#LocalNews
Published - 5 Mar 2022
ဒီကနေ့(မတ်လ ၅ ရက်)၊ မွန်းလွဲပိုင်းအချိန်က အာရှလမ်းမကြီးတွင် ခရီးသည်တင် Express ယာဥ်တစ်စီးနှင့် ကုန်တင်တွဲကားတို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဆိုပါယာဥ်တိုက်မှုဟာ အာရှလမ်းမကြီး မြဝတီ-ကော့ကရိတ် အာရှလမ်းကွင်းကလေးတံတားအပေါ်ကွေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
ယာဥ်တိုက်မှုဖြစ်ပွားရာသို့ သဃ်န်းညီနောင် မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယာဥ်တိုက်မှုဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၁)ဦးကိုလည်း သဃ်န်းညီနောင် မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ လူနာတင်ယာဥ်ဖြင့် မြဝတီဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ - သဃ်န်းညီနောင် မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 5 Mar 2022
ကချင်ပြည်နယ်ရှိ ပူတာအိုမြို့တွင် စက်သုံးဆီများကို ဒေသခံများက အလုအယက်ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။
" ဆီဘောက်ဆာကား နှစ်စီးဝင်လို့ရောင်းပေးတာပါ ။ တစ်ယောက်ကို ၃,၀၀၀ ဖိုးပဲရောင်းပေးတယ်၊ လုံလောက်မှုမရှိဘူးပေါ့။ ရတဲ့ဆီက ဆိုင်ကယ်တစ်စီးတောင် မပြည့်ပါဘူး။ ရောင်းတာကလည်း မြို့ပေါ်က တိုင်းကျော် ဆီဆိုင်တစ်ခုထဲမှာပဲ ရောင်းပေးနေတာပါ။
ပြောရရင် အခုထိအဆင်မပြေသေးပါဘူး၊ ပူတာအိုမှာ ဓါတ်ဆီစျေးက တက်နေတုန်းပါပဲ။"လို့ ပူတာအိုမြို့ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
လက်ရှိ ပူတာအိုဒေသတွင် ဓါတ်ဆီ ၁ လီတာ တစ်ပုလင်းလျှင် ကျပ် ၃,၀၀၀ မှ ကျပ် ၄,၀၀၀ အထိ ပေါက်စျေးရှိနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
"အခက်အခဲတွေက ရှိနေတုန်းပါပဲ။ ဒီမနက်ဆို ဘာဖြစ်လဲဆိုရင် နာရေးအိမ်တစ်ခုက အကူအညီတောင်းတာတောင် Body ကို သွားသယ်ပေးလို့ မရဘူးဖြစ်ခဲ့တယ်။
ကားဆီမရှိလို့လေ၊အခုရောင်းပေးတယ်ဆိုတာကလည်း တစ်ယောက်ကို ၃,၀၀၀ ဖိုးလောက် ကားဆိုရင် ၆,၀၀၀ ဖိုးလောက် ဒါ လောက်ပဲရောင်းပေးတော့ အဆင်မပြေခဲ့ပါဘူး။ စက်သုံးဆီအခက်အခဲက ရှိနေတုန်းပါပဲ။"လို့ ပူတာအိုမြို့ ဒေသခံတစ်ဦးက ဆက်လက် ပြောပြခဲ့ပါတယ်။
အဆိုပါ ပူတာအိုဒေသတွင် စက်သုံးဆီတွေ လနဲ့ချီကြာအောင် ပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
သို့သော်လည်း ယမန်နေ့က ပူတာအိုမြို့သို့ ဆီဘောက်ဆာကားနှစ်စီး ပြန်လည်ဝင်ရောက်လာတဲ့အတွက် ဒီကနေ့မှစတင်ပြီး စက်သုံးဆီများကို ခွဲတမ်းနဲ့ ရောင်းချပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#LocalNews
Published - 5 Mar 2022
ရှမ်းပြည်နယ်၊နမ္မတူမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ဒေခံတွေရဲ့ နေအိမ်တွေပျက်စီးဆုံးရှုးခဲ့ရပြီး လိုအပ်နေတဲ့နေထိုင်ရေးအတွက် အိမ်သစ်ဆောက်လုပ်ပေးခြင်းနဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့တယ်လို့ ICRC က သိရပါတယ်။
၂၀၂၁ ခုနှစ်မှာ တိုက်ပွဲတွေကြောင့် နမ္မတူမြို့နယ်မှ ထောင်နှင့်ချီတဲ့ရွာသားတွေရဲ့ အိုးအိမ်တွေနဲ့ သူတို့ရဲ့သက်မွေးလုပ်ငန်းတွေ ဆုံးရှုံးခဲ့ရပြီး နေအိမ်အချို့မီးလောင်ဆုံးရှုးခဲ့ရတာကြောင့် ICRC အနေနဲ့ ရပ်ရွာလူထုတွေနဲ့အတူ ရွာနှစ်ရွာမှာ အိမ်အသစ် ၁၈ လုံး ဆောက်လုပ်ကူညီပေးခဲ့ပြီး တခြားရွာသုံးရွာက မိသားစု ၉၇ စုအတွက် အိမ်ဆောက်ပစ္စည်းတွေ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
”မိသားစုတွေ လျှပ်စစ်မီးသုံးစွဲနိုင်ဖို့ အိမ်သုံးဆိုလာပြားတွေ ထောက်ပံ့ပေးပြီး ရေအရင်းအမြစ်တွေကို ထိန်းသိမ်းပြုပြင်ဖို့လည်း ကူညီပေးနေပါတယ်” လို့ အိုင်စီအာရ်စီရဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဒေါ်နန်းဇာခြည်ထွန်းက ပြောပါတယ်။
"အခြားအရေးတကြီး လိုအပ်ချက်တွေသိနိုင်ဖို့ ရပ်ရွာအသိုက်အဝန်းတွေနဲ့ ကျေးရွာကော်မတီတွေနဲ့အတူ အနီးကပ်လုပ်ဆောင်နေပါတယ်။"လို့ ဒေါ်နန်းဇာခြည်ထွန်းကဆက်လက်ပြောကြားပါတယ်။
ဖေဖေါ်ဝါရီလမှာ ဆောက်လုပ်ပြီးစီးဖို့ဖြစ်ပေမယ့်လည်း ပဋိပက္ခဒဏ်ခံစားနေရတဲ့ ရပ်ရွာအသိုက်အ၀န်းတွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ အခြေအနေတွေကိုကြံ့ကြံ့ခံနိုင်ဖို့ အမြဲတမ်းဆက်လက်ပံ့ပိုးနေမယ်လို့ ICRCက ထုတ်ပြန်ထားပါတယ်။
yng/hm
#Yangon_Media_Group
#LocalNews
Published - 5 March 2022
နိုင်ငံရေးပါတီ ၈၁ ပါတီရဲ့ နိုင်ငံရေးဆိုင်ရာ အချက်အလက်များကို စစ်ဆေးပြီးပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးပါတီများရဲ့ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနဲ့ ပစ္စည်းများစုဆောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနဲ့ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးတာတွေ UEC အနေနဲ့ လုပ်ဆောင်နေပါတယ်။
စစ်ဆေးခဲ့ရာမှာ ကချင်ပြည်နယ်အခြေစိုက်ပါတီ ငါးပါတီ၊ ကရင်ပြည်နယ်အခြေစိုက်ပါတီ နှစ်ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက်ပါတီ နှစ်ပါတီ၊ တနင်္သာရီတိုင်းဒေသကြီး အခြေစိုက်ပါတီ တစ်ပါတီ၊ ပဲခူးတိုင်းဒေသကြီး အခြေစိုပါတီ သုံးပါတီတို့ ဖြစ်ပါတယ်။
ဒ့ါအပြင် မန္တလေးတိုင်းဒေသကြီး အခြေစိုက်ပါတီ ၃၆ ပါတီ၊ ရှမ်းပြည်နယ်အခြေစိုက် ပါတီ ၁၅ ပါတီ၊ ဧရာဝတီတိုင်းဒေသကြီး အခြေစိုက်ပါတီနဲ့ ပြည်ထောင်စုနယ်မြေအခြေစိုက်ပါတီ လေးပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၈၁ ပါတီကို စစ်ဆေးခဲ့ပြီးပြီလို့ ဆိုပါတယ်။
ဆက်လက်ပြီး မတ်လ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ရန်ကုန်တိုင်းအခြေစိုက်ပါတီဖြစ်တဲ့ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ ကရင်မျိုးပါတီတို့ကို စစ်ဆေးခံနိုင်ဖို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။
မတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်အထိ ရခိုင်ပြည်နယ်အခြေစိုက်ပါတီ ဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲချုပ်ပါတီနဲ့ ချင်းပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ခူမီး(ခမီး)အမျိုးသားပါတီတို့ကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ ချင်းပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီနဲ့ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ပါတီဖြစ်တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကို ချင်းပြည်နယ်တွင်လည်းကောင်း စစ်ဆေးခံနိုင်ဖို့ အကြောင်းကြားထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ymg/ei
#Yangon_Media_Group
#DailyNews
Published - 5 Mar 2022
၁။ မြန်မာနိုင်ငံသို့ အာဆီယံအထူးကိုယ်စားလှယ် လာရောက်ပါက တွေ့ဆုံနိုင်ရန် PPST အဖွဲ့ဝင်တစ်ခုချင်းစီတက်ရောက်နိုင်ရေး နစက အကြောင်းကြား
၂။ ရခိုင်ပြည်နယ်က စစ်တွေ ပြည်တော်သာ-ရေချမ်းပြင် ရထားလမ်းပိုင်းကို မတ်လအတွင်း ပြေးဆွဲမည်
၃။ မိုးလေဝသ သတင်း
၄။ တူရကီတွင်ငွေကြေးဖောင်းပွမှုဖြစ်ပေါ်နေမှုကြောင့် အိမ်ငှားခများအဆမတန်မြင့်တက်.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 5 Mar 2022
ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံကြဖို့ ကျန်းမာရေးပညာရှင် ဒေါက်တာခင်ခင်ကြီး တိုက်တွန်းပြောကြားလိုက်ပါတယ်။
ကိုယ်ဝန်ဆောင်တွေ ကိုဗစ်ကာကွယ်ဆေးထိုးရန်လိုအပ်ပြီး နို့တိုက်မိခင်တွေလဲ ကာကွယ်ဆေးထိုးလို့ရကြောင်းနှင့် ကာကွယ်ဆေးထိုးခြင်းကြောင့် အန္တရာယ်မရှိကြောင်း သုတေသနများစွာက ပြဆိုပြီးဖြစ်တယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။
"WHO, CDC ကလည်းကာကွယ်ဆေးထိုးရန် တိုက်တွန်းထားပါတယ်။ ကာကွယ်ဆေးမထိုးမိပါက ဖြစ်ပေါ်လာမည့်အန္တရာယ်က မိခင်အတွက်ရော ကလေးငယ်အတွက်ရော များစွာဆိုးကျိုးဖြစ်စေပါတယ်။
ဒါ့ကြောင့်ကာကွယ်ဆေးကို ထိုးဖြစ်အောင်ထိုးဖို့ တိုက်တွန်းအပ်ပါတယ်။"လို့ ဒေါက်တာ ခင်ခင်ကြီးက သူရဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာကနေတစ်ဆင့် အသိပေးရေးသားခဲ့တာဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ဖို့ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံကြဖို့ကိုလည်း တိုက်တွန်းထားတာပါ။
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့အထိ လူဦးရေ စုစုပေါင်း(၂၃,၆၅၂,၄၃၂)ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ (၂၁,၀၃၃,၄၃၆)ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၂,၆၁၈,၉၉၆)ဦး ရှိပြီဖြစ် တယ်လို့ သိရပါတယ်။
ထို့ကြောင့် အဆိုပါရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၄၄,၆၈၅,၈၆၈)ကြိမ်အား ထိုးနှံပေးခဲ့ပြီးဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားသော အချက်အလက်များအရ သိရပါတယ်။
ဒါ့အပြင် ယနေ့အထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲနမူနာစုစုပေါင်း(၇,၂၁၂,၉၀၁)ခုအား စစ်ဆေးခဲ့ပြီး အဆိုပါစစ်ဆေးမှုရလဒ်အရ ကိုဗစ် ၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း(၅၉၅,၈၂၁)ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
ထို့အပြင် ယနေ့အထိ (၅၄၄,၀၅၆)ဦးက ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီးဖြစ်သလို ကိုဗစ် ၁၉ ရောဂါဖြင့် သေဆုံးသူ စုစုပေါင်းက(၁၉,၃၈၃)ဦး ရှိခဲ့တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။
Photo - Internet
ymg/kg
#Yangon_Media_Group
#LocalNews
Published - 5 Mar 2022
မောင်တောတွင် နယ်စပ်ခြံစည်းရိုးမှတဆင့် တရားမဝင်ခိုးဝင်လာသူများဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြို့နယ်ရဲတပ်ဖွဲ့ကသိရပါတယ်။
ဖြစ်စဥ်မှာမတ်လ ၄ ရက်နေ့ နေလည်ပိုင်းက မောင်တောမြို့နယ်၊ လှဖိုးခေါင်ကင်းစခန်းစစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့ဝင်များမှ စစ်ဆေးမှုများဆောင်ရွက်နေစဉ် လမ်းလျှောက်လာသော ဘင်္ဂါလီကျား ၁ ဦး၊ မ ၁ ဦး၊ ကလေး(ကျား) ၂ ဦးတို့အား မသင်္ကာသဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့မှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှတဆင့် နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ကာ တရားမဝင်ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် ယင်းနေ့တွင် မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအတွင်း လုံခြုံရေးအဖွဲ့ဝင်များမှ လှည့်ကင်းဆောင်ရွက်နေစဉ် ၎င်းရွာအနီး ပုဇွန်ကန်တာဘောင်ပေါ်တွင် ဟူဆောန်အာမတ်(ဘ) အဘူကာလင်၊ ၂၃ နှစ်၊ ဘင်္ဂါလီ/ အစ္စလာမ်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှတဆင့် နယ်စပ်ခြံစည်းရိုးအားဖြတ်ကျော်ကာ တရားမဝင်ပြန်လည်ဝင်ရောက်လာသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် ဖမ်းဆီးရမိတရားခံများအား ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 1753 of 1810