Published_ 24 August 2023
U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် အုပ်စု ဒုတိယပွဲစဥ်အဖြင့် ဂျပန်ကလပ်အသင်း(JEF United Chiba )နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သုံးဂိုး တစ်ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့သည်ဟု ပွဲစဉ်အပြီးရလာဒ်ကို MFF က ထုတ်ပြန်သည်။
မြန်မာလူငယ်အသင်းအနေဖြင့် အဆိုပါအုပ်စုဒုတိယပွဲစဥ်ကို ယနေ့ နံနက် မြန်မာ စံတော်ချိန် (၁၀) နာရီအချိန်တွင် ကစားခဲ့ကြခြင်းဖြစ်သည်။
အုပ်စုပွဲစဉ်အရ တစ်ရက်တည်းတွင် နှစ်ပွဲဆက်တိုက်ကစားခဲ့ရသည့် မြန်မာလူငယ်ဘောလုံးအသင်းအနေဖြင့် ရှုံးနိမ့်ခဲ့သော်လည်း စုဖွဲ့မှုကောင်းကောင်းဖြင့် ကြိုးစားကစားနိုင်ခဲ့ကြသည်ကိုတွေ့မြင်ရသည်။
မြန်မာအသင်းအနေဖြင့် ယနေ့ နံနက်ပိုင်းကလည်း အုပ်စု အဖွင့်ပွဲစဉ်ကို ဘာစီလိုနာ ယူ ၁၂ အသင်းနှင့် ကစားခဲ့ရာ လေးဂိုး ဂိုးမရှိဖြင့် ရှုံးနှိမ့်ထားသေးသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၂ လူငယ်ဘော လုံးအသင်း၏ အုပ်စု နောက်ဆုံးပွဲစဥ်ကို Daiwa House Dream အသင်းနှင့် ဩဂုတ် (၂၅)ရက် (မနက်ဖြန်) မြန်မာစံတော်ချိန် နံနက် (၇) နာရီ (၄၅)မိနစ် အချိန်တွင် ယှဥ်ပြိုင် ကစားသွားရဦးမည် ဖြစ်သည်။
Yangon Times/my
#Local_News
#YMG #Yangon_Times
အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများ မိုးသည်းမည်
‘မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ နေပြည်တော်၊မန္တလေး၊မကွေးစတဲ့ ဒေသတွေမှာမိုးကြီးနိုင်တယ်။’..... ဦးလှထွန်း၊ညွှန်ကြားရေးမှူး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Yangon_Times/tthl
#Local_News
#Published_ 24 August 2023
#YMG #Yangon_Times
Published_ 24 August 2023
ထိုင်းနိုင်ငံ စမုဆွန်ခါခရိုင်၊ စမုဆွန်ခရာမြို့ရမဲခေါင်မြစ်ခွဲအတွင်း၌ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်အတွက် ရပ်နားထားသော Smoosh Sea C-22 ဆီတင်သင်္ဘော မီးလောင်ပေါက်ကွဲရာ တွင် သေဆုံးသွားသောမြန်မာ အလုပ်သမား များ အတွက် နစ်နာကြေး ကို ကျန်ရစ်သူမိသားစုများထံ ပေးအပ်ခဲ့ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာအလုပ်သမားသံရုံး မှ သိရသည်။
smoosh Sea C-22 ဆီတင်သင်္ဘောသည် ၁၇-၁-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်ခန့်တွင် အလုပ်သမား ၃၀ ဦးခန့်ဖြင့် ဆီပိုက်လိုင်းများ ဂဟေဆော်သည့် လုပ်ငန်းများဆောင်ရွက်နေစဉ်ပိုက်လိုင်းအတွင်းရှိဆီလက်ကျန်များမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား အလုပ်သမား ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးသူ အလုပ်သမား ၇ ဦး၏ ကျန်ရစ်သူမိသားစုများအနက်မှ စာရွက်စာတမ်းနှင့် အချက်အလက်များ ပြည့်စုံသော မိသားစု ၄ စု၏ မိခင် ၃ ဦးနှင့် ကလေး ၂ ဦးတို့ား ၂၂-၈-၂၀၂၃ ရက်နေ့တွင် စမုစခွန်ခရိုင်၊ လူမှုဖူလုံရေးရုံး၌ နစ်နာကြေးငွေများကို ထိုက်သင့်သည့်ပမာဏ အလိုက် ပေးခဲ့ပြီး ကျန်ရှိသည့် မိသားစု ၃ စုအတွက်လည်း နစ်နာကြေးများ အမြန်ဆုံးရရှိနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
Yangon Time/LW
#Local_News
#YMG #Yangon_Times
Pubulish_ 24 August 2023
ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် သယ်ယူစရိတ်လျှော့ချနိုင်မည့်နည်းလမ်းများရှာဖွေခြင်း၊ကုန်ဈေးနှုန်း တည်ငြိမ်မှုပျက်ပြားစေမည့်ကိစ္စရပ်များကို ဥပဒေနှင့်အညီကြပ်မတ်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ဆောင်ရွက်မည့်အကြောင်းကို ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေး၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ‘ကုန်ဈေးနှုန်းတည်ငြိမ်စေရန် ကုန်ပစ္စည်းထွက်ရှိရာ ဒေသများမှ စားသုံးသည့်ဒေသများ သို့သယ်ဆောင်ရာတွင် သယ်ယူစရိတ်ကြီးမြင့်စေသည့် စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်း၊ ကြားခံအဆင့်များပြား ခြင်းကို လျှော့ချနိုင်မည့် နည်းလမ်းများရှာဖွေခြင်း၊ ကုန်စည်အဝင်/အထွက် မျှတမှု ရှိ-မရှိနှင့် ဝိသမလောဘ သမားများ၏ ဈေးကစားမှု ရှိ - မရှိကို စုံစမ်းစိစစ်ခြင်းများ ဆောင်ရွက်နိုင်ရေးညှိ နှိုင်းဆောင်ရွက်ပေးရန်လိုအပ် ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုပျက်ပြားစေမည့်ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးဈေးနှုန်း မြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင် စီမံဆောင်ရွက်ထားရန်လည်း လိုအပ်ကြောင်း’ထည့်သွင်းပြောကြားခဲ့သည်။
ဒေသအလိုက်ကုန်ဈေးနှုန်းများတည်ငြိမ်စေရန်အတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့အစည်းများအားလုံးပူးပေါင်းပြီး ကြပ်မတ်ဆောင်ရွက်ကြမည်ဟုဆိုသည်။
လက်ရှိဆန်ဈေး၊ စားအုန်းဆီဈေးနှုန်းများမြင့်တက်နေခြင်းကို စနစ်တကျ စိစစ်သုံးသပ်လေ့လာပြီး ထိထိရောက် ရောက် စီမံကြပ်မတ်ဆောင်ရွက်ကြမည်ဖြစ်သလို တစ်ဖက်တွင်လည်း အခြေခံစားကုန်ထုတ်လုပ်ရာတွင် အဓိက ကျသည့်လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့တွင် ထုတ်လုပ်မှုတိုးတက် လာစေရန်အတွက် လိုအပ်သည့်ပံ့ပိုးမှု များပေးခြင်း၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့ကို အားပေးခြင်းစသည့်စည်းရုံးရေးနှင့် စီးပွားရေး နည်းလမ်းများဖြင့် ဆွဲဆောင်မှုပေးခြင်းများလည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
Yangon Times/tthl
#Local_News
#YMG #Yangon_Times
Published_ 24-August 2023
လူငယ်အများစု ဝင်ရောက်ယှဉ်ပြိုင်မည့် ဒုတိယအကြိမ်မြောက် Stand For Love ပြိုင်ပွဲကို လာမည့် ဩဂုတ် (၂၆)ရက်နှင့် (၂၇)ရက် တို့တွင် မြန်မာပလာဇာ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Stand For Love အမည်ရှိ ပြိုင်ပွဲကို ပြိုင်ပွဲဝင်ပေါင်း (၁၂၀)က ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပထမဆု ကျပ် (၁၅)သိန်း၊ ဒုတိယဆု ကျပ် (၁၀)သိန်းနှင့် တတိယဆုကျပ် (၅)သိန်းတို့ကို ချီးမြှင့်သွားမည့် အပြင် စိန်နန်းတော်၊ D&C၊ Canal+၊ ERKEနှင့် One Finesses တို့ ကလည်းဆုများထပ်မံချီးမြှင့်သွားမည်ဖြစ်သည်။
ဝင်ရောက်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲပုံစံမှာ ပြိုင်ပွဲအတွင်းရှိ ကားပေါ်မှ သတ်မှတ်ထားသောနေရာအား လက်ဖြင့် ငါးနာရီကြာထိထားနိုင်သူ သုံးဦးကိုရွှေးချယ်၍ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်ရောက်သူများအနေဖြင့် နှစ်ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊
ပထမတစ်ကြိမ်တွင် ကားအတွင်းရှိသတ်မှတ်ထားသော လက်ပုံစံနေရာအား ခြေစုံရပ်၍ လက်ဖြင့်ထိထားရမည်ဖြစ်သည်ဟုဆိုသည်။
ဒုတိယအကြိမ်တွင် ခြေတစ်ဘက်သာရပ်၍ သတ်မှတ်ထားသော လက်ပုံစံနေရာအား လက်ဖြင့်ထိထားရမည်ဖြစ်ပြီး ၊ ပထမအကြိမ်နှင့်ဒုတိယအကြိမ်အကြား ၁၀မိနစ်သာနားခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။
ဝင်ရောက်ယှဉ်ပြိုင်သူများအနက် သုံးဦးကိုသာရွေးချယ်သွားမည်ဖြစ်သော်လည်း သုံးဦးထက်ပိုပါက မြန်မာပလာဇာ စီမံခန့်ခွဲရေးဌာနက ပြိုင်ပွဲဝင်အားလုံးအရှေ့တွင် မဲနှိုက်၍ မဲပေါက်သူကို ဆုချီးမြှင့်သွားမည်ဟု အသိပေးထားသည်။
ပြိုင်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်သူအနေဖြင့် အဖော်ပြုပေးမည့်သူ တစ်ယောက် ခေါ်လာခွင့်ရှိကာ ကျန်းမာရေးနှင့်ပတ်သက်၍ တစ်စုံတရာဖြစ်ပွားပါက ပြိုင်ပွဲဝင်၏ တာဝန်သာဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
Yangon Times/MY
#Local_News
#YMG #Yangon_Times
Published_ 24 August 2023
ရခိုင်ပြည်နယ် ၊ နတ်မြစ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ဟန်ချက်ညီရေကြောင်းကင်းလှည့်မှုတစ်ခုကို ယမန်နေ့ ဩဂုတ်(၂၃)ရက်က ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာတစ်ခုတွင် ရေးသားဖော်ပြထားသည်။
အဆိုပါ ဟန်ချက်ညီ ရေကြောင်းကင်းလှည့်ခြင်းကို နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ ပူးပေါင်း၍ လစဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယခု ဩဂုတ်လအတွင်း သုံးကြိမ်ဆောင်ရွက်ခဲ့ပြီး၊ ဩဂုတ်လ(၁၉) ရက်တွင်တစ်ကြိမ်၊ ဩဂုတ်(၂၂) ရက်တွင်တစ်ကြိမ် နှင့် ဩဂုတ်(၂၃ )ရက်တွင် တစ်ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကင်းလှည့်ခြင်းအတွက် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိဦးစီး ကိုယ်စား လှယ်အဖွဲ့ဖြင့် အောင်ဗလချောင်းဝအနီးမှ မကျီးချောင်းဝအနီးထိ နတ်မြစ်တစ်လျှောက်ဆောင်ရွက်ခဲ့ပြီး နှစ်ဖက်ကင်းလှည့်မှုအခြေအနေများကို မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ-ရခိုင်နေ့စဉ်
Yangon Times/my
#Local_News
#YMG #Yangon_Times
Published_ 24 August 2023
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရပ်ကွက် (၅) တွင် နေအိမ် တစ်အိမ်ဓားပြတိုက်ခံရ၍ ငွေကျပ်သိန်းပေါင်း ငါးထောင်ကျော် ပါသွားကြောင်း ဒေသခံများထံမှ သိရသည်။
သြဂုတ်လ ၂၃ ရက် ညနေ ၅ နာရီခွဲခန့်အချိန်က အဆိုပါနေအိမ်သို့ ဆိုင်ကယ်များစီး၍ Mask တပ်ထားသည့် လူငယ် ၆ ဦးက သေနတ်များကိုင်ဆောင်လျက် ဝင်ရောက်ကာ ဓားပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတို့က အိမ်သားများနှင့် ဧည့်သည့်များအား ကြိုးဖြင့် တုတ်ပြီးနောက် ငွေနှင့် ပစ္စည်းများကို ယူဆောင် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ဓားပြတိုက်ခံရသည့်နေအိမ်ပိုင်ရှင်မှာ ဦးမိုးကျော်ထွန်း ဆိုသူ၏ နေအိမ် ဖြစ်ကြောင်းသိရသည်။
ဓားပြအတိုက် ခံရသောကြောင့် မြန်မာငွေ ကျပ်သိန်း ၅၀၀၀၊ တရုတ်ငွေ ယွမ် ၇၀၀၀၀၊ လက်စွပ်တစ်ကွင်း၊ ဆိုင်ကယ် တစ်စီးနှင့် ဖုန်း ၇ လုံးလည်းပါသွားခဲ့ကြောင်းလည်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။
လက်ရှိတွင် လုံခြုံရေးအဖွဲ့များက အဆိုပါ ဖြစ်စဉ်အပေါ် လိုက်ပါဆောင်ရွက်နေကြကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Page 743 of 1842