#Local_News
Published_ 10 February 2023
ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံကထွက်တဲ့ နိုင်ငံတော်ဓာတ်အားစနစ်ကိုပေးပို့တဲ့ ၁၃၂ kv ဘီးလူးချောင်း တီကျစ် ဓာတ်အားပေး တာဝါတိုင်နှစ်တိုင် ဖောက်ခွဲဖျက်စီးခံခဲ့ရတာပါ။
ဒီဓာတ်အားတာဝါတိုင်နှစ်တိုင်ကို အမြန်ဆုံးပြန်လည်ကောင်းမွန်ဖို့ပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၈ ရက်နေ့က PDF အမည်ခံအကြမ်းဖက်သမားတွေက ဖောက်ခွဲတာဖြစ်ပြီး အခုဓာတ်အားလိုင်းဟာ ၁၀ ကြိမ်မြောက် ဖျက်စီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ပြည်သူလူထုရဲ့လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှု မရှိတဲ့အတွက် ခွဲဝေအသုံးပြုနေရတာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
လျှပ်စစ်ဓာတ်အားလိုင်းတွေ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ ဓာတ်အားခွဲစက်ရုံတွေ ဖောက်ခွဲခံရတဲ့အကြိမ်ရေ ၂၂၁ ကြိမ်ရှိပြီဖြစ်ပြီး အမြန်ဆုံး ပြင်ဆင်ဖို့ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
#ymg/ynzw
#Yangon _Media_group
- Category: Myanmar
- Hits: 310
#Local_News
Published_ 10 February 2023
ဖိလစ်ပိုင်နိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် မနီလာမြို့၌ ဖေဖော်ဝါရီ ၈ ရက် မှ ၁၀ ရက်အထိ ကျင်းပလျက်ရှိသော (၅၂) ကြိမ်မြောက် SEAMEC SEAMEO Council Conference သို့ ပညာရေးဝန်ကြီးကိုယ်စား မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ ဦးစန်းယုကျော် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
အဆိုပါ အစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပခဲ့ရာ ဖိလစ်ပိုင်နိုင်ငံ၊ သမ္မတ H.E. Ferdinand R Marcos Jr. မှ ပေးပို့သည့် အဖွင့်မိန့်ခွန်းဗီဒီယိုကို ဖွင့်လှစ်ပြသပြီး၊ ဒုတိယသမ္မတနှင့် ပညာရေးဝန်ကြီး H.E. Sara Zimmerman Duterte က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ထို့နောက် SEAMEO Council ဥက္ကဋ္ဌ နှင့် စင်ကာပူပညာရေးဝန်ကြီး H.E. Chan Chun Sing နှင့် SEAMEO အတွင်းရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး Dr. Ethel Agnes Pascua Valenzuela တို့က အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ပါတယ်။
အစည်းအဝေးသို့ SEAMEO အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စ်တေနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပညာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် SEAMEO အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
- Category: Myanmar
- Hits: 211
#Local_News
Published_10 February 2023
မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို မြန်မာသံရုံး၊ တိုကျိုမြို့တွင် ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့တဲ့ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား၌ သံအမတ်ကြီး ဦးစိုးလွင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
သံအမတ်ကြီးက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဧည့်ခံပွဲ အခမ်းအနား မိန့်ခွန်းကို ပြောကြားခဲ့ရာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းအကျဉ်း၊ မြန်မာနိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေးဖြစ်ပေါ်တိုးတက်မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေမှု၊ ကိုဗစ်-၁၉ ရောဂါ၏ သက်ရောက်မှုကြောင့် စီးပွားရေးကို ပြန်လည် ကုစားရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ထို့နောက် ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ Mr. Hideo Watanabe နှင့် ဂျပန်ကာကွယ်ရေးဦးစီးချုပ်ဟောင်း Mr. Shigeru Iwasaki၊ ဂျပန်ဘဏ္ဍာရေး ဝန်ကြီးဟောင်း Mr. Koriki Jojima တို့က ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ခြင်းအတွက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဆက်ဆံရေးတိုးမြှင့်ရေးဆိုင်ရာ ဂုဏ်ပြုမိန့်ခွန်းများကို အသီးသီးပြောကြားခဲ့ပါတယ်။
အခမ်းအနားသို့ အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့်ဇနီးများ၊ ဂျပန်နိုင်ငံ အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများ/သံရုံးယာယီတာဝန်ခံများနှင့် ၎င်းတို့၏ ဇနီးများ၊ သံရုံး ဒုတိယအကြီးအကဲများနှင့် သံတမန်များ၊ စစ်သံမှူးများ၊ မြန်မာ-ဂျပန်ချစ်ကြည်ရေး အသင်းများမှ တာဝန်ရှိသူများ၊ ဂျပန်စီးပွားရေးကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ ရောက် မြန်မာနိုင်ငံသားများ၊ ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေကြသည့် မြန်မာအစိုးရ ပညာတော်သင်များနှင့် ပုဂ္ဂလိကပညာသင်များ၊ ဂျပန်နိုင်ငံတက္ကသိုလ်များမှ ပါမောက္ခများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ၊ စုစုပေါင်းဧည့်သည်တော် (၁၈၀) ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။
#ygm_mnn
#Yangon_Media_Group
- Category: Myanmar
- Hits: 293
#Local_News
Published_ 10 February 2023
ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်ဝင်မှုကို စတင်စစ်ဆေးလက်ခံမည့် မြန်မာ - ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေးတံတား အဆင်သင့်ပြင်ထားပြီ ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၉ ရက်က စစ်တွေမြို့မှ တောင်ပြိုလက်ဝဲသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ အဆိုပါတံတားကို သွားရောက်စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်း၊ငါးခူရပြန်လည်လက်ခံရေးစခန်း၊ မောင်တောမြို့ လှဖိုးခေါင်ယာယီ ကြားစခန်းတို့ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ပြန်လည်ဝင်ရောက်လာမည့်သူများအား လဝကလုပ်ငန်းစဉ် များဖြစ်သည့် အိမ်ထောင်စုစာရင်းရေးသွင်း မှတ်သားခြင်း၊ Bio Metric Data များ ရယူ၍ e-ID ဖြည့်သွင်းခြင်း၊ NVC ကတ်ထုတ်ပေးခြင်း၊ Covid စစ်ဆေးခြင်းများပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ ပြန်လည်ရောက်ရှိလာသူများ သတ်မှတ်အချိန်ကာလအတွင်း ယာယီကြားစခန်း၌ စနစ်တကျထားရှိနိုင် ရေး၊ ကျန်းမာရေး၊ ရေ၊ မီး၊ မိလ္လာ လုပ်ငန်းများကို ပြည့်စုံအောင် ဆောင်ရွက်ထားရှိရန်၊ ဆက်လက်တပ်ဆင်နေသည့် အသင့်နေထိုင်နိုင်သော နေအိမ်များကို အချိန်မီပြီး စီးအောင် တပ်ဆင်သွားရန်လည်း လုပ်ဆောင်နေကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
- Category: Myanmar
- Hits: 352
#Local_News
Published_ 10 February 2023
ချင်းပြည်နယ်၊ ထန်တလန်မြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့၏တောင်ဘက်ရှိ လုံခြုံရေးတပ်စခန်းတို့ကို နစက ဆန့်ကျင်အဖွဲ့က ဖေဖော်ဝါရီလ ၈ ရက် ည ၁၀ နာရီမှ စတင်၍ ဖေဖော်ဝါရီလ ၉ ရက် နံနက်ပိုင်းထိ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယင်းကြောင့် တပ်မတော်က လေကြောင်းပစ်ကူနှင့် အမြောက်ပစ်ကူများ ရယူ၍ ဆုတ်ခွာခဲ့ရကာ မြို့တောင်ဘက်ရှိ လုံခြုံရေးတပ်စခန်းသို့ သွားရောက်ပူးပေါင်းနိုင်ခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တချို့ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး ပြုပြင်ရန်လိုအပ်သည့် လက်နက်ငယ်အချို့ ဆုံးရှုံးခဲ့ရကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မြို့နယ်ရဲစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် မြို့လုံခြုံရေးအတွက် တပ်မတော် စစ်ကူစစ်ကြောင်းများက ယနေ့ညနေပိုင်းတွင် ထန်တလန်မြို့သို့ ရောက်ရှိ စုဖွဲ့လျက်ရှိပြီး ရဲတပ်ဖွဲ့မှူးစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် ထန်တလန်မြို့ အတွင်း အကြမ်းဖက်မှု ချေမှုန်းရေးစစ်ဆင်မှု (Counter-Terrorism Operation) အတွက် လုပ်ဆောင်နေကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
- Category: Myanmar
- Hits: 293
#Local_News
Published_ 10 February 2023
ရပ်တန့်ထားသည့် စက်ရုံများကို ပြန်လည်လည်ပတ်ရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၂၃ ခုနှစ် ဒုတိယအကြိမ် အစည်းအဝေး၌ ပြောသည်။
ရပ်တန့်ထားသည့် စက်ရုံများမှာ နိုင်ငံ့အတွက်အရှုံးများသာဖြစ်သဖြင့် ပြန်လည်လည်ပတ်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ရာတွင် အကုန်အကျအနည်းဆုံးနှင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ရေးအတွက် မလိုလားအပ်ဘဲ ငွေကြေးကုန်ကျမှုများမဖြစ်ပေါ်စေရေး မှန်မှန်ကန်ကန် ဆောင်ရွက်ကြစေလိုကြောင်းနှင့် မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်းမရှိပါက အရေးယူခြင်းများကိုလည်း ဆောင်ရွက်နိုင်ကြောင်း ၎င်းကပြောသည်။
ဦးစီးခေါင်းဆောင်ရသည့် တာဝန်ရှိသူများ အနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို သိရှိအောင်ဆောင်ရွက်ပြီး မှန်ကန်သည့် လမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက်သွားရန်၊ မိမိတို့အား ပေးအပ်လာသည့်တာဝန်ကို မူဝါဒအားဖြင့် သိရှိဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ယင်းအပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန်လည်း လိုကြောင်း အစည်းအဝေးအတွင်း ပြောကြားခဲ့သည်။
လာမည့်ကာလတွင် ပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် အထောက်အကူပြုနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန်၊ ပညာရေးတွင် KG + 9 သင်ကြားပြီးမြောက်ချိန်တွင် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ကူးပြောင်းသင်ကြားနိုင်ရေး အောင်မြင်အောင် ဆောင်ရွက်ပေးကြရန်လည်း ယင်းက ဆိုသည်။
နောင်ကျင်းပမည့် အခမ်းအနားများနှင့် ပတ်သက်၍ ဘာသာရေး၊ နိုင်ငံရေး သက်ဆိုင်ရာကဏ္ဍအလိုက် အခမ်းအနားများကို ရိုးရာအစဉ်အလာမပျက် အနှစ်သာရ ပြည့်ဝစွာဖြင့် ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဆောင်ရွက်သွားကြရန်၊ ပြင်ပ ပယောဂများကြောင့် နိုင်ငံတော်၏ ယဉ်ကျေးမှုနှင့် ကိုးကွယ်မှုတို့သည် ပျောက်ပျက်သွားခြင်းများမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဌက ပြောသည်။
#ymg/mt
#Yangon_Media_Group
- Category: Myanmar
- Hits: 274
#Local_News
Published_ 10 February 2023
နစကဥက္ကဌအား ရွေးကောက်ပွဲကော်မရှင်က အီလက်ထရောနစ်ဖြင့် မဲပေးခြင်းလုပ်ငန်းကိစ္စကို ဖေဖော်ဝါရီလ ၉ ရက်က ရှင်းပြခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ Myanmar Electronic Voting Maching (MEVM) တည်ဆောက်ထားရှိမှုနှင့် ပတ်သက်၍ နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ရှင်းပြခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက Myanmar Electronic Voting Maching (MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍ ထိန်းချုပ်စက်(Control Unit)၊ ဆန္ဒပြုစက် (Ballonting Unit – Main, Extension)၊ ဆန္ဒပြုစက်မှန်ကန်မှု ရှိ၊ မရှိ ပြသသောစက်(Verification Unit)၊ မဲပုံးနှင့် ဘထ္ထရီများ ဖွဲ့စည်းတည်ဆောက်ထားရှိမှု၊ ထည့်သွင်းအသုံးပြုထားသည့်စက်များနှင့် အသုံးပြုရခြင်း ရည်ရွယ်ချက်များ၊ သုံးသပ်အကြံပြုတင်ပြချက်များ၊ အရေအတွက် အများအပြား ထုတ်လုပ်ရန်အတွက် ပြင်ဆင်ရမည့်အချက်များ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
စမ်းသပ်တည်ဆောက်ထားသည့် Myanmar Electronic Voting Maching (MEVM) ဖြင့် စမ်းသပ်မဲပေးမှုကို နစကအဖွဲ့က ကြည့်ရှုခဲ့ကြကြောင်း၊ ယင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
- Category: Myanmar
- Hits: 244