#Local_News
Published 27 May 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မွေးမြူရေးဇုန်မှ ကြက်ဥအပါအဝင်အသားများအား ရန်ကုန်မြို့ဈေးကွက်သို့ ရောင်းချပေးနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ အဆိုပါ မွေးမြူရေးဇုန်သည် တွံတေးမြို့နယ် တလုတ္တော်ကျေးရွာအနီးတွင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အပိုင်း၁၊ အပိုင်း ၂ - ၁၊ အပိုင်း ၂ - ၂၊ အပိုင်း ၂ - ၃၊ အပိုင်း ၃ - ၁၊ အပိုင်း ၃ - ၂ တို့တွင် မွေးမြူ ရေးလုပ်ငန်း လုပ်ကိုင်သူ ၆၃ ဦးရှိ ကြောင်းသိရသည်။
▪️ ယင်းမွေးမြူရေးဇုန်တွင် ဆိတ် ၃၀၆၂ ကောင်၊ ငါး ၅၅၀၀၀ ကောင်၊ နို့စားနွား ၂၂၀ ကောင်၊ အသားတိုးနွား ၁၁၃ ကောင်၊ အသားတိုးကြက် ၄၆၃၀၀၊ ဒေသကြက် ၂၀၀၀၀ ခန့်၊ ဥစားကြက် ၆၄၀၀ ကျော်၊ ကြက်မဲ အကောင်ရေ ၂၀၀ ကျော်၊ ဥစားဘဲ အကောင်ရေ ၄၀၀၀ ကျော်၊ အသားတိုးဘဲ အကောင်ရေ ၁၀၀၀ ကျော်၊ ဝက် ၃၁၁ ကောင်၊ ငုံး ၁၄၃၇၀ ကောင်မွေးမြူထားရှိပြီး ယနေ့ အချိန်အထိ ကြက်ဥ ၂၉၆၂၄၅ လုံး၊ ဘဲဥ ၂၇၀၅၆၁ လုံး၊ ငုံးဥ ၆၇၂၇၃ လုံး၊ နွားနို့ ပိဿာချိန် ၃၄၉၇၉၊ ကြက် ပိဿာချိန် ၁၁၈၄၆၃၊ ဘဲ ပိဿာချိန် ၉၅၇၀၊ ဆိတ်သား ပိဿာချိန် ၄၁၈၃ ၊ ဝက်သား ပိဿာချိန် ၇၅၅၃ ထွက်ရှိလျှက်ရှိရာ ယင်းမွေးမြူရေးဇုန်မှထွက်ရှိသည့် ကြက်သား၊ နွားနို့၊ ကြက်ဥ၊ ဘဲဥ၊ ဝက်သားနှင့်အမဲသားများကို ရန်ကုန်မြို့ဈေးကွက်သို့ ဖြန့်ဖြူး ရောင်းချလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
#YMG/ NN #Yangon_Times
#Local_News
Published_ 27 May 2024
ပုဂံဒေသတွင် မြေယာဝယ်ယူမည်ဆိုပါက မှားယွင်းမှုမရှိစေရေး ဝယ်ယူမှုမပြုခင် ရှေးဟောင်းအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း ဌာန၏ထုတ်ပြန်ချက်အရသိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် သတ်မှတ်ထားသော မြို့ပြလူနေထိုင်ရာဧရိယာပြင်ပရှိ ယာမြေကွက်၊ မြေလွတ်မြေလပ်ကွက်များသည် လယ်ယာမြေအခြားနည်းသုံးစွဲခွင့် ထုတ်ပေးမရသော နေရာများဖြစ်သဖြင့် မြေကွက်များ၊ ယာမြေကွက်များကို ဝယ်ယူ၍ အခြားနည်းအသုံးပြုလိုသူများ၊ လူနေအဆောက်အဦများ၊ သာသနိကအဆောက်အဦများ၊ ဈေးဆိုင်ခန်းများ ဆောက်လုပ်လိုသူများ သည် လုပ်ငန်းဆောင်ရွက် ခွင့်မရနိုင်သောကြောင့် ဝယ်ယူသူနှင့် လုပ်ငန်းဆောင်ရွက်သူကာယကံရှင် များ ငွေကြေးဆိုင်ရာ ဆုံးရှုံး နစ်နာမှုရှိနိုင်သည်ဟုဆိုသည်။
ပုဂံအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း လယ်ယာ မြေအခြားနည်းသုံးစွဲခွင့်နှင့် ဂရန်ထုတ်ပေးခြင်းများနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသန နှင့် အမျိုသားပြ တိုက်ဦးစီးဌာန၌ (၈.၁၀.၂၀၂၀) ရက်နေ့ပြုလုပ်သည့် ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (BAGANCOM) ပဉ္စမအကြိမ်အစည်းအဝေးတွင် “ပုဂံယဉ်ကျေးမှု ဒေသအတွင်း စက်မှုစီးပွားမြေငှားဂရန် ပြောင်းလဲထုတ်ပေးခြင်း၊ လယ်ယာမြေအခြားနည်း သုံးစွဲခွင့်နှင့် ထုတ်ပေးခြင်းများ ထိန်းချုပ်ကန့်သတ်ရန်နှင့် ဇုန်ပြင်ပတွင်သာ ခွင့်ပြုရန်” ဟု ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ပုဂံဒေသဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေးမူဘောင်(၅.၂)တွင် “ကမ္ဘာ့အမွေအနှစ်ဇုန် အတွင်းရှိ မြို့ပြဧရိယာများသည် အပြည့်အဝကာကွယ်ရန်လိုအပ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကန့်အသတ်ဖြင့် အသုံးပြုနိုင်သည်။
အဆောက်အအုံမဆောက်ရသေးသည့် နေရာများသည် ယခုအတိုင်းထားရှိပြီး မည်သည့်ဆောက်လုပ်ရေးလုပ်ငန်းကိုမျှ ဆောက်လုပ်ခွင့်မပြုပါ။ အမွေအနှစ် ဇုန် အတွင်းရှိ မြေယာရှုခင်းဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာရပါမည်” ဟု ဖော်ပြပါရှိကြောင်း ဖော်ပြထားသည်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၏ထုတ်ပြန်ချက်တွင် ပုဂံကမ္ဘာ့အမွေ အနှစ်ဒေသအတွင်းတွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ တည်ရှိရာဒေသ (property Area) (၁၂၃၄၂. ၂၉)ဧကနှင့် ကြားခံဒေသ(Buffer Area) (၄၄၃၄၆.၂၉)ဧက စုစုပေါင်း (၅၆၆၈၉.၂၁)ဧက အတွင်းတွင် ညောင်ဦးမြို့၊ ပုဂံမြို့စသည့် မြို့(၂)မြို့နှင့် ကျေးရွာပေါင်း (၄၁)ရွာ ပါဝင်ကြောင်း၊
ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်း ရှေးဟောင်းအဆောက် အအုံပေါင်း (၃၅၉၅)ဆူ၊ ကြားခံဒေသအတွင်း (၂၄၂)ဆူ စုစုပေါင်း (၃၈၃၇)ဆူ ပုဂံဌာနခွဲမှ ထိန်းသိမ်းထားကြောင်း၊
ထိုသို့ထိန်းသိမ်းခြင်းအားဖြင့် ယဉ်ကျေးမှုအမွေအနှစ်သည်နိုင်ငံတစ်နိုင်ငံရှိ လူမျိုးတစ်မျိုးစီ တိုင်း၏ အရည်အသွေး၊ တန်ဖိုး နှင့် ဂုဏ်သိက္ခာဖြစ်သဖြင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည့် သမိုင်းတန်ဖိုးကိုသိပြီး အမွေအနှစ်များကို တန်ဖိုးထားသတ်မှတ်မှသာလျှင် နိုင်ငံနှင့်လူမျိုးကို ပိုမို တန်ဖိုးထားချစ်မြတ်နိုးနိုင်မည်ဖြစ်၍ ရိုးရာယဉ်ကျေးမှုတန်ဖိုး ပျက်စီးပျောက်ကွယ်မသွားစေရန်အတွက် ယဉ်ကျေးမှုအမွေအနှစ်ကို ကာကွယ်ထိန်းသိမ်းရခြင်းဖြစ်ကြောင်းနှင့်
ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများပြားကာ ၎င်းအဆောက်အအုံများနှင့် တွဲလျက်ရှိသော မြေယာရှုခင်း များနှင့် မြေယာထွန်ယက်စိုက်ပျိုးခြင်းဓလေ့သည်လည်း ထိန်းသိမ်းစောင့်ရှောက်ရမည့် လှပသောအမွေအနှစ်ပင် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြပါရှိသည်။
#tthl #Yangon_Times
#Local_News
Published 27 May 2024
▪️ မုံရွာဒေသမှ ထွက်ရှိသည့် ဆီထွက်သီးနှံဈေးနှုန်းများ မြင့်တက်နေကြောင်း ပဲနှမ်းကုန်သည်များထံမှသိရသည်။
▪️ ထိုသို့မြင့်တက်ရာတွင်တစ်ပတ်တာအတွင်း နှမ်းညိုတစ်တင်းလျှင် ၉၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၇၀၀၀ကျပ်အထိမြင့်တက်နေကြောင်း သိရသည်။
▪️ "ဆီထွက်သီးနှံဈေးတွေတက်နေပါတယ်၊ မြေပဲဆံ၊ နှမ်းတွေပေါ့၊ အရောင်းအဝယ်လည်းသူ့ဟာနဲ့သူကောင်းတယ်၊" ဟု ပဲနှမ်းကုန်သည်တစ်ဦးက ပြောသည်။
▪️ လတ်တလောတွင် နှမ်းညို တစ်တင်း ၁၀၇၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၅၀၀၀ မှ ၁၂၅၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၁၀၀၀၀ မှ ၁၃၇၀၀၀ကျပ်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် မြေပဲလုံးဆံနီ တစ်ပိဿာ ၆၆၀၀မှ ၆၈၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၆၈၅၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၆၄၀၀ကျပ်ရှိနေကာ တစ်ပတ်တာအတွင်း မြေပဲလုံးဆံနီ တစ်ပိဿာ ၃၀၀ကျပ် အနည်းငယ်မြင့်တက်နေကြောင်းသိရသည်။
▪️ ပဲဆီတစ်ပိဿာ ၁၃၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၃၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၃၁၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၅၅၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၈၁၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_ 27 May 2024
▪️ ရာသီဥတုဆိုးရွားချိန် ငါးဖမ်းရေယာဉ်များ လှိုင်းဒဏ်၊လေဒဏ်ခိုလှုံနိုင်မည့် နေရာ(၁၅)နေရာကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှထုတ်ပြန်လိုက်ကြောင်း သိရသည်။
▪️ အဆိုပါ လှိုင်းဒဏ်လေဒဏ်ခိုလှုံနိုင်သည့်နေရာများကတော့ ရခိုင်ပြည်နယ်အတွင်း(၇)နေရာ၊ ဧရာဝတီတိုင်းအတွင်း(၃)နေရာ၊ မွန်ပြည်နယ်တွင်း(၁)နေရာနှင့်တနင်္သာရီတိုင်းအတွင်း(၄)နေရာ စုစုပေါင်း(၁၅)နေရာရှိသည်ဟုဆိုသည်။
▪️ ထုတ်ပြန်ချက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များအနေဖြင့် မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များတွင် လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန်အတွက် အောက်ဖော်ပြပါ တည်နေရာများ၌ ရာသီဥတုခိုလှုံနိုင်ပါကြောင်းကို (၂၆-၄-၂၀၂၄)ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊ ၁/၂၀၂၄ ဖြင့် ထုတ်ပြန်ပေးထားပြီး ဖြစ်ကြောင်း
(က) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းဂံချောင်းအတွင်း မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၅၈ မိနစ်၊
(ခ) ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဖရုံဂါကျွန်း မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၀၀ မိနစ်၊
(ဂ) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ငလပွေ့ချောင်း မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၃ မိနစ်၊
(ဃ) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းဆိပ်ကမ်း မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်၊
(င) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သဗြုချိုင် (ANDREW BAY) မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်၊
(စ) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ သင်္ဘောဆိပ် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၁၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်၊
(ဆ) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ တင်းတောကျေးရွာအုပ်စု၊ အမော်ချိုင် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၇ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၄ မိနစ်၊
(ဇ) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း (HAINGYI ISLAND) မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၅၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်၊
(ဈ) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပြင်ခရိုင်၊ ချောင်းဝကျေးရွာ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၄.၄၀ မိနစ်၊
(ည) ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိ ကျေးရွာ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၆ မိနစ်၊
(ဋ) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝါးကျွန်း မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၁၁.၃၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၄ မိနစ်၊
(ဌ) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ မောင်းမ ကန်ဘုတ်ကျွန်း (MIDDLE MOSCOS) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၈ မိနစ်၊
(ဍ) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ လောင်းလုံဘုတ်ကျွန်း (SOUTH MOSCOS) မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၄၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၄ မိနစ်၊
(ဎ) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တနင်္သာရီကျွန်း (TANINTHARYI ISLAND) မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၃၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၂ မိနစ်၊
(ဏ) တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ပြင်စဘုကျွန်း (PYIN SA BU ISLAND) အရှေ့ဘက်ရေပြင် မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၄၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၀၅ မိနစ် တို့ဖြစ်ကြောင်းသိရသည်။
▪️ နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များအား ရာသီဥတု ခိုလှုံခွင့်ပြုရာနေရာ သတ်မှတ်ပေးထားခြင်းမှာ မုတ်သုံရာသီ ရာသီဥတုဆိုးရွားချိန်အတွင်း ငါးဖမ်းရေယာဉ်များနှင့် ရေလုပ်သားများ အန္တရာယ်ကင်းရှင်းလုံခြုံစွာ ကျွန်းခိုရပ်နားနိုင်ရန် အတွက် သတ်မှတ်ပေးထားခြင်းဖြစ်ပြီး ရာသီဥတုခိုလှုံသည်ကိုအကြောင်းပြ၍ ကမ်းနီးဒေသ အတွင်း ငါး/ပုစွန်ဖမ်းဆီးနေသည်ကို စစ်ဆေးတွေ့ရှိရပါက ထိရောက်စွာ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
#tthl #Yangon_Times
#Local_News
Published_ 27 May 2024
▪️ မိုးသည်းထန်ချိန် အင်းလျားကန်နှင့် ကန်တော်ကြီးတို့ကိုရေကြီးရေလျှံမဖြစ်အောင် ထိန်းညှိဆောင် ရွက်နေသလို ရန်ကုန်တိုင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရန်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ် အင်းလျားကန်ရေပိုလွှဲနှင့်မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးရေပိုလွှဲ များတွင်ကန်ရေမျက်နှာပြင်တိုင်းတာထားရှိမှု၊ရေကန်များ၏ ရေတံခါးများနှင့် ရေထွက်ပေါက်များ၏အခြေ အနေ တို့ကို ကြည့်ရှုစစ်ဆေးပြီးမိုးသည်းထန်စွာရွာသွန်းချိန်ရေးကြီးရေလျှံမှုမဖြစ်စေရေးအတွက်ကန်ရေထိန်းသိမ်းရန်၊ရေဖောက်ထုတ်ရန်နှင့် ထိန်းညှိရန်လိုအပ်သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်ဟုဆိုသည်။
▪️ မိုးသည်းထန်စွာရွာသွန်းချိန်ရေကြီးရေလျှံမှုမဖြစ်စေရေး အင်းလျားကန်နှင့် ကန်တော်ကြီးတို့၏ရေပမာဏထိန်းညှိဆောင်ရွက်နေမှုအပြင် မင်္ဂလာတောင်ညွှန့်မြို့နယ် ၊အထက်ပန်းဆိုးလမ်းရေမြောင်းရေစီးရေလာအခြေအနေနှင့်ဒဂုံမြို့နယ်၊ ပြည်လမ်းရှိပြည်သူ့ဥယျာဉ် အတွင်းပန်းဥယျာဉ် နှင့်အားကစားကွင်းများဌာနက Poulownia အပင်များပြုစုစိုက်ပျိုးထားရှိမှု တို့ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
▪️ မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ပျဉ်းမပင်ကျေးရွာအုပ်စု၊ ပြည်လမ်းရှိ လှော်ကားရေဝေရေလဲဒေသသို့သွားရောက်၍ ပန်းဥယျာဉ်နှင့်အား ကစားကွင်းများဌာန မှယခုနှစ်မိုးရာသီတွင်သစ်ပင်များစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်နေမှု ကိုကြည့်ရှုစစ်ဆေးသည်။
▪️ မြို့တော်ဝန်က သစ်ပင်များစိုက်ပျိုးရာ တွင်စနစ်တကျဖြင့် ညီညီညာညာစိုက်ပျိုး နိုင်ရေးကြိုတင်ဆောင်ရွက်ထားရန်နှင့် လျှပ်စစ်တာဝါတိုင်များနှင့်လွတ်ကင်းမှုရှိအောင် စီစဉ်ရန်မှာကြားပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးကြောင်းနှင့်ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ်မိုးရာသီတွင် ကျွန်း၊ပျဉ်ကတိုးနှင့်မဟောဂနီ စသည့်သစ်ပင်စုစုပေါင်း ၅၄၀၀၀ စိုက်ပျိုးရန်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 26 May 2024
▪️ နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေရောင်းဝယ်၊လဲလှယ်သည့်လုပ်ငန်းလုပ်ကိုင်နေသည့်လုပ်ငန်းများ၊Facebook Pageများနှင့် အင်တာနက်စာမျက်နှာ(၁၆)ခုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
▪️ အရေးယူခံရသည့် လုပ်ငန်း၊ Facebook Pageများနှင့် အင်တာနက်စာမျက်နှာများကတော့ ငွေဈေးနှုန်းနှင့်ငွေလွှဲဆိုင် ၊ Moe Latt၊ Si Thu & bro များ ၊ ရန်ကုန်ငွေဈေး ၊ ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange ၊ ဒေါ်လာရောင်းဝယ်၊ December Snow ၊ June Lin Htet Naing၊ Htet Yan Money Exchange ၊ Global Value Services-GVS Money Exchange and Transfer ၊ Boss Online Money Exchange Services (Family Money Exchange) ၊ Lucky Sky Gold Smith (Facebook Page) ၊ Nay Myo Htet (Facebook Page) ၊ Gold Market Myanmar (Facebook Page) ၊ Ye Mon၊ Naing Lu စသည်တို့ဖြစ်သည်။
▪️ ဗဟိုဘဏ်အနေဖြင့် အဆိုပါအဖွဲ့အစည်းများနှင့် ပါဝင်ရောင်းဝယ်သူများအား အရေးယူဆောင်ရွက်ပြီး ဖြစ်သည့်အပြင် ပြည်ပမှအဝယ်၊အရောင်း ဆောင်ရွက်နေသည့် Page များ၊ ဖုန်းနံပါတ်များကို သက်ဆိုင်ရာဗဟိုဘဏ်များသို့ အကြောင်းကြား၍ အရေးယူဆောင်ရွက်ရန်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့ အဖွဲ့အစည်းများအား တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ဖမ်းဆီးဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း၊
▪️ ပြည်သူများအနေဖြင့် တရားဝင်လိုင်စင်ထုတ်ပေး ထားပြီးဖြစ်သည့် နိုင်ငံခြားငွေလဲလှယ် ရောင်းချခွင့်ရှိသည့် ငွေရေးကြေးရေးအဖွဲ့အစည်းများဖြင့်သာ လဲလှယ်ရောင်းဝယ်ရန်အသိပေးကြောင်း၊
▪️ Facebook Pageများ၊အင်တာနက်စာမျက်နှာများ တွင် တရားမဝင်နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ် ဈေးကစားနေသူများအား နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ၃၈နှင့်၄၂အပြင် ပြည်သူအကျိုးထိခိုက်၍ရာဇသတ်ကြီးဥပဒေပုဒ်မဖြင့်ပါ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#tthl #Yangon_Times
#Local_News
Published 26 May 2024
▪️၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားခြေစစ်ပွဲများကန်မည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက်ပဏာမ မြန်မာ့လက်ရွေးစင်ကစားသမား စာရင်းအား နည်းပြချုပ် မိုက်ကယ် ဖိုင်တန်ဘိုင်နာက ယနေ့ မေလ(၂၆)ရက်တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်းသိရသည်။
▪️ ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် နိုဗိုတယ် ရန်ကုန် မက်စ် ဟိုတယ်တွင် မေလ ၂၈ ရက်မှ စတင်ကာ စခန်းဝင် လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။
▪️ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် လာမည့် ဇွန်လ ၆ ရက်နေ့ ညနေ ၆:၄၀ နာရီ၊ သု၀ဏ္ဏ အားကစားကွင်းတွင် ဂျပန်လက်ရွေးစင်အသင်းနှင့်လည်းကောင်း၊ ဇွန်လ ၁၁ ရက်၊ လာအိုနိုင်ငံတွင် မြောက်ကိုရီးယား လက်ရွေးစင် အသင်းနှင့် လည်းကောင်း ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၊ ဒုတိယအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။
▪️ မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၊ ပထမအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ပြီးပြီဖြစ်ပြီး ဒုတိယအဆင့်ပွဲစဉ်များအဖြစ် ဂျပန်အသင်းနှင့် အိမ်ကွင်းမှ စတင်ယှဉ်ပြိုင်ကြရမည် ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
Page 534 of 2135