#Local_News
Published_ 1 March 2023
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်များတွင် ပန်းချီကား ၉၆ ကား ထားရှိမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သိရသည်။
မြန်မာတို့၏ ရှေးထုံးအစဉ်အလာနှင့်အညီ နိပါတ်တော်ပန်းချီကားများအဖြစ် ဗုဒ္ဓဝင်ဆီဆေးပန်းချီကား ၉၆ ချပ်(ဂန္ဓကုဋိတိုက်တစ်လုံးတွင် လေးချပ်စီ)ကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ဂန္ဓကုဋိတိုက် ၂၄ လုံးအတွင်း၌ ထည့်သွင်းထားရှိမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်းကြောင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူ၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)နှင့် မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံးဝင်များက ပန်းချီကားများ ရေးဆွဲလျက်ရှိရာ ယခုအခါ ပထမအကြိမ်ဆီဆေးပန်းချီကား ၃၂ ချပ်ရေးဆွဲပြီးပြီ ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဒုတိယအကြိမ် ဆီဆေးပန်းချီကား ၃၂ ချပ်ကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)နှင့် Myanmar Arts Center တို့ တွင် ရေးဆွဲလျက်ရှိကြောင်းလည်း သိရသည်။
#ymg/mt #Local_News #မာရဝိဇယ #ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #ဂန္ဓကုဋိတိုက် #ပန်းချီ #Myanmar Arts Center #YMG
#Yangon_Media_Group
#Local_News
Published_ 1 March 2023
နေပြည်တော်တွင် စနစ်ကျလယ်ယာမြေ ၁၃၂၀၀ ဧကကျော် ဖော်ထုတ်ကာ တောင်သူများထံ ပြန်လည်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း နေပြည်တော်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ဂွေးပင်စံပြကျေးရွာ စနစ်ကျလယ်ယာမြေ ၇၉ ဒသမ ၈၈ ဧက ဖော်ထုတ်ခြင်းလုပ်ငန်း ပြီးစီး၍ ဖေဖော်ဝါရီလ ၂၇ ရက်က တောင်သူများထံပြန်လည်ပေးအပ်ပြီး နောက် စုစုပေါင်း စနစ်ကျလယ်ယာမြေ ၁၃၂၀၀ ဧကကျော် ရှိလာခြင်းလည်း ဖြစ်သည်။
စနစ်ကျလယ်ယာမြေများ ဖော်ထုတ်အသုံးပြုနိုင်ရေးကို တောင်သူများ၏ တင်ပြတောင်းဆိုမှုအရ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီတို၏ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt #Local_News #နေပြည်တော် #လယ်ယာမြေ #ဂွေးပင်စံပြ
#YMG #Yangon_Media_Group
#Local_News
Published_ 1 March 2023
ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းနှီးမတည်ငွေ ထုတ်ချေးပေးမည်ဟု နစက ဥက္ကဌက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၂၇ ရက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌တွေ့ဆုံ၍ ဆွေးနွေးစဉ် ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများတွင် အချိန်လိုအပ်ချက်ကြောင့် အခက်အခဲရှိမှုနှင့်ဆိပ်ခံတံတားတည်ဆောက်ပေးရန်၊ ကုန်သွယ်မှုအတွက် ရာသီမရွေးသွားလာနိုင်သည့် ကားလမ်းများဖောက်လုပ်ပေးရန်၊ ကမ်းရိုးတန်းသွားကုန်သွယ်ရေးသင်္ဘောများ ပြေးဆွဲပေးရန်၊ ဘဏ်စနစ်များကို ပြည်ပနိုင်ငံများနှင့် တိုက်ရိုက်ပေးချေဆောင်ရွက်နိုင်ရန်တို့ကိုလည်း တင်ပြခဲ့ကြကြောင်း သိရသည်။
ယင်းအပြင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေးအတွက် စက်မှုဇုန်များ ခွင့်ပြုဆောင်ရွက်ပေးရန်၊ နွေစပါးစိုက်ပျိုးမှုနည်းပါးသောကြောင့် စိုက်ပျိုးရေရရှိရေးလုပ်ဆောင်ပေးရန်၊ မျိုးကောင်းမျိုးသန့်၊ နည်းပညာ၊ သွင်းအားစုနှင့် အခြားလိုအပ်သည်များကို နိုင်ငံတော်မှ ကူညီပံ့ပိုးပေးရန်နှင့် ဆီစက်လုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် ရင်းနှီးမတည်ငွေများ လိုအပ်လျက်ရှိကြောင်း၊ ဈေးကွက်လိုအပ်ချက်အရ ဆားလိုအပ်ချက်များ ပိုမိုများပြားလာသည့်အတွက် ဆားကောင်းဆားသန့်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လိုအပ်သည့်ရင်းနှီးမတည်ငွေများ ပံ့ပိုးကူညီပေးရန် နှင့် အခြား စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြခဲ့ကြကြောင်း သိရသည်။
"လိုအပ်တဲ့ရင်းနှီးမတည်ငွေတွေကို ထိုက်သင့်တဲ့အတိုးနှုန်းနဲ့ထုတ်ချေးပေးလျက်ရှိပါတယ်။ လက်ရှိ တင်ပြချက်တွေမှာပါတဲ့ ရင်းနှီးမတည်ငွေတွေကိုလည်း သတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ထုတ်ချေးပေးနိုင်ဖို့ ဆောင်ရွက်ပေးသွားမှာဖြစ်လို့ စနစ်တကျဆက်သွယ်ဆောင်ရွက်ပေးစေလိုပါတယ်"ဟု နစက ဥက္ကဌ က အဆိုပါ တင်ပြချက်များအပေါ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် နစက ဥက္ကဌက ရခိုင်ပြည်နယ်အတွင်း နယ်စပ်ဒေသကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သည့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းအတွက် လျှပ်စစ်နှင့်လောင်စာဆီသုံးမြစ်ရေတင်လုပ်ငန်းများကို ပြုလုပ်ထားရှိပြီးဖြစ်သော်လည်း စိုက်ဧက ယခုထက်ပိုမိုအကျိုးပြုနိုင်မည့် မြစ်ရေတင်လုပ်ငန်း၊ ချောင်းရေတင်လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
#ymg/mt #Local_News #ရခိုင်ပြည်နယ် #MSME #လုပ်ငန်းရှင်များ
#နစက #YMG #Yangon_Media_Group
#Local_News
Published-1 March 2023
ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၄၀ နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုကျပ် ၁၇၂၅ သန်း ရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ အစည်းအဝေး မှတ်တမ်းများအရ သိရသည်။
ကိုဗစ်ကာလတွင်ရပ်နားခဲ့ရသည့် စက်ရုံအလုပ်ရုံများ၊ တည်ဆောက်ဆဲ စက်ရုံအလုပ်ရုံများ ပြန်လည်စတင်ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကို ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးသွားရန်နှင့် စက်မှုဇုန်နယ်မြေများအလိုက် ကော်မတီများ ဖွဲ့စည်းသွားရန်၊ စက်မှုလုပ်ငန်းများတွင် အသုံးပြုမည့် ခွင့်ပြုဓာတုပစ္စည်းများအား လူ၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးစနစ်တကျ သိုလှောင်သုံးစွဲရန် လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးတွင် စက်မှုဇုန် ၄ ခုရှိပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၇၃ ဒသမ ၇၈၃ သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု မြန်မာကျပ်ငွေ ၇၅၂၃၅ ဒသမ ၇၇၅ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၈၄၅၈ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။
#ymg/mt #Local_News #ပဲခူးတိုင်းအတွင်း #နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
#အမေရိကန်ဒေါ်လာ #YMG #Yangon-Media-Group
Published 1 March 2023
ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် လူသားချင်းညှာတာထောက်ထားခြင်းဆိုင်ရာ အကူအညီအမေရိကန်ဒေါ်လာသန်း၆၀ကျော်ထပ်မံပေးအပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ NHKသတင်းဌာနက သတင်းရေးသားပါတယ်။
မြန်မာနိုင်ငံနိုင်ငံအတွက် လူသားချင်းဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးခြင်းဟာ အရေးကြီးကိစ္စတစ်ခုဖြစ်တယ်လို့ ဂျပန်အစိုးရကပြောပါတယ်။
ဂျပန်အစိုးရဟာ အဆိုပါအကူအညီတွေ မြန်မာနိုင်ငံကိုပေးနိုင်ဖို့အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနှင့် လက်တွဲလုပ်ဆောင်မယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိပါတယ်။ အကူအညီတွေထဲမှာ အစားအသောက်၊ဆေးဝါးများအပြင် အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေး၊ကျန်းမာရေးဝန်ဆောင်မှုတွေနှင့် တရားမဝင်မူးယစ်ဆေးဝါးတားဆီးရေးအကောင်အထည်ဖော်ရေးတွေပါဝင်တယ်လို့သိရပါတယ်။
ဒုက္ခတွေကြုံတွေ့နေကြရတဲ့ မြန်မာပြည်သူတွေနှင့်အတူရပ်တည်ပြီး အကူအညီတွေ ဆက်လက်ပေးအပ်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာရာရှီယိုရှီမာဆာက ပြောပါတယ်။
Source:NHK
#မြန်မာ_ဂျပန်အကူအညီ
#လူသာချင်းစာနာထောက်ထားခြင်းအကူအညီ
#ဒေါ်လာသန်း၆၀ကျော်
#YangonMediaGroup
#Local_News
Published _1 March 2023
မြန်မာအများစုနေထိုင်သည့် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်ရေလယ်ကျွန်းဈေးဆိုင်များကို ထိုင်းအာဏာပိုင်များက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းဒေသတွင်း မီဒီယာများက သိရသည်။
ယင်းနေရာတွင် ဆေးလိပ်နှင့်အရက်များ တရားမဝင်ရောင်းချနေကြောင်း မဲဆောက်ဒေသခံ ထိုင်းလူမျိုးများက မဲဆောက်ရဲစခန်းသို့ သတင်းပေးတိုင်ကြားခဲ့သည့်အတွက် အထက်ပါအတိုင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များဝင်ရောက်ဖမ်းဆီးခဲ့ရာတွင် ဆေးလိပ်နှင့်အရက်အမျိုးအစား (၁၅)မျိုး သိမ်းဆည်းရမိခဲ့ပြီး အရက်အမျိုးအစားအစုံ(၁၀)ပုလင်း၊ ဆေးလိပ်အမျိုးအစားအစုံ(၄၈၀) တောင့်တိုကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း မဲဆောက်ရဲတပ်ဖွဲ၏ ထုတ်ပြန်သော သတင်းများကို အခြေခံကာ မဲဆောက်မီဒီယာများက ရေးသားထားကြသည်။
#ymg/mt #Local_News #မြန်မာအများစု #ထိုင်း-မြန်မာနှစ်နိုင်ငံ #ရေလယ်ကျွန်းဈေးဆိုင် #ထိုင်းအာဏာပိုင်များ #YMG#Yangon_Media_Group
#Local_News
Published _1 March 2023
ပုလဲ၊ ကျောက်မျက်နှင့်ကျောက်စိမ်းအတွဲများကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် မတ်လ ၁၇ ရက်မှ မတ်လ ၂၃ ရက်ထိ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းမှာ(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီခွင့်ပြုမိန့်ရယူကာ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသော နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသော နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များအား သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ဧပြီလ ၂၂ ရက်မှ ၂၈ ရက်ထိကျင်းပပြုလုပ်ခဲ့ရာ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဩစတြေးလျ နိုင်ငံတို့မှ ပြည်ပရတနာကုန်သည် ၁၂၂ ဦး၊ ပြည်တွင်းရတနာကုန်သည် ၁၄၂၄ ဦးစုစုပေါင်းရတနာကုန်သည် ၁၅၄၆ဦးထိတက်ရောက်ခဲ့ကြပြီး ပုလဲအတွဲ ၃၃၀တွဲ ၊ ကျောက်အတွဲ ၅၄တွဲ ၊ ကျောက်စိမ်းအတွဲ ၁၃၃၅ တွဲရောင်းချနိုင်ခဲ့ကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၏ စာရင်းများအရ သိရသည်။
#ymg/mt #Local_News #ပုလဲ #ကျောက်မျက် #ကျောက်စိမ်း
#YMG #Yangon_Media_Group
Page 1514 of 2315