#Local_News
Published 04 September 2026

■ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများအနက် ရေပြန်လည်ကျဆင်းသွားသည့် ကျောင်းများကို ဆေးကြောသန့်စင်ပြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားနေမှုအခြေအနေများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

■ ဒုတိယဝန်ကြီးသည် ညောင်တုန်းမြို့နယ်ရှိ ပတုပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ သဇင်ရေကျော်ရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ သဇင်ကျေးရွာနှင့် ပန်းဆိပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းများ၊ ဘဝသစ်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့သို့ သွားရောက်ကာ ရေကျဆင်းပြီးနောက် ကျောင်းများကို ဆေးကြောသန့်စင်၍ ပြန်လည်ဖွင့်လှစ်သင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။

■ ထို့ပြင်ရေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ပြန်လည်ဖြည့်ဆည်းပေးနေမှု၊ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ချိန်တွင် သင်ခန်းစာနောက်ကျမှု မရှိစေရေးအတွက် အစားထိုးသင်ကြားပေးရန် စီစဉ်ထားမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ယာယီစာသင်ခန်းများတွင် ပညာသင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးခဲ့‌ေကြာင်း သိရသည်။

■ ယင်းနောက် မူလတန်းအောက်ဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောပိုးအိတ်နှင့် စာရေးကိရိယာများ၊ ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

■ အလားတူ မအူပင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (လယ်ကိုင်း) နှင့် အခြေခံပညာမူလတန်းကျောင်း (ထနီဒေါင့်) တို့ကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

■ ဆက်လက်၍ မအူပင်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးနှင့်တာဝန်ရှိသူများက ကျောင်းအဆောက်အအုံများ ပြန်လည်ပြုပြင်ရေးနှင့် ပညာရေးဆိုင်ရာဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

■ ထိုသို့ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပြန်လည်ဆွေးနွေးညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရေဘေးသင့်ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times