#Local_News
Published 10 July 2026
■ ကယားပြည်နယ် ၌ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေပြီး ခရီးစဉ်ဒေသ ၁၂ ခု သို့ သွားရောက်လည်ပတ်နိုင်ပြီ ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးက ပြောသည်။
■ ဇူလိုင်(၈)ရက်နေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည့်တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့၌ ကယားပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၉) ဒေါက်တာ နိုင်လင်း၏ ကယားပြည်နယ်တွင် ကာလရှည်ကြာစွာ စစ်ဘေးဒဏ်များ ခံစားခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မဟာဗျူဟာစီမံကိန်းများ ချမှတ်ရေးဆွဲပြီး အမြန်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ငန်းစဉ်များကို ချမှတ်ရေးဆွဲပြီး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက အထက်ပါအတိုင်း ပြန်လည်ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
■ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးကအကြမ်းဖက်ဖြစ်စဉ်များကြောင့် ကယားပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၂၄၉ သန်းကျော်အား ကယားပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေသို့ လွှဲပြောင်းပေးခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် နေရပ်စွန့်ခွာသူများသို့ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ လွိုင်ကော်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ငွေကျပ် ၉၃၆ သန်းကျော်ကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း။
■ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ကယားပြည်နယ်စစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာဖိုး၊ ပျက်စီးနေအိမ်များအတွက် သတ်မှတ်ထောက်ပံ့ကြေး၊ မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရေ ကျန်းမာရေးသုံးပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည်တို့ကို ထောက်ပံ့ထားရှိမှုသည် စုစုပေါင်း ငွေကျပ် ၇၃၆ သန်းခန့်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထိခိုက်လွယ်အုပ်စုဝင် ၆၅၉၂ ဦးတို့အား တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၁၉၇ ဒသမ ၇၆ သန်းထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထို့အတူ ကယားပြည်နယ် အစိုးရအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ထောက်ပံ့ငွေကျပ် ၁၇ ဒသမ ၉၅၇ သန်း၊ ဆန်အိတ် ၄၁၂ အိတ်၊ ဆီ ၄၃၆ ပိဿာကိုလည်းကောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆန်အိတ် ၇၄၀၊ ဆီ ၉၂၄ ပိဿာကိုလည်းကောင်း ထောက်ပံ့ခဲ့ပါကြောင်း။
■ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အနေဖြင့် စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်းများ၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများ၊ စက်ချုပ်နည်းပညာသင်တန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဒေသတွင်းအသေးစားလုပ်ငန်းအဖြစ် ထူထောင်လိုပါက လုပ်ငန်းလိုင်စင်လျှောက်ထားပေးခြင်း၊ ထုတ်ကုန်များအား ဈေးကွက်ရရှိရေးနှင့်ဓာတ်ခွဲစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
■ ထို့ပြင် ပုဂ္ဂလိကစက်မှုလုပ်ငန်း ၂၇၉ ခုအား မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ခြင်းနှင့် မြို့တွင်းလည်ပတ်နေသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်း ၇၇ ခု၊ လွိုင်ကော်စက်မှုဇုန်တွင် လည်ပတ်နေသည့်လုပ်ငန်း ၉ ခုတို့တွင် ဒေသတွင်းလုပ်သားများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိပါကြောင်း။
■ ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ပြန်လည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဟိုတယ်/တည်းခိုရိပ်သာများ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ယခုအခါ ဟိုတယ် ၃ လုံးနှင့် စည်ပင်တည်းခိုခန်း ၇ လုံး ပြန်လည်ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ သွားရောက်လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသ ၁၂ ခု သို့ သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပါကြောင်း။
■ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသရှိလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ၂၀၂၆ခုနှစ် အောက်တိုဘာတွင် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) သင်တန်းနှင့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာတွင် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း ၃ မျိုးကိုလည်း ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
■ အခြားစီးပွားရေးကဏ္ဍများ အရှိန်အဟုန်ဖြင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးကဏ္ဍများ၌ သမဝါယမအသင်း ၁၅ သင်း၊ တောင်သူ ၃၉၂ ဦးကို ငွေကျပ် သန်း ၃၁၀ ၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် ငွေကျပ် ၃၆၉ ဒသမ ၅ သန်း၊ တောင်သူ အစုအဖွဲ့ ၁၆၉ ဖွဲ့၊ တောင်သူ ၁၄၅၁ ဦး၊ လယ်မြေ ၁၉၁၃၄ ဒသမ ၅ ဧကအတွက် ငွေကျပ် ၄၁၂၄ ဒသမ ၆၅ သန်းကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ငါးမွေးမြူရေးကဏ္ဍအနေဖြင့်လည်း ငွေကျပ် ၃၀၁ သန်းနှင့် ကြက်၊ ဝက်နှင့် ဒေသနွားမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် ၂၂၆၀ ဒသမ ၄ သန်းကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း စိုက်ပျိုးရေးတောင်သူ ၅၇၇ ဦး၊ စိုက်ဧက ၅၅၈ ဒသမ ၇ ဧကအတွက် ချေးငွေကျပ် ၂၇၉၃ ဒသမ ၅ သန်းကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထပ်မံထုတ်ချေးပေးရန်အတွက် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း။
■ ဒေသပြန်လည်ထူထောင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဒေသ၏ ပထဝီဝင်ရေမြေအနေအထား၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ရရှိနိုင်သော ဒေသအရင်းအမြစ်များနှင့် နိုင်ငံ၏ လက်ရှိအနေအထားပေါ်မူတည်၍ ပြည်ထောင်စုဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက ကဏ္ဍအလိုက် ဦးစီးဦးဆောင်၍ စီမံကိန်း/စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ခြင်းဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းများနှင့် စပ်လျဉ်း၍ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများနှင့် မဟာဗျူဟာစီမံကိန်းများ ပူးပေါင်းရေးဆွဲဆောင်ရွက်မှုမရှိပါကြောင်း၊ သို့သော် အဆိုပါစီမံကိန်း/စီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှုများတွင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများက ပူးပေါင်းပါဝင်ဆောင်ရွက်လိုပါက သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့၏ လုပ်ငန်းတာဝန် (Mandated) များအလိုက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times