#Local_News
Published _ 16 november 2022
ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၂ သိန်း တင်ပို့နေရာမှာ လက်ရှိအချိန်ထိ တန်ချိန် ၆ သောင်းခွဲကျော်အထိ တင်ပို့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရသည်။
ပြီးခဲ့သော အောက်တိုဘာလဆန်းမှ စ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်ဖြူ တန်ချိန် ၂ သိန်း တင်ပို့နေပြီး အရောင်းအဝယ်စာချုပ်အရ လာမည့် ဒီဇင်ဘာလကုန်အထိ ၃ လအတွင်း တင်ပို့ရမှာဖြစ်ကြောင်း အသင်းချုပ်ရဲ့ တာဝန်ရှိသူထံမှ သိရသည်။
"လက်ရှိတင်ပို့မှု အခြေအနေအရ တန်ချိန် ၂ သိန်းကို အချိန်မီ တင်ပို့နိုင်ဖို့ရှိပြီး အလွန်ဆုံးနောက်ကျရင်တောင် ဇန်နဝါရီပထမပတ်လောက်အထိပဲ ဖြစ်မယ်"ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ တာဝန်ရှိသူတစ်ဦးမှ ဆိုခဲ့သည်။
နှစ်နိုင်ငံ MOU အရ ဘင်္ဂလားဒေ့ရှ်သို့ ပေါင်းဆန်တန်ချိန် ၅ သောင်းပါ တင်ပို့လို့ရသော်လည်း လက်ရှိမှာ ပေါင်းဆန်တင်ပို့ရန် အဆင်မပြေသေးကြောင်း အဆိုပါတာဝန်ရှိရဲ့ပြောကြားချက်များအရ သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်မှ ဆန်ဖြူတစ်တန်နှုန်းထားလျှင် ၄၆၅ ဒေါ်လာဝန်းကျင် သတ်မှတ်ဝယ်ယူပြီး ငွေလက်ငင်းစနစ်ဖြင့် ရောင်းချကြောင်းလည်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ခွင့် ခွဲတမ်း မြန်မာကုမ္ပဏီ ၃၀ ကျော် ရရှိထားကြောင်းလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားသည့် စာရင်းဇယားများအရ သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_16 November 2022
ဘုရားသုံးဆူနယ်မြေတွင်ရှိသော သပြုမိုင်းတွင်းကို နစကဘက်က တပ်ဘက်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဆိုသော သတင်းများအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်၊ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ယခုကဲ့သို့ တုန့်ပြန်ပြောကြားလိုက်သည်။
#Yangon_Media_Group
#Local_News
Published _ 16 november 2022
ရန်ကုန်တိုင်းအတွင်း၌ နေ့စဉ်ပြေးဆွဲပေးလျက်ရှိသည့် ခရီးသည်တင် YBS ကားများပေါ်တွင် ခါးပိုက်နှိုက်ခံရခြင်းနှင့်လုယက်ခံရခြင်းများ ဖြစ်ပွားလျက်ရှိနေသဖြင့် ကြုံတွေ့လာရပါက ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)နှင့်နီးစပ်ရာရဲတပ်ဖွဲ့စခန်းများသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားကြရန် YRTC ရဲ့တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က တိုက်တွန်းခဲ့သည်။
"ခရီးသည်တွေက သက်ဆိုင်ရာကို သူတို့ရရှိတဲ့ အချက်အလက်တွေ ဥပမာ ခါးပိုက်နှိုက်တွေသုံးတဲ့ Taxi နံပါတ်လိုမျိုး အချက်အလက်တွေကို အကြောင်းကြားရပါမယ်။ ခရီးသည်တွေအနေနဲ့ သူတို့ရရှိတဲ့ သတင်းအချက်အလက်တွေကို YRTC ဒါမှမဟုတ် ရဲတပ်ဖွဲ့ကိုပေးပို့ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်"ဟု ၎င်းကဆိုခဲ့သည်။
ခရီးသည်တင် YBS ကားများပေါ်၌ ခါးပိုက်နှိုက်ခြင်း၊လုယက်ခြင်းများအား ရဲတပ်ဖွဲ့နှင့် YRTC တို့ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီစုံစမ်းဖော်ထုတ် အရေးယူခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒါ့အပြင် YBS မှတ်တိုင်အချို့တွင်လည်း YRTC မှ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက စောင့်ကြပ်ကြည့်ရှုနေသကဲ့သို့ ခရီးသွားများအား အသိပညာပေးခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်တွင်လည်း ကမာရွတ်မြို့နယ်၊အမှတ်(၃)ရပ်ကွက်၊လှည်းတန်းလမ်းဆုံနှင့်စမ်းချောင်းမြို့နယ်၊မြေနီကုန်းတစ်ဝိုက်တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုကျူးလွန်သူ ၁၁ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_16 November 2022
လက်ရှိ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဧပြီလ ၁ ရက်မှ အောက်တိုဘာလကုန်ထိ ၇ လတာကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာသန်း ၁၄၀၀ ကျော် ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှု ဦးစီးဌာန (DICA) ၏ စာရင်းများတွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လကုန်အထိ မီနီဘတ်ဂျက်ကာလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများထဲတွင် ဝန်ဆောင်မှုကဏ္ဍ၊ စက်မှုကဏ္ဍ အတွက် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၆၅၀ ခန့် ရှိခဲ့ကြောင်း လည်း အဆိုပါ စာရင်းများတွင် ဖော်ပြထားသည်။
ယင်းတွင် စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၈၁၀ ကျော်၊ဝန်ဆောင်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၄၁၀ ကျော် နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှု မှာ ကန်ဒေါ်လာ သန်း ၁၈၀ ခန့်ထိ ရှိခဲ့ကြောင်း၊စင်္ကာပူနိုင်ငံက လုပ်ငန်း ၁၄ ခု ၊ တရုတ်ကလုပ်ငန်း ၂၂ ခု ရှိကြောင်းလည်း အဆိုပါ စာရင်းများတွင် ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_16 November 2022
ဒိန်းမတ်နိုင်ငံအစိုးရ၏ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေး အထောက်အပံ့ Responsible Business Fund – RBF က မြန်မာ့အသေးစားနှင့် အလတ်စားအတွက် ကျပ်သိန်း ၄၀၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
RBF ဆိုသည်မှာ ဒိန်းမတ်နိုင်ငံကနေ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးနေသည့် အစီအစဉ်များထဲမှတစ်ခုဖြစ်ပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယခုအခါ RBF-Myanmar အနေဖြင့် မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စွမ်းအင်အလေအလွင့်လျော့ချခြင်း (Energy Efficiency) နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) စသည့် ဧရိယာ (၂) ခုနှင့် ပတ်သတ်သော စီမံကိန်းများအတွက် ထောက်ပံ့ငွေကို စီမံကိန်းတစ်ခုအတွက် ကုန်ကျငွေ၏ ၂၅ ရာခိုင်နှုန်း ၊ အများဆုံးငွေကျပ်သိန်း (၄၀၀) ထိ ထောက်ပံ့ကြေးငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းမှာ ဆဋ္ဌမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းဖြစ်ပြီး ပထမအဆင့်လျှောက်လွှာများကို နိုဝင်ဘာလ ၉ ရက်မှ ဒီဇင်ဘာလ ၅ ရက်ထိ တင်သွင်းနိုင်ပြီး ရွေးချယ်ခံရသူများအား ဒီဇင်ဘာလ ၂၁ ရက်တွင် ကြေညာပေးမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်လျှောက်လွှာအပြည့်အစုံကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ထောက်ပံ့ငွေပေးအပ်မည်ဖြစ်ကာ လုပ်ငန်းတစ်ခုချင်းစီ ရွေးချယ်ခြင်း၊ သဘောတူညီချုပ်မူကြမ်းပေးပို့ခြင်း၊ သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများအနေဖြင့် ကုမ္ပဏီလိုင်စင်၊ SME ဖြစ်ကြောင်း ထောက်ခံချက်၊ ဝန်ထမ်း (၆၀၀) အောက် (သို့မဟုတ်) ကျပ်သိန်းတစ်သောင်းအောက်ဖြစ်ကြောင်း အထောက်အထား၊ ဝယ်ယူမည့်ပစ္စည်းဈေးနှုန်းစာရင်း၊ ၂၀၂၂ ခုနှစ်အတွက် ပြင်ပစာရင်းစစ်နှင့်စစ်ဆေးထားသည့် အရှုံးအမြတ်စာရင်းအပါအဝင် လက်ရှိလုပ်ငန်းလုပ်ကိုင်နေသည့် ဓါတ်ပုံများကို လျှောက်လွှာနှင့်အတူ ဖော်ပြရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 16 November 2022
ယခု နိုဝင်ဘာလအတွင်း ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၇၈၀ ကျော်ကို ထပ်မံခေါ်ယူသွားမည်ဟု တိုကျိုမြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရသိရှိရသည်။
မြန်မာလုပ်သား အမျိုးသား ၂၉၃ ဦး၊ အမျိုးသမီး ၄၉၅ ဦးနှင့် စုစုပေါင်း ၇၈၈ ဦး ဦးခေါ်ယူသွားရန် အလုပ်ကမ်းလှမ်းစာ ၂၂၄ စောင် ရရှိထားကြောင်း နိုဝင်ဘာလ ၁၅ရက်က ထုတ်ပြန်ထားရှိသည်။
မြန်မာလုပ်သားများကို တရားဝင်ခေါ်ယူရန်အတွက် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီး ကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများမှ ပေးပို့လာသော အလုပ်ကမ်းလှမ်းစာ ၂၂၄စောင် ရှိထားကြောင်း လည်း သိရှိရသည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် အလုပ်ကမ်းလှမ်းစာများကို စိစစ်၍ တွေ့ရှိချက်များနှင့် သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ထားကြောင်းလည်း ဆိုထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း၌ ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၆၉၆ ဦး ခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ၁၈၀ ကိုလည်း ကမ်းလှမ်းခဲ့ကြောင်း အဆိုပါသံရုံး၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_16 November 2022
တောင်ကိုရီးယားနိုင်ငံသို EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၄၈ ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှထုတ်ပြန်ထားသည်။
အဆိုပါနိုင်ငံသို့ နိုဝင်ဘာ ၁၅ ရက်တွင် ပို့ဆောင်ပေးခဲ့ပြီး ကုန်ထုတ်လုပ်သားသစ် (၈၈) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၃၁) ဦး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး (၂၉)ဦး ကိုစေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် နိုဝင်ဘာလ ၂၃ ရက်တွင်လည်း Regular ( ကုန်ထုတ် ၊ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး) လုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၇၃ ဦး ၊ Re-entry (ကုန်ထုတ်) အလုပ်သမား ၃၉ ဦး ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ ထုတ်ပြန်ထားသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလ ၁၅ ရက်အထိ Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၃၃၈ ဦးကို ပို့ဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။
#ymg/STH
#Yangon_Media_Group
Page 1697 of 2288