#Myanmar_News
Published 20 Nov 2022
ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ထူးခြားရှားပါးပြီး တန်ဖိုးမြင့်မားတဲ့ ဝတ္ထုပပစ္စည်းများကို လက်ဝယ်ထားရှိ ထိန်းသိမ်းခြင်း မပြုကြဖို့ သက်ဆိုင်ရာဝန်ကြီးဌာနက အမိန့်တစ်ရပ်ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၆ရက် ရက်စွဲနှင့် ထုတ်ပြန်ခဲ့တဲ့ အဆိုပါအမိန့်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက လက်မှတ်ရေးထိုးထုတ်ပြန်ထားတာဖြစ်ပါတယ်။
မည်သူမဆို ရှေးဟောင်း ဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးနည်းဥပဒေများ၊နည်းဥပဒေ ၆(ဃ)အရ ဝန်ကြီးဌာနက ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ထူးခြားရှားပါး၍ တန်ဖိုးမြင့်မားသော ဝတ္ထုပစ္စည်းဖြစ်သည်ဟု အတည်ပြုပြီး အမျိုးသားပြတိုက်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြတိုက်များတွင် ထိန်းသိမ်းထားရှိရမည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို လက်ဝယ်ထားရှိခြင်းနှင့် ထိန်းသိမ်းခြင်းမပြုရလို့ အဆိုပါအမိန့်မှာဖော်ပြထားပါတယ်။
အမိန့်တွင် အကျုံးဝင်သည့် ရှေးဟောင်းပစ္စည်းတွေက-ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများ၊
- ရွှေ၊ ငွေ သို့မဟုတ် အဖိုးတန် ကျောက်မျက်ရတနာများပါဝင်သော လက်မှုအနုပညာပစ္စည်းများ အနက် မှ ပုဂံခေတ်(အေဒီ၈၄၉-၁၃၆၀ပြည်နှစ်) မတိုင်မီ ပြုလုပ်ခဲ့သည့် လက်မှုအနုပညာပစ္စည်းများ
-ထူးခြားရှားပါးသည့် အနုပညာလက်ရာ သို့မဟုတ် လက်မှု အနုပညာများအနက်မှ အင်းဝခေတ်(အေဒီ၁၃၆၄-၁၅၅၅ခုနှစ်) မတိုင်မီပြုလုပ်ခဲ့သည့် လက်မှုအနုပညာပစ္စည်းများ
-သမိုင်းတင်ပြီးခေတ်အဆက်ဆက်အသုံးပြုခဲ့သော မြန်မာမင်းခမ်းတော်ပစ္စည်းများနှင့် နန်းတွင်း အသုံးအဆောင်ပစ္စည်းများ ပါဝင်ပါတယ်။
အဲဒီ့အပြင် ဝန်ကြီးဌာနက ထူးခြားရှားပါး၍ တန်ဖိုးမြင့်မားသော ရှေးဟောင်းပစ္စည်းများအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ အတည်ပြုထားသော ပစ္စည်းများလည်း ပါဝင်တယ်လို့ အမိန့်ကြေငြာစာများထည့်သွင်းထားပါတယ်။
-ymg/knl
#Culture_heritage
#Myanmar_Culture_Ministry
#Local_News
Published_ 20 November 2022
ပဲခူးမြို့ မြို့တွင်းကြီးရပ်ကွက်၊ ပဲခူး-သနပ်ပင် ကားလမ်းမပေါ်ရှိ စျေးဆိုင်ခန်းများတွင် နိုဝင်ဘာ ၂၀ ရက် နံနက် ၂ နာရီခန့်က ရေခဲသေတ္တာ ကွန်ပရစ်ဆာ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဈေးဆိုင်ခန်း ၅ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
(၁)ထပ် သွပ်မိုး၊ အုပ်ကာ၊ ကွန်ကရစ်ခင်း၊ ဈေးဆိုင်ခန်း စုစုပေါင်း ၂၂ ခန်း ရှိတဲ့ အနက် ဆိုင်ရှင်ဦးမြင့်ဝင်း၏ ဈေးဆိုင်အခန်း နံပါတ် (၈/၉) အခန်းအတွင်းရှိ ရေခဲသေတ္တာ ကွန်ပရစ်ဆာ အပူလွန်ကဲရာမှ အနီးရှိ စာရေးကိရိယာများသို့ ကူးစက်လောင်ကျွမ်းခဲ့ တာဖြစ်ပါတယ်။
ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၊ ခရိုင်မီးသတ် ဦးစီးမှူးရုံးနှင့် မြို့နယ်မီးသတ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းခဲ့ပါတယ်။
မီးလောင်မှုကြောင့် စုစုပေါင်းဆိုင်ခန်း (၅) ခန်း မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးမြင့်ဝင်းအား အမှုဖွင့်အရေးယူလျက်ရှိကြောင်း သိရပါတယ်။
ygm_mnn
#Yangon_Media_Group
#LocalNews
Published_ 20 November 2022
ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း) မြို့နယ်၊သရက်ပင်ချောင်ရှိ မြေဧက ၁၈၇ ဒသမ ၃ ဧက ပေါ်တွင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံဖော်ဆောင်တည်ဆောက်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC) က လုပ်ဆောင်နေကြောင်း အဆိုပါ ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။
ထပ်မံဖော်ဆောင်မည့် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံတွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်သော နိုင်ငံတကာ အဆင့်မီ Fukuoka Method အပြင် အမှိုက်တစ်လွှာ၊ မြေကြီးတစ်လွှာ ဖုံးအုပ်ခြင်း၊ အမှိုက်က ထွက်ရှိသော ရေဆိုးများကို ပိုက်များတွင် အပေါက်ဖောက်၍ ငါးရိုးပုံစံဖြင့် စုစည်းခြင်း၊ အမှိုက်ပုံအတွင်း မီသိန်းဓာတ်ငွေ့များ ခိုအောင်းနေခြင်းမရှိစေရန် ပိုက်ဖြင့် စွန့်ထုတ်ခြင်းစနစ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်က အမှိုက်စွန့်ပစ်ပစ်မည့်နေရာ ဖော်ဆောင်ရန် ကနဦးအနေဖြင့် Sanitary Land-fill တည်ဆောက်မည့်နေရာ၊ Incineration Plant ထားရှိမည့်နေရာ၊ Hazardous Waste Treatment Facility ဆောင်ရွက်မည့်နေရာ၊Recycling ပြုလုပ်မည့်နေရာနှင့် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံ သစ်ဝင်းအတွင်း ကတ္တရာလမ်း၊ ကွန်ကရစ်၊ မြေသားလမ်း၊ ရေစက်၊ထရန် စဖော်မာ ထားရှိမည့် နေရာများကို အကောင်အထည်ဖော်ရန် လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးက ထွက်ရှိနေသည့် တစ်နေ့လျှင် တန်ချိန် ၂၅၀၀ ကျော်နေသည့် အမှိုက်များကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း မြေဧက ၁၄၄ အကျယ်ရှိ ထားဝယ်ချောင် အမှိုက်ပုံကို တန်ချိန် ၈၀၀ ၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံကို တန်ချိန် ၁၅၀၀ ကျော် နှင့် ကျန်အမှိုက်များကို မြို့နယ် အလိုက်သီးခြားစွန့်ပစ်ရန် သတ်မှတ်ထားသော ဒလ အမှိုက်ပုံ၊ ကျူချောင်အမှိုက်ပုံ၊ လှော်ကား အမှိုက်ပုံနှင့်ဆိပ်ကြီး ခနောင်တို့အမှိုက်ပုံအသေးတို့တွင် စွန့်ပစ်ပို့ဆောင်ဖျက်စီးနေခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ရန်ကုန်မြို့တွင်း အမှိုက်ထွက်ရှိမှုနှုန်းနှင့် အမှိုက်သိမ်းဆည်းခြင်းတို့အတွက် နေ့စား ဝန်ထမ်းအင်အား ၄၀၀၀ ကျော်၊ စက်ယန္တရား ၅၀၀ ကျော်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 20 November 2022
နစက လက်ထက် ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ(ယာယီ) ပို့ကုန်ကုန်သွယ်မှု ပို့ငွေ ဝ ဒသမ ၀၆၅ ဘီလီယံရှိခဲ့သောကြောင့် လစုစုပေါင်း ကုန်သွယ်မှုပိုငွေ ၁ ဒသမ ၀၈ ဘီလီယံ ရှိခဲ့ရာ ယင်းမှာ ခေတ်အဆက်ဆက် ကုန်သွယ်မှုလိုငွေဖြစ်ခဲ့ရာမှ ကုန်သွယ်မှု ပို့ငွေဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ပို့ကုန်အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၃ ဘီလီယံ၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၉ ဒသမ ၀၃ ဘီလီယံ ၊ ကုန်သွယ်မှုပိုငွေ ၁၀၀ ဒသမ ၅၄ သန်း ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ကုန်သွယ်မှုလိုငွေ ပေါင်း ၁၂ ဒသမ ၀၉ ဘီလီယံ ၊၂၀၁၆ ခုနှစ်တွင် ကုန်သွယ်မှုလိုငွေ စုစုပေါင်း ၅ ဒသမ ၂၅ ဘီလီယံ၊၂၀၂၀ ပြည့်နှစ်တွင် ကုန်သွယ်မှုလိုငွေပေါင်း ၁၂ ဒသမ ၅၁ ဘီလီယံအထိ ရှိခဲ့ရာမှ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ ကုန်သွယ်မှုပိုငွေ ဝ ဒသမ ၆၇ ဘီလီယံရှိခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 20 November 2022
ရုရှားနိုင်ငံမှ ကာကွယ်ရေးဝန်ကြီးအပါအဝင် ဘာသာရေးနှင့် နိုင်ငံရေးနယ်ပယ်မှ ထင်ရှား သူ ၄၁ ဦးကို စည်သူဘွဲ့၊ သီရိပျံချီဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့နဲ့ လူမှုထူးချွန်၊ စီမံထူးချွန်ဘွဲ့တွေကို နိုဝင်ဘာ ၁၉ ရက်မှာ ချီးမြင့်ခဲ့ပါတယ်။
ပြည်ပမှ ရုရှားလူမျိုး ၃ ဦး၊ ဂျပန်လူမျိုး တစ်ဦး၊ သံဃာတော် ၃ ပါးနဲ့ နိုင်ငံရေးပါတီမှ ခေါင်းဆောင်တွေ တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် နစကရဲ့ အကြံပေးတွေ ချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။ ဆရာတော် ဦးဝီရသူအပါအဝင် ကရင်ပြည်နယ်က အမျိုးသားရေး ဆရာတော်နှစ်ပါးကိုလည်း သီရိပျံချီဘွဲ့ချီးမြင့်ခဲ့ပါတယ်။
နိုင်ငံရေးမှာထင်ရှားတဲ့ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်၊ ကွယ်လွန်သွားပြီဖြစ်တဲ့ နိုင်ငံရေးသမားကြီး ဦးသုဝေ၊ နယ်ခြားစောင့်တပ်မှထင်ရှားတဲ့ ဗိုလ်မှူးကြီး စောချစ်သူ၊ စီးပွားရေးလုပ်ရှင်တွေဖြစ်ကြတဲ့ ဦးသိမ်းဝေနဲ့ ဦးဇော်ဝင်းရှိန် အပါအဝင် နစက ရဲ့ အကြံပေးတွေလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကွယ်လွန်သွားပြီဖြစ်တဲ့ အွန်လိုင်းမှာ ထင်ရှားတဲ့ ကိုရဲမိုး(ခ)နေရီလည်း လူမှုထူးချွန် ပထမအဆင့် ချီးမြှင့်ခံရပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_New
Published_19 November 2022
ပြည်ပနိုင်ငံတွေထံ ကုန်ပစ္စည်းတင်ပို့ ရောင်းချခြင်းကနေ ရရှိတဲ့ ပို့ကုန်ဝင်ငွေတွေကို အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်၊ ထိုင်းဘတ်ငွေတို့နဲ့ပါ ပြန်လည်ပေးသွင်းခွင့်ပြုမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ကြေညာထားပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 19 November 2022
ရန်ကုန်မြို့တွင်း ၂၆ လမ်းရှိ ကုန်မာဆိုင်ပိုင်ရှင်ကိုရန်ပြု၍ လုယက်သွားသူများကို ဖမ်းဆီးမိပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက် ညနေ ၆ နာရီ ၃၈ မိနစ်အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကုန်သည်လမ်းနှင့် ၂၆ လမ်းထိပ်ရှိ “သစ္စာ”ကုန်မာနှင့် အိမ်အလှဆင်ပစ္စည်းအရောင်းဆိုင်တွင် ဆိုင်ရှင်ဖြစ်သူ ဦးမောင်မောင်ထွန်း(ခ) အင်မရမ်းနှင့် မိတ်ဆွေဖြစ်သူ ဦးမြင့်ကြည်တို့ရှိနေစဉ် Mask အနက်ရောင်များ ဝတ်ဆင်ထားသော အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသား ၃ ဦး ဓားမြှောင်များကိုင်ဆောင်ဝင်ရောက်လာကာ ၎င်းတို့နှစ်ဦးအား ရန်ပြုတိုက်ခိုက်ခြိမ်းခြောက်၍ ဦးမောင်မောင်ထွန်းပိုင် မီးခံသေတ္တာအတွင်းရှိ ငွေကျပ်သိန်း ၂၈၀ ၊ ဦးမြင့်ကြည်ပိုင် YGN 4H 6543 Toyota Allion ခဲရောင်မော်တော်ယာဉ်နှင့် I phone ၂ လုံးတို့ကို လုယက်ယူဆောင်သွားခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လုယက်မှုကျူးလွန်သူ တရားခံများကို ပန်းဘဲတန်း မြို့မရဲစခန်းတွင် (ပ)၆၈/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ လုယက်မှုကျူးလွန်သူ တရားခံ သီဟအောင်(ခ)ဝက်ပိန်ပါ ၃ ဦးအား ငွေစက္ကူ ရောရာ ၆၄၀၀၀၀ ကျပ်၊ ဖုန်းမျိုးစုံ ၄ လုံး၊ ရွှေလက်စွပ် ၂ ကွင်း၊ ရွှေနားကပ်တစ်ရံ၊ နာရီတစ်လုံး၊ ပိုက်ဆံအိတ်တစ်လုံး၊ လုယက်မှုကျူးလွန်စဉ် ဘိုဘို(ခ)မြင့်ထွေး ဝတ်ဆင်ခဲ့သည့် ပလေကပ်ပုဆိုးတစ်ထည်နှင့် နက်ပြာရောင်တီရှပ်လက်တိုတစ်ထည်တို့နှင့်အတူ ဖမ်းမိကြောင်း သိရသည်။
ယင်း'သစ္စာ'ကုန်မာဆိုင်တွင် ယခင်က ယာဉ်မောင်းအဖြစ်လုပ်ကိုင်ခဲ့ဖူးသော အသက် ၂၉ နှစ်အရွယ် သီဟအောင် ဝက်ပိန်ဆိုသူဖြစ်ကြောင်း စတင်ဖော်ထုတ်သိရှိခဲ့ရပြီးနောက် လုယက်ယူဆောင်သွားခံခဲ့ရသည့် YGN 4H/6543 Toyota Allion ခဲရောင်မော်တော်ယာဉ်ကို ရန်ကင်းမြို့နယ်တွင် ပြန်လည်တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီးနောက် ယင်းကို လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် ရွှေလက်စွပ် ၂ ကွင်း၊ VIVO Y16 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်းတစ်လုံး၊ Digitech အမျိုးအစား နာရီတစ်လုံး၊ အနက်ရောင်ပိုက်ဆံအိတ်တစ်လုံးနှင့် ငွေကျပ် ၆၄၀၀၀၀ ကျပ်တို့နှင့်အတူ စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သီဟအောင်(ခ)ဝက်ပိန်၏ထွက်ဆိုချက်အရ လုယက်မှုတွင် အတူပါဝင်ကျူးလွန်ခဲ့သူများဖြစ်ကြသည့် မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူးဉာဏရပ်ကွက်၊ မဉ္ဇူ(၂)လမ်းနေ မျိုးဇော်ထွန်း(၃၁)နှစ်အား လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် Redmi Note 11 Pro Prime အမျိုးအစား အနက်ရောင်ဖုန်းတစ်လုံးနှင့်အတူ ယင်းနေ့ ည ၉ နာရီခွဲအချိန်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မြစံပယ်လမ်း၊ အမှတ်(၉၃)နေ ဘိုဘို (ခ)မြင့်ထွေး(၂၅)နှစ်အား လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် ရွှေနားကပ်တစ်ရံ၊ VIVO Y17 အမျိုးအစား နက်ပြာရောင်ဖုန်းတစ်လုံး၊ Techno Spark 7 အမျိုးအစား အစိမ်းရောင်ဖုန်းတစ်လုံးနှင့် အခင်းဖြစ်စဉ် ၎င်းဝတ်ဆင်ခဲ့သည့် ပလေကပ်ပုဆိုးတစ်ထည်၊ နက်ပြာရောင်တီရှပ်လက်တိုတစ်ထည်တို့နှင့်အတူ ယင်းနေ့ ည ၁၀ နာရီအချိန်တွင် ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်၊၊
အခင်းဖြစ်စဉ်ကရရှိခဲ့သော ငွေကျပ်သိန်း ၂၈၀ ကို မျိုးဇော်ထွန်းနှင့် ဘိုဘို(ခ)မြင့်ထွေးတို့အား တစ်ဦးလျှင် ကျပ်သိန်း ၃၀ စီပေး၍ သီဟအောင်(ခ)ဝက်ပိန်က ကျန်ရှိငွေ ကျပ်သိန်း ၂၂၀ ကို ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
Page 1513 of 2114