၁၅၇ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာ ၂၁ ဦး အောင်မြင်ခဲ့ေကြာင်း၊အဆိုပါ လူနာ ၂၁ ဦးမှ ၂၀၂၆ ခုနှစ် မေ ၁၇ ရက်တွင် အမြွှာယောကျာ်းလေးနှစ်ဦး၊ မေ ၁၈ ရက်တွင် ယောကျာ်းလေးတစ်ဦး အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ်မေလအထိ IUI ဖြင့် လူနာ ၃၀ အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာငါးဦးအောင်မြင်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဧပြီလနှင့်မေလအတွင်းတွင်လည်း ဖန်ပြွန်သန္ဓေ သားနည်းပညာအသုံးပြု၍ ဇနီးမောင်နှံ ၁၂ တွဲအား ကလေးရရှိစေနိုင်ရန် ဆောင်ရွက်ထားဆဲဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 26 May 2026
■ မကွေးတိုင်းဒေသကြီး၊ပခုက္ကူနှင့်မင်းဘူးမြို့နယ်များ၌ မိုးကြီး၍ သစ်ပင်များလဲပြိုခဲ့ကြောင်းသိရသည်။
■ မေလ ၂၆ ရက်နေ့၊ မနက်၆နာရီ ၂၀မိနစ် အချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းအနီးတွင် သစ်ပင်လဲကျမှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပခုက္ကူမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
■ အလားတူ မေလ၂၅ ရက်နေ့၊ ညနေ ၅နာရီ ခွဲ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရွှေရောင်တော်ကျေးရွာတွင် သစ်ပင်လဲကျနေကြောင်း သတင်းရရှိသဖြင့် မင်းဘူးမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ထောက်ရှာပင်နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 May 2026
■ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် “ယွမ်” ငွေကြေးဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပြုပေးခြင်းဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များ ပိုမိုချောမွေ့မြန်ဆန်လာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးကပြောသည်။
■ ယမာန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည့်
“ရင်းနှီးမြှုပ်နှံမှုအဆင်ပြေချောမွေ့စေရေးနှင့် ယွမ်ငွေကြေးအသုံးပြု၍ ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ”၌ ပြည်ထောင်စုဝန်ကြီးကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
■ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် “ယွမ်” ငွေကြေးဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပြုပေးခြင်းဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များ ပိုမိုချောမွေ့မြန်ဆန်လာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
■ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုအခြေအနေများကိုလည်းကောင်း၊ ယွမ်ငွေကြေးဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
■ ယင်းနောက်လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းကြရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ပြောကြားသည်။
■ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးရှိ (One Stop Service – OSS) ၏ လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
■ အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ရန်ကုန်တိုင်းဒေသကြီးစီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးသံမှူး၊ မြန်မာနိုင်ငံအခြေစိုက် တရုတ်စီးပွားရေးလုပ်ငန်းရှင်အသင်းများမှ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 105 of 2438