#Local_News
Published _ 26 October 2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ၃ ရပ်ကွက်ရှိ ငွေလမ်းသွယ်ထိပ်တွင် ယနေ့ အောက်တိုဘာလ ၂၆ ရက် နံနက် ၉ နာရီကျော်ခန့်အချိန်က စက်ဘီးစီးနင်းလာသည့် အမျိုးသမီးတစ်ဦး YBS 65 နှင့် တိုက်မိ၍သေဆုံးခဲ့ကြောင်း လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းက သိရသည်။
ဗိုလ်ချုပ်လမ်းမကြီးအတိုင်းမောင်းနှင်လာသည့် YBS 65 ခရီးသည်တင်ယာဉ်က ငွေလမ်းသွယ်ထိပ်အရောက်တွင် လမ်းအတွင်းမှ အသက်(၃၅)နှစ်အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦး စီးနင်းထွက်ခွာလာသည့် စက်ဘီးနှင့်တိုက်မိခဲ့ကြောင်း သိရှိရသည်။
"သတင်းရတာနဲ့ချက်ခြင်းသွားပြီး ကူညီပေးခဲ့ပါတယ် ဒဏ်ရာရသွားလို့ အင်းစိန်ဆေးရုံကို ပို့ပေးခဲ့တယ်၊ ဆေးကုနေရင်းသေဆုံးသွားတာပါ၊ ပထမကတော့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးပါဘူး၊ နေ့လယ်လောက်ကမှ အဆက်အသွယ်ရခဲ့တာ၊ နာရီပိုင်းလောက်ပဲရှိသေးပါတယ်"ဟု လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း၏ တာဝန်ရှိသူ ကိုဇော်ကြီးက ပြောသည်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော်လည်း အဆိုပါ YBS 65 မောင်းနှင်သူမှာ မထွက်ပြေးဘဲ ဒဏ်ရာရရှိသူအမျိုးသမီးအား လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
"သေဆုံးသူအမျိုးသမီးကိုရော ၆၅ ယာဉ်မောင်းကိုရော ကျွန်တော်တိုအသင်းကားနဲ့ပဲ ဆေးရုံကိုပိုပေးခဲ့ပါတယ်။ ယာဉ်မောင်းကိုတော့ ယာဉ်အမှုစစ်တွေလက်ထဲ ထည့်ပေးခဲ့ပါတယ်"လို့ အဆိုပါအသင်း၏ တာဝန်ရှိသူကYMG ကို ပြောသည်။
#ymg/NN
#Yangon_Media_Group
#Local_News
PUBLISHED _26 OCTOBER 2022
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၂၈/၂)နှင့် (၂၂၈/၃) အကြားတွင် Express ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့သောကြောင့် (၃)ဦး သေဆုံးကာ (၁၄)ဦး ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။
ယနေ့ အောက်တိုဘာလ ၂၆ ရက် နံနက် ၆ နာရီခွဲ ခန့်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အခင်းဖြစ်နေရာသို့ ပလွေးအမြန်လမ်းမီးသတ်စခန်း၊ ပန်းတင်အမြန်လမ်းမီးသတ်စခန်းနှင့် ဘုရားတောင်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်(၁၇)ဦးတွင် အမျိုးသား(၃)ဦးသေဆုံးကာ အမျိုးသား (၁၀)ဦးနှင့် အမျိုးသမီး (၄)ဦး စုစုပေါင်း (၁၄)ဦး ထိခိုက်ဒဏ်ရာခဲ့ကြကြောင်း၊ ယင်းတို့ကို သုခဒါနပရဟိတအသင်း၊ မေတ္တာရေစင်တောင်ညိုပရဟိတအသင်းနှင့် အမြန်လမ်းမကြီးပိုင် သူနာတင်ယာဉ်တို့ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 26 October 2022
တစ်ယောက်ချင်း ပုဂ္ဂိုလ်အခွန်ထမ်းများ အနေနှင့် မိုဘိုင်းငွေပေးချေမှုနည်းလမ်းကို အသုံးပြု၍ အွန်လိုင်းမှတဆင့် အခွန်ပေးဆောင်နိုင်ရန်အတွက် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၇၅ ရုံးကို ထပ်မံတိုးချဲ့ထားလျက်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အသိပေးကြေညာထားသည်။
ထပ်မံတိုးချဲ့လိုက်သည့် အခွန်ရုံး ၇၅ ရုံး အပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အခွန်ရုံး (၁၁၁) ရုံးတွင် အခွန်ထမ်းဆောင်နေသည့် တစ်ယောက်ချင်း ပုဂ္ဂိုလ်အခွန်ထမ်းများအနေဖြင့် မိုဘိုင်းငွေပေးချေမှု MPU Debit Card ကို အသုံးပြု၍ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ဝက်ဘ်ဆိုက် အွန်လိုင်းငွေပေးချေမှုမှ တစ်ဆင့် အခွန်ပေးဆောင်တာကိုဆောင်ရွက်နိုင်ရန် ထပ်မံ တိုးချဲ့ဆောင်ရွက်ထားရှိခြင်းဖြစ်ကြောင်း ကြေညာချက်အရ သိရှိရသည်။
MPU Debit Card ကို အသုံးပြု၍ အခွန်ပေးသွင်းပြီးလျင် အခွန်ပေးသွင်းသည့် သူဆီ ငွေပေးငွေယူ အောင်မြင်ကြောင်း အီးမေးလ် ကနဦး ပေးပို့မှာဖြစ်ပြီး သက်ဆိုင်ရာ အခွန်ရုံးများရဲ့ ငွေစာရင်းများတွင် အခွန်ငွေ လက်ခံရရှိပြီးပါက အခွန်ငွေပေးသွင်းပြီးသည့် အထောက်အထားကိုလည်း အခွန်ထမ်းသူဆီ အီလက်ထရောနစ်နည်းဖြင့် ပေးပို့ အကြောင်းကြားမှာဖြစ်ကြောင်းလည်း ကြေညာချက်၌ ဖော်ပြထားသည်။
ဒါ့အပြင် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ပေးဆောင်မှုတွင် လွယ်ကူမြန်ဆန်စေရန် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးနှင့်၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများမှ ကုမ္ပဏီအခွန်ထမ်းများရဲ့ အခွန်ပေးဆောင်ခြင်းကို အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ငွေပေးချေမှု ကွန်ရက်စနစ် CBM-NET နှင့် မိုဘိုင်းငွေပေးချေမှု MPU Debit Card ကို အသုံးပြုပြီး အွန်လိုင်းမှ ပေးဆောင်နိုင်ရန် ဆောင်ရွက်ထားကြောင်း ကြေညာချက်အရသိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_ 26 October 2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် တောကျောင်းကျေးရွာအုပ်စု ကျောင်းတော်ကလေးကျေးရွာ သာသနရက္ခိတ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ပေါက်ရောက်နေတဲ့ ကညင်ဖြူပင်ကြီးမှာ သက်တမ်းနှစ် (၂၀၀) ခန့်ရှိပြီဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ကညင်ဖြူပင်ကြီးမှာ ရင်စို့လုံးပတ်(၁၇)ပေ၊ ခန့်မှန်းအမြင့်ပေ (၁၅၀)ခန့် ရှိပြီး သာသနရက္ခိတဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်နှင့် ဒေသခံ ရွာသူရွာသားများ၊ သစ်တောဦးစီးဌာနတို့က ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
ကညင်ပင်မျိုးများတွင် ကညင်နီ၊ ကညင်ဖြူ၊ ကညင်ပြန်၊ ကညင်ကုပ်၊ ကညင်ကြောင်ချေး၊ ကညင်ဝက်တောင်းဟူ၍ အမျိုးမျိုးကွဲပြားလျက်ရှိသောကြောင့် အပင်ကိုလည်းကောင်း ခွဲစိတ်ပြီး ကညင်သားကိုလည်းကောင်း မြင်ရုံမျှဖြင့် မည်သည့် ကညင်ပင်မျိုးဖြစ်သည်ကို တိကျစွာခွဲခြား သိနိုင်ရန် ခဲယဉ်းပါတယ်။
အထက်မြန်မာနိုင်ငံ၌ ကညင်နီပင်များ ပေါက်ရောက်တာကို တွေ့ရပြီး အောက်မြန်မာနိုင်ငံ၌ ကညင်ဖြူပင်များ ပေါက်ရောက်တာကို တွေ့ရကြောင်း သစ်တော ဦးစီးဌာနရဲ့ မှတ်တမ်းများအရ သိရပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 26 October 2022
၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပပြီးစီးခဲ့ပြီး ပုလဲအတွဲ ၃၆၂ တွဲ၊ ကျောက်မျက်အတွဲ ၅၅ တွဲ၊ ကျောက်စိမ်းအတွဲ ၁၈၃၆ တွဲ ရောင်းချနိုင်ခဲ့ကာ ပိတ်ပွဲကို အောက်တိုဘာ ၂၅ ရက်ညနေပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ပါတယ်။
အောက်တိုဘာ ၂၅ ရက်ပြပွဲတွင် ရောင်းချသည့် ကျောက်စိမ်းအတွဲအမှတ် (၁၅၀၁) မှ အတွဲအမှတ် (၂၁၅၀) အတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးရာ ကျောက်စိမ်းအတွဲပေါင်း (၅၁၉) တွဲ ရောင်းချရ ပါတယ်။
ပြပွဲတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည် ၂၉၆၀ ဦးအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၄၀၀ ကို အောက်တိုဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၃၆၂ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို အောက်တိုဘာ ၂၂ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၅၅ တွဲ၊ ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ ကို အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ (၁၈၃၆) တွဲကို ရောင်းချပေးနိုင်ခဲ့ပါတယ်။
ပြည်တွင်း၊ပြည်ပ ရတနာကုန်သည်များက ဝယ်ယူခွင့်ရရှိခဲ့တဲ့ ကျောက်အတွဲများ အတွက် တန်ဖိုးငွေများကို အရောင်းအဝယ်စာချုပ်တွင် သတ်မှတ်ထားတဲ့ ရက်ပေါင်း (၆၀) အတွင်း ပေသွင်းရမှာ ဖြစ်ပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 26 October 2022
အမေရိကန်နိုင်ငံနှင့် အနောက်နိုင်ငံအချို့၏ ထုတ်ပြန်ချက်များနှင့်ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူတို့၏ တာဝန်မဲ့ပြောဆိုချက်များကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) က ထုတ်ပြန်ထားပါတယ်။
အဆိုပါ ထုတ်ပြန်ချက်တွင် ဖားကန့်၌ တေးဂီတဖျော်ဖြေပွဲအား တပ်မတော်မှ လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အပြစ်မဲ့ ပြည်သူများနှင့် ကချင်အဆိုတော်အချို့ သေဆုံးကြောင်း သတင်းများသည် ကောလာဟလသာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့်နေရာသည် KIA တပ်မဟာ (၉) လက်နက်ကိုင်အဖွဲ့၏ အခြေပြုနေထိုင်သည့်နေရာနှင့် ၎င်းတို့စစ်ရေးလှုပ်ရှားရာနယ်မြေဖြစ်ပြီး ပြည်သူများ နေထိုင်သည့် နေရာမဟုတ်ကြောင်းနှင့် အများပြည်သူများ မသွားနိုင်သည့် ကန့်သတ်နယ်မြေ ဖြစ်ပါတယ်။
အဆိုပါ နေရာတွင် KIA သည် PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပူးပေါင်းပြီး လုံခြုံရေးတပ်ဖွဲ့များ၏ စခန်းများအား မကြာခဏတိုက်ခိုက်ခြင်းနှင့် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေတဲ့အပြင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်သွားလာနေတဲ့ ခရီးသည်တင် ရေယာဉ်များကိုလည်း ပစ်ခတ်နှောက်ယှက်နေသည့်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် တန်ပြန်စစ်ဆင်ရေးများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
မကြာမီက လူမှုကွန်ရက်စာမျက်နှာများနှင့် သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည့် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ (၅၀) ကျော်နှင့် အနုပညာရှင်များ သေဆုံးခဲ့သည့် သတင်းများသည် ကောလာဟလများသာဖြစ်တယ်လို့ ဆိုပါတယ်။
သတင်းများအရ KIA တာဝန်ရှိသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ သေဆုံးကြောင်း သိရှိရတယ်လို့ MOFA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် လိုအပ်သည့် သောင်းကျန်းသူချေမှုန်းရေး၊ စစ်ဆင်ရေးများကို ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်း (Rules of Engagement- ROE) နှင့် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက် လျက်ရှိပါတယ်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီးနောက် အစိုးရအား ဆန့်ကျင်သည့်အဖွဲ့များ၊ မီဒီယာများနှင့် အတည်မပြုနိုင်သည့် ဆိုရှယ်မီဒီယာပါဖော်ပြချက်များကို အခြေခံပြီး တစ်ဖက်သတ်ဆန်သည့် သတင်းများထုတ်ပြန်ခဲ့သည့် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံအချို့နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူတို့ အနေဖြင့် ဖြစ်စဉ်ကို သေချာစွာစိစစ်ပြီးမှ သတင်းများထုတ်ပြန်ရန်နှင့် ထုတ်ပြန်ရာတွင် လည်း မှန်ကန်တိကျမှုမရှိပါက သတင်းမှားများနှင့် ကောလာဟလများကို ရည်ရွယ်ချက်ရှိစွာ ထပ်ဆင့်ထုတ်လွှင့်ခြင်းမျိုးဖြစ်စေပြီး၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်သဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာ အသိအမှတ်ပြု သံတမန်ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ကွန်ဗင်းရှင်းများကို ချိုးဖောက်ရာရောက်ကြောင်း သက်ဆိုင်ရာသံရုံးများနှင့် ကုလသမဂ္ဂထံ ကန်ကွက်သတိပေးမှုများ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အထူးသဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အပိုဒ်(၂) စာပိုဒ်(၇)အရ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိစေရဟူသောအချက်ကို လိုက်နာရန် အရေးကြီးမှုကို အလေးအနက်ထား ထပ်လောင်းဖော်ပြအပ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_25 October 2022
ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကြမယ့် မြန်မာ MoU လုပ်သားတွေကို လေကြောင်းနဲ့ ပို့ဆောင်ဖို့ စီစဉ်နေကြပါတယ်။
#Yangon_Media_Group
Page 1432 of 1981