#Local_News
Published 05 September 2026
■ ဗီယက်နမ်နိုင်ငံကို တရားဝင်ခရီးစဉ်ရောက်ရှိနေသည့်နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှ တို့ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၅ ရက်၊ နံနက်ပိုင်းက ဟနွိုင်းမြို့ရှိ အမျိုးသားသူရဲကောင်းများနှင့်အာဇာနည်များဗိမာန်နှင့်ဟိုချီမင်း ဂူဗိမာန်များသို့ ရောက်ရှိကာလွမ်းသူ့ ပန်းခွေချခဲ့ကြောင်း သိရသည်။
#Local_News
ဟနွိုင်း၊ စက်တင်ဘာ ၄
■ ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ဟိုင်ဖုန်းမြို့ရှိ VinFast Hai Phong Manufacturing Complex သို သွားရောက်၍ လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများကို လေ့လာကြည့်ရှုခဲ့ပါသည်။
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲသည် VinFast Hai Phong Manufacturing Complex သို့ ရောက်ရှိရာ VinFast မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။
■ ထို့နောက် VinFast မှ တာဝန်ရှိသူများက နိုင်ငံတော်သမ္မတနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ကုမ္ပဏီစတင်တည်ထောင်ခဲ့မှုနှင့် ဖွံဖြိုးတိုးတက်လာမှု၊ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများ၊ လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဆိုင်ကယ်များ ထုတ်လုပ်နေမှု၊ ခေတ်မီနည်းပညာနှင့် အလိုအလျောက်စနစ်များ အသုံးပြုဆောင်ရွက်နေမှု၊ သုတေသနနှင့် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတိုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ကုမ္ပဏီ၏ ဖွံဖြိုးတိုးတက်မှုဆိုင်ရာ Video မှတ်တမ်းကို ပြသခဲ့ပါသည်။
■ ရှင်းလင်းတင်ပြရာတွင် VinFast သည် ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းမော်တော်ယာဉ်အမှတ်တံဆိပ် ထုတ်လုပ်သည့်လုပ်ငန်းဖြစ်ပြီး ဟိုင်ဖုန်းရှိ မော်တော်ယာဉ်ထုတ်လုပ်ရေးအခြေစိုက်စခန်းကို ၂၁ လအတွင်း အပြီးတည်ဆောက်နိုင်ခဲ့ကြောင်း၊
ထိုပြင် မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် သုတေသနဖွံဖြိုးရေးလုပ်ငန်းများကို ကမ္ဘာ့ဈေးကွက်နှင့် ချိတ်ဆက်၍ တိုးချဲ့ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ဗီယက်နမ်နိုင်ငံအပြင် အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတိုတွင်လည်း လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
■ ယင်းနောက် နိုင်ငံတော်သမ္မတက ပြောကြားရာတွင် VinFast မော်တော်ယာဉ်ကို လာအိုနိုင်ငံခရီးစဉ်အတွင်း ပထမဆုံး ထိတွေ့သိရှိခွင့်ရရှိခဲ့ပြီး ယင်းအချိန်မှစ၍ စိတ်ဝင်စားမှုရှိခဲ့ကြောင်း၊ ယခုကဲ့သို VinFast ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးအခြေစိုက်စခန်းသို ကိုယ်တိုင်လာရောက်၍ လေ့လာခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါသည်။
■ VinFast အနေဖြင့် ဗီယက်နမ်ပြည်တွင်းဈေးကွက်၌သာမက နိုင်ငံတကာဈေးကွက်များသိုပါ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည့်အပေါ် ဂုဏ်ယူမိကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် နည်းပညာကဏ္ဍများအပါအဝင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
■ မိမိအနေဖြင့် ဗီယက်နမ်နိုင်ငံသို ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး ယခုခရီးစဉ်တွင်လည်း နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးကို ရည်ရွယ်ထားကြောင်း၊ VinFast ကဲ့သို ဗီယက်နမ်နိုင်ငံ၏ အမျိုးသားအမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နေသည့် ကုမ္ပဏီ၏ ဖွံဖြိုးတိုးတက်မှုများကို လာရောက်လေ့လာခွင့်ရသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် ကုမ္ပဏီအနေဖြင့် ဆက်လက်အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ပါသည်။
■ ထိုနောက် VinFast မှ တာဝန်ရှိသူများက နိုင်ငံတော်သမ္မတအား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် VinFast မှ တာဝန်ရှိသူများသည် အမှတ်တရ မှတ်တမ်းဓာတ်ပုံ အတူတကွရိုက်ကူးခဲ့ကြပါသည်။
■ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲသည် စက်ရုံအတွင်း မော်တော်ယာဉ်ကိုယ်ထည်များ ထုတ်လုပ်တပ်ဆင်နေမှု၊ ခေတ်မီစက်ကိရိယာများနှင့် အလိုအလျောက်စနစ်များ အသုံးပြု၍ ထုတ်လုပ်နေမှု၊ မော်တော်ယာဉ်အစိတ်အပိုင်းများကို အဆင့်ဆင့်တပ်ဆင်၍ အချောထည်မော်တော်ယာဉ်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်များနှင့် နည်းပညာအသုံးပြုဆောင်ရွက်နေမှုတိုကို လနည်းပည်ကြည့်ရှုလေ့လာခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။
■ ထိုနောက် နိုင်ငံတော်သမ္မတသည် VinFast မှ ထုတ်လုပ်ထားသည့် မော်တော်ယာဉ်များအား ပြသထားရှိမှုကို ကြည့်ရှုလေ့လာကာ မော်တော်ယာဉ်များ၏ နည်းပညာပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်မှုနှင့် စွမ်းဆောင်နိုင်စွမ်းများကို စိတ်ဝင်စားစွာ လေ့လာခဲ့ပါသည်။
■ VinFast သည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကလုပ်ငန်းစုများအနက် တစ်ခုဖြစ်သော Vingroup မှ ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပြီး လက်ရှိတွင် လျှပ်စစ်မော်တော်ယာဉ် (EV) များကို အဓိကထား ထုတ်လုပ်လျက်ရှိသည်။ ကုမ္ပဏီ၏ အဓိကထုတ်ကုန်များတွင် VF 3၊ VF 5၊ VF 6၊ VF 7၊ VF 8 နှင့် VF 9 စသည့် လျှပ်စစ်ကားများအပြင် လျှပ်စစ်မော်တော်ဆိုင်ကယ်၊ E-bike နှင့် လျှပ်စစ်ဘတ်စ်ကားများ ပါဝင်သည်။ VinFast ၏ အဓိကထုတ်လုပ်ရေးစက်ရုံမှာ ဗီယက်နမ်နိုင်ငံ Hai Phong တွင် တည်ရှိပြီး ကုမ္ပဏီကို အမေရိကန် NASDAQ စတော့ဈေးကွက်တွင် VFS အမည်ဖြင့် စာရင်းသွင်းထားသည်။
■ VinFast သည် ဗီယက်နမ်ပြည်တွင်းဈေးကွက်ကို အခြေခံ၍ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် အခြားနိုင်ငံတကာဈေးကွက်များသို့ လျင်မြန်စွာ တိုးချဲ့နေသည့် EV ကုမ္ပဏီတစ်ခုဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း EV ၁၉၆,၉၁၉ စီး ပို့ဆောင်နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၅၉ ဘီလီယံခန့်ရရှိခဲ့သည်။ VinFast ၏ ရေရှည်မဟာဗျူဟာမှာ ဗီယက်နမ်အခြေစိုက် မော်တော်ယာဉ်ထုတ်လုပ်သူအဖြစ်မှ ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်မော်တော်ယာဉ်အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နိုင်ရေးဖြစ်သည်။
#Local_News
ဟနွိင်း၊ စက်တင်ဘာ ၄
■ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ယနေ့ စက်တင်ဘာ ၄ ရက်တွင် ဟနွိင်းမြို့ နွိင်ဘိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများက နွေးထွေးလှိက်လှဲစွာ ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ပါသည်။
■ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ စီးနင်းလိုက်ပါလာသည့် အထူးလေယာဉ်သည် နွိင်ဘိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာရာ ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။
■ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ လေယာဉ်ပေါ်မှ ဆင်းသက်လာချိန်တွင် ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးခဲ့ကြပါသည်။
■ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် အစဉ်အလာအားဖြင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံအကြား နိုင်ငံရေးနှင့် သံတမန်ဆက်ဆံရေးသာမက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှုအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်လျက်ရှိပါသည်။
■ နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ရှိရင်းစွဲ အစဉ်အလာချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုတိုကို ပိုမိုခိုင်မာစေပြီး နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိင်းစွာ တိုးမြှင့်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါသည့် နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်တစ်ရပ်ဖြစ်ပါသည်။
#Local_News
နေပြည်တော်၊ စက်တင်ဘာ ၄
■ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်နိုင်ငံသမ္မတနှင့်ဇနီး၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန် ယနေ့ စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိတပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် စတင်ထွက်ခွာခဲ့ပါသည်။
■ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား တပ်မတော်လေဆိပ်၌ ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။
■ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဗီယက်နမ်နိုင်ငံသမ္မတနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအဆင့်မြင့်ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။
■ အဆိုပါတွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံအစိုးရများနှင့် လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး၊ စက်မှုနှင့် နည်းပညာ၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုအပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ပါသည်။
■ ထို့ပြင် နိုင်ငံတော်သမ္မတသည် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်၍ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးနှင့် အကျိုးတူစီးပွားရေးအခွင့်အလမ်းသစ်များ ဖော်ထုတ်နိုင်ရေးတို့ကို အားပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။
■ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်အစိုးရတာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါသွားပါသည်။
#Local_News
Published 04 September 2026
■ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများအနက် ရေပြန်လည်ကျဆင်းသွားသည့် ကျောင်းများကို ဆေးကြောသန့်စင်ပြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားနေမှုအခြေအနေများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
■ ဒုတိယဝန်ကြီးသည် ညောင်တုန်းမြို့နယ်ရှိ ပတုပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ သဇင်ရေကျော်ရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ သဇင်ကျေးရွာနှင့် ပန်းဆိပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းများ၊ ဘဝသစ်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့သို့ သွားရောက်ကာ ရေကျဆင်းပြီးနောက် ကျောင်းများကို ဆေးကြောသန့်စင်၍ ပြန်လည်ဖွင့်လှစ်သင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။
■ ထို့ပြင်ရေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ပြန်လည်ဖြည့်ဆည်းပေးနေမှု၊ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ချိန်တွင် သင်ခန်းစာနောက်ကျမှု မရှိစေရေးအတွက် အစားထိုးသင်ကြားပေးရန် စီစဉ်ထားမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ယာယီစာသင်ခန်းများတွင် ပညာသင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ေကြာင်း သိရသည်။
■ ယင်းနောက် မူလတန်းအောက်ဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောပိုးအိတ်နှင့် စာရေးကိရိယာများ၊ ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
■ အလားတူ မအူပင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (လယ်ကိုင်း) နှင့် အခြေခံပညာမူလတန်းကျောင်း (ထနီဒေါင့်) တို့ကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
■ ဆက်လက်၍ မအူပင်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးနှင့်တာဝန်ရှိသူများက ကျောင်းအဆောက်အအုံများ ပြန်လည်ပြုပြင်ရေးနှင့် ပညာရေးဆိုင်ရာဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
■ ထိုသို့ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပြန်လည်ဆွေးနွေးညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရေဘေးသင့်ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
နီပေါနိုင်ငံနဲ့ တရုတ်နိုင်ငံနယ်စပ်ဒေသတွင်ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခံစားနေရတဲ့ပြည်သူများအတွက် မြန်မာနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၅ သိန်းနဲ့ စားသောက်ကုန် ပဲမျိုးစုံ ၈ တန်ကို လူသားချင်းစာနာထောက်ထားမှုအရ သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 03 September 2026
#နီပေါ #တရုတ်နိုင်ငံ
#YMG/NN #Yangon_Times
စားသုံးသူများ ဘေးကင်းလုံခြုံစွာ ဝယ်ယူသုံးစွဲနိုင်ရေးနှင့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြထားရေးအတွက် စားသုံးသူရေးရာဦးစီးဌာနက ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးမှုတွေ ဆောင်ရွက်လျှက်ရှိတယ်လို့သိရပါတယ်။
#Local_News
Published 03 September 2026
#ကုန်အညွှန်းအမှတ်အသား
#YMG/SW #Yangon_Times
Page 43 of 2527