#Local_News
Published 09 July 2026

■ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေး လမ်းမကြီးစီမံကိန်းနှင့်ကုလားတန်မြစ်ကြောင်းဘက်စုံ သုံးဖြတ် သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းများမှာ ပိုမိုအရှိန်အဟုန်ဖြင့်လုပ်ငန်းများပြန်လည်စတင်ဆောင် ရွက်လျက်ရှိပြီး တိုးတက်ပြီးစီးစေရေး ဆက်လက်ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောသည်။

■ နေပြည်တော်ရှိ၊ နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ ၉ ရက် က ကျင်းပပြုလုပ်သော အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် သမ္မတက အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။

■ ယင်းအပြင် ပဲခူး၊ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ ထိုင်းနယ်စပ်အမြန်လမ်း မကြီးကိုလည်း လုံခြုံချောမွေ့စွာသွားလာနိုင်ရေး စီမံသွားရန်လိုကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

■ အခမ်းအနားတွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်း ၅ နိုင်ငံရှိပြီး ကုန်းလမ်းဆက်သွယ်မှုလမ်းကြောင်း၊ ရေလမ်းဆက်သွယ်မှုလမ်းကြောင်းများရှိကြောင်း၊ အဆိုပါအိမ်နီးချင်းနိုင် ငံများ သို့ သွားရောက်နိုင်သည့် ကုန်လမ်းဆက်သွယ်မှုလမ်းကြောင်းနှင့် ရေကြောင်းဆက်သွယ်မှုလမ်းကြောင်းများသည် နယ်စပ်ဒေသကူးသန်းသွားလာမှုနှင့် ကုန်သွယ်မှုများကို များစွာအထောက်အကူပြုကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းများကို စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့်အစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် ယခင်ကတည်းကရှိခဲ့သည့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည့် လမ်းကြောင်းစီမံကိန်းများကို အဆင့်မြှင့်တင်နိုင်ရေး ဦးစားပေး ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစီမံကိန်းများသည် ယခင်အစိုးရများ အဆက်ဆက်ကအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး အကြောင်း အမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ကြောင်း၊ မိမိတို့အစိုးရတာဝန်ယူသည့်ကာလတွင် အမြန်ဆုံးပြီးပြတ်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း သမ္မတကပြောကြားခဲ့သည်။

■ ၂၀၀၈ ခုနှစ်တွင် တရားဝင်စတင်ဆောင်ရွက်ခဲ့သော ကုလားတန်စီမံကိန်းသည် နိုင်ငံ၏အစီအစဉ်ဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြဝတီလမ်းကြောင်းသည်လည်း နိုင်ငံတော်၏အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည်များရှိသကဲ့သို့ အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည်များလည်းရှိကြောင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများတစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိရန်လိုအပ်ကြောင်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးအနေဖြင့်လည်း မိမိတို့နိုင်ငံအလိုက် ယာဉ်မောင်းနှင်သည့်စနစ်များတူညီမှုမရှိသဖြင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့်ပတ်သက်၍ စနစ်တကျဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အဆိုပါ သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းနှင့်ပတ်သက်၍ ပြည်ထောင်စုရံပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည်များရှိသကဲသို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့နှင့်ပူးပေါင်းဆောင်ရွက်သည် များလည်းရှိကြောင်း၊ ယခုစီမံကိန်းများသည် မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်သဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်းလည်း နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

■ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံနှင့်ဆက်သွယ်အသုံးပြုလျက်ရှိသည့် မုံရွာ-ယာကြီး-ကလေး - တမူး လမ်းကြောင်းသည် မိမိတို့နိုင်ငံနှင့် အိန္ဒိယအရှေ့မြောက်ဒေသရှိ ပြည်နယ် ၆ ပြည်နယ်တို့နှင့် ကူးလူး ဆက်ဆံမှုများရရှိပါက မိမိတို့အတွက် ရင်းနှီးမြှုပ်နှံမှု စီးပွားရေးအခွင့်အလမ်းများ ရရှိလာမည် ဖြစ်ကြောင်း၊ အလားတူ မိမိတို့နိုင်ငံနှင့် ထိစပ်လျက်ရှိသည့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် စီချွမ်ပြည်နယ်တို့သည်လည်း မိမိတို့ နိုင်ငံထက်လူဦးရေနှင့် စီးပွားရေးအခွင့်အလမ်းများများစွာရှိသည့် ပြည်နယ်များ ဖြစ်သဖြင့်ကုန်သွယ်မှုပြုလုပ်မည် ဆိုပါကများစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနှင့်လည်းယခင် ကတည်းကအပြန်အလှန်ကုန်သွယ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ဆက်စပ်လျက်ရှိသည့် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်အပြန်အလှန်ကုန်သွယ်မှုများပြုလုပ်နိုင်မည်ဆိုပါက ရှမ်းပြည်နယ် (အရှေ့ပိုင်း)သည်များစွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

■ မြန်မာနိုင်ငံအတွက် အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှု လမ်းကြောင်းများ များစွာရှိပြီး မြန်မြန်ဆန်ဆန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တည်ဆောက်ရေးပိုင်း၊ လုံခြုံရေးပိုင်း၊ ဥပဒေအရထိန်းချုပ်ရေးပိုင်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံအလိုက် သဘောတူညီချက်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သဘောတူညီချက်များကို ပြီးပြတ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ အထိုက်အလျောက် တိုးတက်ကောင်းမွန်လာပြီဖြစ်ပြီး လုံခြုံရေးပိုင်းဆိုင်ရာများ ကောင်းမွန်လာပြီဆိုပါက တည်ဆောက်ရေးပိုင်းများကို တစ်ပြိုင်တည်းအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများသည် နှစ်နိုင်ငံအစိုးရအချင်းချင်း ဆောင်ရွက်ရခြင်းဖြစ်ပြီး မည်သည့်ကြားခံအဖွဲ့အစည်းမှ မလိုအပ်ကြောင်း၊ နယ်စပ်ဒေသ ကုန်သွယ်မှုများသာမက နှစ်နိုင်ငံနယ်စပ်ဒေသတွင် နေထိုင်ကြသည့် ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ တူညီကြသည့် တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ကူးလူးဆက်ဆံမှုများကိုလည်း တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့နယ်စပ်ဒေသနေ ပြည်သူများအချင်းချင်း ကူးလူးဆက်ဆံမှုများ ကောင်းမွန်ခြင်းသည် နှစ်နိုင်ငံလုံခြုံရေးနှင့်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့ကိုလည်းများစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် မဟာဗျူဟာမြောက် ယခုစီမံကိန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုသာမက နှစ်နိုင်ငံဆက်ဆံရေးကိုပါ အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့် လုပ်ငန်းများဖြစ်သဖြင့် စီမံကိန်းများအကောင်အထည်ဖော်ရာတွင် စနစ်တကျဖြင့် ဆောင်ရွက်သွားကြစေလိုကြောင်းလည်း သမ္မတက ပြောကြားခဲ့သည်။

■ ထို့အပြင် နယ်စပ်ဂိတ်များဖွင့်လှစ်၍ တရားဝင်ကုန်သွယ်မှုများ ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာစီမံကိန်းလမ်းကြောင်းများအလိုက် လုံခြုံရေးပိုင်းအရဆောင်ရွက်ပြီးချိန်တွင် တည်ဆောက်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်းဝင်ရောက်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း။

■ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းကြီးများချမှတ်ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ စီးပွားရေးစသည့် အမြင် ၄ မြင်တို့ဖြင့်သုံးသပ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စီမံကိန်းများ၏အကျိုး၊ အပြစ်များကိုလည်း သိရှိနားလည်နိုင်ရန်လိုကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မဟာဗျူဟာမြောက် စီမံကိန်းလမ်းမကြီးများကို အသုံးချ၍ တရားမဝင်ကုန်သွယ်မှုများ မဖြစ်စေရေးအတွက်လည်း လိုအပ်သည့်ထိန်းသိမ်းကြပ်မတ်မှုများရှိနေရန်လိုကြောင်း၊ လမ်းကြောင်းတစ်လျှောက်လမ်းများကောင်းမွန်စေရေးနှင့် သတ်မှတ်ထားသည့် လမ်းအင်္ဂါရပ်များနှင့်အညီဖြစ်စေရေးအတွက်လည်း စဉ်ဆက်မပြတ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်းဖြစ်ရန်လိုပြီး လမ်းတစ်လျှောက်၌ ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းများစနစ်တကျ ဖောက်လုပ်ထားရှိရန်နှင့်လမ်းကြောင်းတစ်လျှောက် စိမ်းလန်းစို ပြေစေရေး သစ်ပင်စိုက်ပျိုးခြင်းကိုလည်းမဖြစ်မနေ ဆောင်ရွက်သွားကြရန်လိုကြောင်း၊
လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်းဆောင်ရွက်ပြီးစီးမည်ဆိုပါက ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများလည်း ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးအောင်မြင်ပြီးစီးစေရေး အလေးထား၍ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်းလည်း မှာကြားခဲ့ကြောင်းသိရသည်။

■ ယင်းနောက် နယ်စပ်ဂိတ်များနှင့်ပတ်သက်၍ နယ်စပ်ဆိုင်ရာစီမံခန့်ခွဲရေးသည် သက်ဆိုင်ရာ နှစ်နိုင်ငံ အစိုးရများကသာ အဓိကတာဝန်ယူကြပ်မတ်ကွပ်ကဲစီမံ ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး မည်သည့် အဖွဲ့အစည်း၊ မည်သည့်အခြားနိုင်ငံကမျှ ဝင်ရောက်စွက်ဖက်၍မရကြောင်း၊ နယ်စပ်ဂိတ်များ ဖွင့်လှစ်ရာတွင် ဝန်ထမ်းအိမ်ယာနှင့် ဆက်သွယ်ရေး စနစ်များ၊ ရေ၊ မီးနှင့် လုံခြုံရေး စသည် တို့ကိုလည်း စနစ်တကျ ထည့်သွင်းစဉ်းစား ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။

■ ယနေ့ဆွေးနွေးမှုများတွင်ပါဝင်သည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေး လမ်းမကြီး စီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင် ရေးစီမံကိန်းများမှာ ယခုအခါ ယခုထက်ပိုမိုအရှိန်အဟုန်ဖြင့် လုပ်ငန်းများပြန်လည်စတင်ဆောင်ရွက်လျက်ရှိပြီး တိုးတက်ပြီးစီးစေရေး ဆက်လက်ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ ပဲခူး၊ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ ထိုင်းနယ်စပ်အမြန်လမ်း မကြီးကိုလည်း လုံခြုံချောမွေ့စွာသွားလာနိုင်ရေး စီမံသွားရန်လိုကြောင်း။

■ ရပ်ဝန်းနှင့်ပိုးလမ်းမကြီးစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China Myanmar Economic Corridor-CMEC) နှင့် ဆက်စပ်လျက်ရှိသည့် မဟာဗျူဟာအရ အရေးပါသည့် အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ရေးလုပ်ငန်းများသည်လည်း ရပ်တန့်လျက် ရှိသဖြင့် အမြန်ဆုံးပြန်လည် စတင်နိုင်ရေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းကြီးများတွင်ပါဝင်သည့် မဟာဗျူဟာအရ အရေးပါသည့် အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ရေးလုပ်ငန်းများအား မိမိတို့အစိုးရတာဝန်ယူထားရသည့် ကာလအတွင်းရာနှုန်းပြည့် ပြီးစီးမှုရှိစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

Yangon_Times/PP