#Local_News
Published-14 October 2023
ငမိုးရိပ်ရေလှောင်တမံ၏ ယခုလက်ရှိ ရေအမြင့်မှာ ရေလှောင်တမံပေါ်သို့ ရေကျော်နိုင်သည့်အခြေအနေလုံးဝ မရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တမံ၏ ကြံ့ခိုင်မှုအခြေအနေမှာ လုံခြုံစိတ်ချရသည့် အခြေအနေ ဖြစ်၍ အများပြည်သူ စိတ်ပူပန်နေရသည့် အနေအထားမရှိကြောင်း ရေလှောင်တမံ၏ ကြံ့ခိုင်မှုအခြေအနေမှာ လုံခြုံစိတ်ချရသည့် အခြေအနေဖြစ်ပြီး ရေလှောင်တမံတွင် ရေဖောက်ချရမည့် နေရာ၊ အဆောက်အအုံမပါရှိခြင်း၊ ဖောက်ချသည့် ဖြစ်စဉ်မျိုးလည်းမရှိခြင်း၊ ဆောင်ရွက်ရန်လည်းမရှိခြင်းတို့ကြောင့် ငမိုးရိပ်ရေလှောင်တမံကြောင့် ချောင်းရေထပ်မံမြင့်တက်လာရန်လည်း မရှိကြောင်း အဆိုပါ ဌာနက ရှင်းလင်းထားသည်။
ရေလှောင်တမံတွင် ရေထုတ်နုတ်နိုင်သည့် ရေအားအဆောက်အအုံအဖြစ် ရေထုတ်ပြွန်(၁) ခု၊ ရေပိုလွှဲ (၁) ခုနှင့် အကူရေပိုလွှဲ (၁) ခု သာပါရှိပါကာ အခြားရေဖောက်ချ၍ရသည့် နေရာမရှိသော တမံအမျိုးအစားဖြစ်ကြောင်း သိရသည်။
ငမိုးရိပ်ရေလှောင်တမံသည် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်ကစ၍ ကန်ရေပြည့် သိုလှောင်နိုင်သည့် ပမာဏထက်ရေဝင်ရောက်မှုဖြစ်ပေါ်လာသဖြင့် ရေပိုလွှဲမှ စတင်ရေကျော်ကာ မူလချောင်းအတွင်းသို့ ပြန်လည်စီးဆင်းခဲ့ကြောင်း၊ ထိုသို့ ပုံမှန်ရေကျော်စီးဆင်းနေခဲ့ရာမှ အောက်တိုဘာလ ၆ ရက်မှ အောက်တိုဘာလ ၁၁ ရက်ထိ ရေလှောင်တမံ၏ ရေဆင်းဧရိယာနှင့် ရေလှောင်တမံ၏ အောက်ဘက် ဧရိယာများတွင် မိုးများရက်ဆက်ရွာသွန်းခဲ့ရာ စုစုပေါင်းမိုးရေချိန် (၁၄ ဒသမ ၉၀) လက်မအထိ ထူးကဲစွာရွာသွန်းခဲ့ကြောင်း သိရသည်။
ယင်းကြောင့် ငမိုးရိပ်ရေလှောင်တမံ၏ ရေပိုလွှဲတွင် ပုံမှန်ရေကျော်စီးဆင်းလျက်ရှိရာ အောက်တိုဘာလ ၈ ရက် ညနေပိုင်းတွင် (၆ ဒသမ ၁) ပေအထိ အမြင့်ဆုံးရောက်ကာ ရေကျော်စီးဆင်းခဲ့ကာ ယင်းရေများမှာ မူလ ငမိုး ရိပ်ချောင်းအတွင်းသို့ စီးဆင်းခြင်း၊ ရေလှောင်တမံ၏ အောက်ဒေသများတွင် မိုးများရက်ဆက် ရွာသွန်းခဲ့သဖြင့် ကွင်းရေများ၊ ချောင်းရေများ စုပေါင်းစီးဝင်လာခြင်းတို့ကြောင့် ငမိုးရိပ်ချောင်းရေမြင့်တက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော ဇူလိုင်လ ၇ ရက်က ငမိုးရိပ်ရေလှောင်တမံ၏ ရေပိုလွှဲမှ (၆ ဒသမ ၁၅) ပေ ကျော်လွန် စီးဆင်းခဲ့ဖူးကာလက်ရှိ အောက်တိုဘာလ ၁၃ ရက် ယမန်နေ့တွင် ရေပိုလွှဲမှ (၄ ဒသမ ၇၅) ပေသာ ကျော်လွန်စီး ဆင်းလျှက်ရှိပြီး ရေအမှတ်များ ဆက်တိုက်လျော့ကျလာလျက်ရှိကြောင်း သိရသည်။
ငမိုးရိပ်ရေလှောင်တမံတွင် ကြိုတင်ရေးဆွဲထားသည့် အရေးပေါ်အခြေအနေကြိုတင် စီမံခန့်ခွဲမှုစီမံချက်(EPP- Emergency Preparedness Plan) ပါအတိုင်း ရေပိုလွှဲမှ ရေစတင်စီးဆင်းသည့် အချိန်မှစ၍ တမံအောက်ဘက်ရှိကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူများသို့ စိုးရိမ်မှုမရှိစေရေး အသိပေးအကြောင်းကြား ထားရှိပြီး တမံအောက်ဘက်ရှိဒေသခံများ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် EPP ပါ စီမံချက်အတိုင်း စီမံဆောင် ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ငမိုးရိပ်ရေလှောင်တမံသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် တည်ရှိပြီး တမံအမြင့်(၇၅) ပေ၊ အလျား (၁၅၅၀၀) ပေ၊ ရေလှောင်ပမာဏ (၁၈၀၀၀၀) ဧကပေ၊ လယ်မြေဧရိယာ (၃၀၅၆၇) ဧကကို စိုက်ပျိုး ရေပေးဝေလျက်ရှိသည့်အပြင် ရန်ကုန်မြို့တော် သောက်သုံးရေအတွက်လည်း နေ့စဉ်ရေဂါလန် (၁၃၀) သန်း ပေးဝေလျက်ရှိသောတမံဖြစ်ကြောင်းလည်း သိရသည်။
#Local_News #ငမိုးရိပ်ရေလှောင်တမံ #ချောင်းရေထပ်မံမြင့်တက်ရန်မရှိ
#Yangon_Times/PP
#Local_News
Published_ 14 October 2023
အထည်ချုပ်ကဏ္ဍမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အမေရိကန် ဒေါ်လာ ၄ ဘီလီယံကျော် (၄၃၁၆ ဒသမ ၈၉ သန်း)ရရှိထားပြီးယခင်နှစ် ပို့ကုန်တန်ဖိုးထက် ပိုမိုတိုးတက်လာကြောင်း သိရပါတယ်။
အလုပ်သမားဝန်ကြီး ဦးမြင့်နောင်သည် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အကြားတွင် အထည်ချုပ်စက်ရုံ ၁၃၀ ကျော်ကို ဈေးကွက်သစ်ရှာဖွေခဲ့ကြောင်း၊ ဂျပန်နှင့် ကိုရီးယားသည် မြန်မာအထည်ချုပ်ကို ဝယ်ယူသည့် အဓိကနိုင်ငံများဖြစ်လာကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဂျပန်မှ အမှာစာ ၃၇ ဒသမ ၅ ရာခိုင်နှုန်း၊ ကိုရီးယားမှ ၂၅ ဒသမ ၃ ရာခိုင်နှုန်း လက်ခံရရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများ တစ်ရှိန်ထိုးတိုးတက်မှုကြောင့် အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးခဲ့ပြီး၊ လက်ရှိ CMP စက်ရုံနှင့် CMP တစ်ဆင့်ခံစက်ရုံ ၇၈၈ ရုံ ရှိတယ်လို့ ဝန်ကြီးကဆိုပါတယ်။
နေပြည်တော်၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ အထည်ချုပ်စက်ရုံပေါင်း ၅၃ ရုံအား NSSA အသိအမှတ်ပြုကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနအဖြစ် ဆောင်ရွက်လျက်ရှိပြီး စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ကျွမ်းကျင်မှုအသိအမှတ်ပြုရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အသိအမှတ်ပြုတယ်လို့ ဝန်ကြီးက ပြောပါတယ်။
ထို့နောက် အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ စက်မှုကုန်ထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူး (၁) ဦးထွန်းထွန်းနှင့် အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းဆိုင်ရာအားသာချက်၊ အားနည်းချက်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သတင်းရရှိပါတယ်။
#Local_News #အထည်ချုပ်ကဏ္ဍ #အမေရိကန်ဒေါ်လာ၄ဘီလီယံ #ymg_mnn #Yangon_Media_Group
#Local_News
Published_ 14 October 2023
ပုဂ္ဂလိကဆေးရုံများ လိုင်စင်စည်းကမ်းလိုက်နာမှု ပျက်ကွက်ခြင်းရှိပါက စီမံခန့်ခွဲရေး နည်းလမ်းများဖြင့် ထိရောက်စွာအရေးယူလျက်ရှိတယ်လို့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး (၃/၂၀၂၃) ၌ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ပါတယ်။
အဆိုပါအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက်က နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန၌ ကျင်းပခဲ့ရာပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ၊ ဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးတွင် ဝန်ကြီးက ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ဥပဒေနှင့်အညီ အားပေးနေသကဲ့သို့ လိုင်စင်ခွင့်ပြုပြီးလုပ်ငန်းများအနေဖြင့်လည်း တည်ဆဲဥပဒေ၊ နည်းဥပဒေများကို တိတိကျကျလိုက်နာဆောင်ရွက်ရန် အထူးကြပ်မတ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ပုဂ္ဂလိကဆေးရုံလုပ်ငန်းရှင်များ အနေဖြင့် သဘာဝဘေး အန္တရာယ်များဖြစ်တဲ့ မီးဘေးအန္တရာယ်၊ ရေဘေး၊ ငလျင်ဘေး အန္တရာယ်များ ကြုံတွေ့လာပါက လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ ဘေးကင်းလုံခြုံရန်နှင့် အဆောက် အဦပိုင်းဆိုင်ရာ သတ်မှတ်အရည်အသွေးများ ပြည့်ဝရန်နှီးနွှယ်ဌာနများ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ဖို့၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ခန့်အပ်တဲ့အခါ တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနဲ့အညီ ခန့်အပ်သွားဖို့ ပြောကြားခဲ့ပါတယ်။
ထို့ပြင် လိုင်စင်အသစ် လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းများတွင် လိုအပ်တဲ့ အထောက်အထားများကို ပြည့်စုံစွာတင်ပြရန်၊ အလေးထားလိုက်နာရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ရဲ့ ကျန်းမာရေးမူဝါဒနဲ့အညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေဖို့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲဝင်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီး ကောင်းမွန်သော အကြံပြုချက် များပေးရန် တိုက်တွန်းပါတယ်။
ထိုhနောက် ဗဟိုအဖွဲ့အတွင်းရေးမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းမှုအခြေအနေနှင့် အထူးကိစ္စရပ်များ၊ ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမိုးခိုင်က ဗဟိုအဖွဲ့အစည်းအဝေး ၂/၂၀၂၃ ဆွေးနွေးချက်များအပေါ် ဆောင်ရွက်ထားရှိမှု၊ အတည်ပြုမှတ်တမ်းတင်ကိစ္စရပ်များနှင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း လိုင်စင်(အသစ်) လျှောက်ထားလာတဲ့ ကိစ္စရပ်များကို တင်ပြကြရာ ဗဟိုအဖွဲ့အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#Local_News #ပုဂ္ဂလိကဆေးရုံများ #စီမံခန့်ခွဲရေးနည်းလမ်းများ #ymg_mnn #Yangon_Media_Group
#Local_News
Published_ 14 October 2023
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီက အောက်တိုဘာ ၁၃ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပါတယ်။
အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ကော်မတီမှာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေမှူးနဲ့ ကော်မတီအဖွဲ့ဝင် ၅ ဦး ပါဝင်ပါတယ်။
အဆိုပါကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကတော့ စက်သုံးဆီဈေးနှုန်းတွေ စနစ်တကျရှိစေရေး ကြီးကြပ်ဆောင်ရွက်ဖို့၊ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းပြည့်မီတဲ့ စက်သုံးဆီတွေကိုသာ တင်သွင်းလာစေရေးကြပ်မတ်ဖို့၊ ပြည်ပကစက်သုံးဆီသင်္ဘောတွေ ဆိပ်ကမ်းဝင်ရောက်ရာမှာ ကြန့်ကြာမှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ဖို့စတဲ့အချက်တွေ အပါအဝင် လုပ်ငန်းတာဝန် ၁၀ ချက်ကို ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။
ထို့ပြင် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကော်မတီအဟောင်းကို ယခုအမိန့်ကြော်ငြာစာနဲ့ ပယ်ဖျက်လိုက်တယ်လိုလည်း ဖော်ပြထားပါတယ်။
#ymg_mnn #Local_News #စက်သုံးဆီတင်သွင်း #ဖြန့်ဖြူးခြင်းလုပ်ငန်း #Yangon_Media_Group
#Local_News
Published_ 14 October 2023
မြန်မာနိုင်ငံ၌ ရေနံချက်စက်ရုံတည်ဆောက်ခြင်းနှင့် ရေနံချက်လုပ်ခြင်း နည်းပညာ များကို သင်တန်းများဖွင့်လှစ်ပို့ချပေးဖို့ ရုရှားနိုင်ငံ မော်စကိုမြို့၌ ရောက်ရှိနေတဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က Gazprom ကုမ္ပဏီ၏ Moscow Oil Refinery သို့သွား ရောက်လေ့လာစဉ် ပြောကြားခဲ့ပါတယ်။
Moscow Oil Refinery စက်ရုံ၌ Gazprom ကုမ္ပဏီတာဝန်ရှိ သူများက စက်ရုံ သမိုင်းကြောင်း၊ စက်ရုံလည်ပတ်ပြီး စက်သုံးဆီအမျိုးမျိုး ထုတ်လုပ်နေမှုအခြေအနေကို ရှင်းလင်းရာ ဝန်ကြီးက မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံအသစ်တည်ဆောက်ရန်နှင့် လက်ရှိ စက်ရုံများကို အဆင့်မြှင့်တင် ပြုပြင်မွမ်းမံဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ရေနံချက်စက်ရုံအသစ် တည်ဆောက်ရာတွင် Petrochemical Complex အဆင့် အထိတည်ဆောက်၍ ရေနံထွက်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နိုင်ဖို့ဆောင်ရွက်နေကြောင်း၊ ရေနံချက်စက်ရုံများနှင့် ပတ်သက်သည့် နည်းပညာအကူအညီများ ပံ့ပိုးပေးစေလိုကြောင်း ပြောကြားပါတယ်။
Gazprom ကုမ္ပဏီအနေဖြင့်လည်း မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံ တည်ဆောက် ပြုပြင်ခြင်းလုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများရှိတယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြိုရှိ Moscow Oil Refinery ကို ၁၉၃၈ ခုနှစ်က စတင် လည်ပတ်ခဲ့ပြီး စက်ရုံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နှစ်အလိုက် အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ ယခုအခါတစ်နှစ်လျှင် ရေနံစိမ်း ၁၂ ဒသမ ၅ မက်ထရစ်တန်သန်းခန့် ချက်လုပ်နိုင်တဲ့ နိုင်ငံတကာအဆင့်မီ ရေနံချက်စက်ရုံတစ်ရုံအဖြစ် အဆင့်မြင့် ဓာတ်ဆီ၊ ဒီဇယ်အပါအဝင် ရေနံထွက်ပစ္စည်းအမျိုးအမယ်ပေါင်း ၃၀ ကျော် ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိပါတယ်။
အဆိုပါစက်ရုံသည် ကုန်ကြမ်းပမာဏ၏ ၉၉ ဒသမ ၅ ရာခိုင်နှုန်းအထိ ကုန်ချော ထုတ်လုပ်နိုင်ပြီး ရေနံချက်လုပ်ခြင်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကိုလျှော့ချ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
#ygm_mnn #Local_News #ရေနံချက်စက်ရုံ #Gazprom ကုမ္ပဏီ #Yangon_Media_Group
#Daily_News
Published_ 13 October 2023
၁။ မိုးမပြတ်သေး၍ ဧရာဝတီ၊ ဒုဌဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်ရေများ တိုးမည်ဖြစ်သော်လည်း စိုးရိမ်စရာမရှိဟုဆို
၂။ လှည်ကူးမြို့နယ်အတွင်း ငါးရက်ကြာသည်အထိ ရေပြန်မကျသေးတာကြောင့်ရေဘေးသင့် ပြည်သူများ ကယ်ဆယ်ရေးစခန်းများတွင်သာနေထိုင်ရ
၃။ မြန်မာ MOU လုပ်သားများကို နယ်စပ်လမ်းကြောင်းအပြင် လေကြောင်းမှလည်း စေလွှတ်နိုင်ရေးဆွေးနွေးနေ
၄။ တရုတ်နှင့်လာအိုချိတ်ဆက်ထားသည့် ကုန်တင်ရထားလမ်းသစ်စတင်ဖွင့်လှစ်ပြေးဆွဲ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Local_News
Published_ 13 October 2023
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ကြီးမှူးကျင်းပသည့်'မြန်မာရုပ်ရှင်နေ့' နှင့်(၄၆)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို အောက်တိုဘာလ(၁၃)ရက်တွင်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ(၁၃)ရက်နေ့သည် (၁၀၃)နှစ်ပြည့် ‘မြန်မာရုပ်ရှင်နေ့’ဖြစ်သလို အဆိုပါနေ့တွင် အစဉ်အလာမပျက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအခမ်းအနားကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် ရုပ်ရှင်သက်ကြီးပညာရှင် (၃၀)ဦးခန့်ကိုပူဇော်ကန်တော့ခဲ့ကြောင်းနှင့် သက်ကြီးပညာရှင်စုစုပေါင်း(၁၄၀)ကျော်ကို ပူဇော်ကန်တော့သွားမည်ဖြစ်သည် ဟုဆိုသည်။
(၄၆)ကြိမ်မြောက်ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအတွက် သရုပ်ဆောင်၊ ဇာတ်ညွှန်း၊တည်းဖြတ် အစရှိသည့် ရုပ်ရှင်လောကသားများ၊ ရုပ်ရှင်ထုတ်လုပ်ရေးများ၊ရုပ်ရှင်ရုံမိသားစုများ၊ဗီဒီယိုအခြေခံအဖွဲများ၊ အနုပညာရှင်များ၊ဒီဇိုင်းနာများနှင့် အလှူရှင်များမှပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
#Local_News #'မြန်မာရုပ်ရှင်နေ့' #ရုပ်ရှင်သက်ကြီးပူဇော်ပွဲ
#tthl #Yangon_Times
Page 786 of 1973