#Local_News
Published 09 July 2026

■ ခရီးသည်တင်ယာဉ်(၂)စီးအား ရာသက်ပန် ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းအရေးယူခဲ့ကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

■ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) ကို နိုင်ငံတော်မှ သက်သာသော ဈေးနှုန်းဖြင့် စီမံဆောင်ရွက်ပေးထားသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူ အကျိုးခံစားခွင့်ရရှိစေရေး YBS ယာဉ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ ကြီးကြပ်မှုဖြင့် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်းသာ ပြေးဆွဲရန်နှင့်ယာဉ်စီးခကိုလည်း သတ်မှတ်နှုန်းထားအတိုင်းသာ ကောက်ခံသွားရမည်ဖြစ်ကြောင်း ညွှန်ကြားထားပြီးဖြစ်‌ကြောင်း သိရသည်။

■ ထိုကဲ့သို့ ညွှန်ကြားထားသော်လည်း YBS(၆၅) ယာဉ်လိုင်းတံဆိပ် တပ်ဆင်ထားသော ယာဉ်အမှတ် (2I-2957) မော်တော်ယာဉ်သည် YBS ယာဉ်လိုင်းတွင် အမှန်တကယ် ပြေးဆွဲခြင်းမရှိဘဲ တောင်ဒဂုံမြို့နယ် ရွာသာကြီး အကြီးစားစက်မှုဇုန်အတွင်း စက်ရုံဖယ်ရီပြေးဆွဲလျက်ရှိခြင်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG)အား ယာဉ်အမှတ်(6F-3682)သို့ တရားမဝင် ရောင်းချခြင်းများ ပြုလုပ်နေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ တိုင်ကြားလာသည့်အတွက် တာဝန်ရှိသူများအနေဖြင့် သွားရောက်စစ်ဆေးခဲ့ရာတွင် အမှန်တကယ် ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်‌ ယာဉ်အမှတ်(2I-2957)နှင့် (6F-3682) ခရီးသည်တင်ယာဉ်(၂)စီးအား ဇွန် ၃၀ ရက်မှစ၍ ရာသက်ပန်ဓာတ်ငွေ့ဖြည့်သွင်းခွင့် ပိတ်သိမ်းအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times