#Local_News
Published 4 October 2024


▪️ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌  ပြုလုပ်မည့် COEX Food Week 2024 ပြပွဲ ၌ ဝင်ရောက်ပြသရန် ပြည်တွင်းလုပ်ငန်းရှင်များအားဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။

 

▪️ အဆိုပါ ဆိုးလ်မြို့ရှိ ညီလာခံများနှင့် ပြပွဲများကျင်းပရေးစင်တာ (Convention & Exhibition Center – COEX) တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ COEX Food Week 2024 ပြပွဲ ကို COEX နှင့် စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနတို့ကကြီးမှူးကျင်းပမည်ဖြစ်သည်။

 

▪️ COEX Food Week 2024 ကို World FoodTech Expo နှင့် the Korea Bakery Show တို့နှင့်အတူ တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်သည့်အတွက် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပလေ့ရှိသည့် စားသောက်ကုန်ပြပွဲများအနက် အစည်ကားဆုံးပြပွဲဖြစ်ပြီး ပြပွဲကာလအတွင်း ကမ္ဘာအနှံ့ရှိ စားသောက်ကုန်နှင့်အဖျော်ယမကာကဏ္ဍမှ ကုန်စည်နှင့် ဝန်ဆောင်မှုများစွာကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့ကြောင့် ယင်းပြပွဲသို့ ပါဝင်တက်ရောက်ခြင်း၊ ပြသခြင်းအားဖြင့် ကမ္ဘာအနှံ့မှသက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ရင်းနှီးမှုကိုခိုင်မာစေပြီး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ ပြပွဲတွင် နိုင်ငံပေါင်း ၂၀ မှ ကုမ္ပဏီ ၁,၀၀၀ ခန့်က ပြခန်းပေါင်း ၁,၄၀၀ ကျော်ကို ခင်းကျင်း ပြသသွားမည်ဖြစ်ကြောင်း၊  ပြပွဲသို့လာရောက်လေ့လာသူနှင့် အဝယ် တော်စုစုပေါင်း ၅၅,၀၀၀ ခန့် တက်ရောက်နိုင်ဖွယ် ရှိသည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

 

▪️ ထို့ကြောင့်နှစ်စဉ်ကျင်းပသည့် COEX Food Week ပြပွဲများတွင် ပြခန်းများယူ၍ ပါဝင်ပြသနိုင်ရေး စဉ်းစားနိုင်စေရန်ရည်ရွယ်၍ COEX Food Week 2024 သို့ လာရောက် လည်ပတ် လေ့လာနိုင်ရန် ပြည်ပကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းများ (သို့) စားသောက်ကုန်နှင့်ဆက်နွယ်သော အဖွဲ့အစည်းများမှ ဆုံးဖြတ်နိုင်စွမ်းရှိသည့် ဝါရင့်စီမံခန့်ခွဲမှုအဆင့်ရှိ ကိုယ်စားလှယ်များ၊  ပြည်ပနိုင်ငံများတွင် နိုင်ငံအလိုက် စားသောက်ကုန်ပြခန်းများ သွားရောက်ဖွင့်လှစ်ပြသရန် တာဝန်ယူထားသော/ အထောက်အပံ့ပေးလျက်ရှိသော စားသောက်ကုန်နှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများ၊   ပြည်ပနိုင်ငံများတွင် နိုင်ငံအလိုက်စားသောက်ကုန်ပြခန်းများ သွားရောက်ဖွင့်လှစ်ပြသရန် တာဝန်ယူထားသော/ အထောက်အပံ့ပေးလျက်ရှိသော ပြည်ပ ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများတွင် ကျင်းပသည့် ကုန်စည်ပြပွဲများတွင် နိုင်ငံအလိုက်ပြခန်းများ သွားရောက်ဖွင့်လှစ်ပြသနိုင်ရေးအတွက် ငွေကြေးအထောက်အပံ့များပေးသည့် အစိုးရ အဖွဲ့အစည်းများကို ဖိတ်ကြားကြောင်း သိရသည်။

 

▪️ အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲသို့ လိပ်မူ လျှောက်ထားနိုင်ပြီး လျှောက်ထားလာသည့် လျှောက်လွှာများအနက် COEX Food Week 2024 သို့ တက်ရောက်လေ့လာရန် ရွေးချယ်ခံရပါက တက်ရောက်မည့်ကိုယ်စားလှယ်အတွက် နံနက်စာပါဝင်သည့် ဟိုတယ်အခန်းတစ်ခန်းကို ၄ ညတာ တည်းခိုနေထိုင်ခွင့်နှင့် နှစ်ရက်စာ နေ့လယ်စာတို့ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် လေယာဉ်လက်မှတ်ခအတွက်လည်း အကန့်အသတ် ပမာဏတစ်ခုအထိ ပြန်လည်ပေးအပ် သွားမည်ဖြစ်ကြောင်း၊ သို့သော် လေယာဉ်လက်မှတ်ခ ပြန်လည်အမ်းငွေသည် နိုင်ငံ အလိုက် ကွဲပြားမည်ဖြစ်ကြောင်း၊ ပြည်ဝင်ခွင့် (Visa) လျှောက်ထားမှုအတွက် ဖိတ်ကြားစာများ ထောက်ပံ့ပေးမည် ဖြစ်သော် လည်း ကုန်ကျစရိတ်အတွက် ကျခံမည်မဟုတ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times