#Local_News
Published - 16 July 2022
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့တွင် ယခင်ပုံသေယာဉ်စီးခ ကောက်ခံနေရာမှ ခရီးအကွာအဝေးအလိုက် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း YRTC မှ သိရသည်။
အဆိုပါ ခရီးအကွာအဝေးအလိုက် ပြောင်းလဲကောက်ခံမှုကို YBS ယာဉ်လိုင်း ၄ ခုခန့်တွင် ကနဦး စတင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ခရီးအကွာအဝေးအလိုက် ပြောင်းလဲကောက်ခံမည့် ယာဉ်လိုင်းများတွင် ကတ်စနစ်ကို တပ်ဆင်ထားမည်ဖြစ်ပြီး ခရီးစဉ်အကွာအဝေးအလိုက် ကောက်ခံမှာဖြစ်သည့်အတွက် အတက်တစ်ကြိမ်၊ အဆင်းတစ်ကြိမ် ကတ်ဖြတ်ပေးရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
YBS-၁၁ (အောင်မင်္ဂလာအဝေးပြေး-သမိုင်း-လသာ)၊ YBS-၁၁၅ (အောင်မင်္ဂလာအဝေးပြေး-နဝဒေး-ဆူးလေ)၊ YBS-၈ (ဒဂုံဆိပ်ကမ်း-သာကေတအဝိုင်း-လသာ)၊ YBS-၁၀ (သာကေတ(ကန်ကြီးဒေါင့်) -ဇဝန-ဒဂုံတက္ကသိုလ်)စသည့် ယာဉ်လိုင်းများတွင် ယာဉ်စီးခပြောင်းလဲကောက်ခံမှု စတင်နေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ YBS ယာဉ်လိုင်း ၁၁၆လိုင်း၊ ယာဉ်စီးရေ ၃၁၇၃ စီး ဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 16 July 2022
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ Panko Bago CMP အထည်ချုပ်စီမံကိန်းများကို ယခုနှစ် မတ်ကစပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စီမံကိန်းအပိုင်း ၁ သည် အဝတ်အထည်အမျိုးမျိုးထုတ်လုပ်၍ လုပ်ငန်းများ လည်ပတ်လျက်ရှိပြီး လက်ရှိအကောင်အထည်ဖော်နေသော စီမံကိန်းအပိုင်း ၂ သည် ယခုနှစ်ကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
"CMP စနစ်နဲ့ ချုပ်လုပ်တဲ့ အထည်ချုပ်စက်ရုံစီမံကိန်းတွေ ဖြစ်ပါတယ်။ အပိုင်း ၁ ကတော့ လုပ်သား ၂၅၀၀ နဲ့ လည်ပတ်နေပြီ။ အခု အကောင်အထည်ဖော်နေတဲ့ အပိုင်း ၂ ပြီး ရင်လည်း လုပ်သား ၂၅၀၀ လောက်အလုပ်အကိုင်ရမှာဖြစ်ပါတယ်"ဟု စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
အထည်ချုပ်စီမံကိန်းကို တောင်ကိုရီးယားနိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်လျက်ရှိပြီး ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ရင်းနှီးငွေ ပမာဏ ကန်ဒေါ်လာ ငါးသန်းခန့်ရှိကြောင်း သိရသည်။
ယင်းအထည်ချုပ်စီမံကိန်းသည်၊ ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာအုပ်စု၌ တည်ဆောက်လျက်ရှိပြီး စက်ရုံအနေဖြင့် အထည်ချုပ်လုပ်ငန်းများ အတွက် ကုန်ကြမ်းများကို ပြည်ပမှ ရာနှုန်းပြည့် တင်သွင်းဆောင်ရွက်ပေးလျက်ရှိသည်။
လာမည့် ၂၀၂၄ ခုနှစ်တွင်၊ စက်ရုံ၏ ကိုယ်ပိုင်ထုတ်လုပ်မှုနှင့် ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _ 16 July 2022
၂၀၂၂ ခုနှစ် ဂျုံထွက်ရာသီတွင် မန္တလေးဈေးကွက်ထဲကို ဗမာဂျုံနဲ့ ရှမ်းဂျုံများဝင်ရောက်လျက်ရှိပြီး ပေါ်ဦးပေါ်ဖျားအချိန်ထက် ဈေးနှုန်းမြင့်တက်လာကာ တောင်သူများအတွက် ဈေးကောင်းရရှိလျက်ရှိသည်ဟု မန္တလေးပဲကုန်သည်တွေဆီက သိရသည်။
ပေါ်ဦးပေါ်ဖျားအချိန်က ဗမာဂျုံ ၃တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၉သောင်းခွဲရှိခဲ့ရာ ယခုအချိန် ဇူလိုင်လလည်တွင် တစ်သိန်း၃သောင်း ၇ ထောင်အထိ ဈေးနှုန်းမြင့်တက်လာပြီး ရှမ်းပြည်နယ်မှထွက်ရှိသည့် ရှမ်းဂျုံတွေဟာလည်း ငွေကျပ် ၉ သောင်း ပေါက်ဈေးရှိခဲ့ရာမှ ယခုအချိန်တွင် ၁သိန်း ၃ သောင်း ၅ ထောင်နှင့် ၁ သိန်း ၃ သောင်းကြားမှာ ပေါက်ဈေးရှိနေသည်ဟုသိရသည်။
မန္တလေးဈေးကွက်ထဲသို့ မုံရွာ၊ ရွှေဘို၊ မြင်းမူ၊ မြောင် စသည့် အညာပိုင်းဒေသများနှင့် ရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်း စသည့်ဒေသများမှ ဂျုံများဝင်ရောက်လျက်ရှိသည်ဟုလည်း သိရသည်။
ymg/NN
#Yangon_Media_Group
#DailyNews
Published - 16 July 2022
၁။ ကိုဗစ်လူနာများကို ဆေးရုံများတွင်သာ လက်ခံကုသမည်
၂။ ရန်ကုန်တိုင်းအတွင်း စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရန်ရှိဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အောင်မြင်ကျော်ကြားမှုအပြင် မိသားစုကိုပါ ကြိုးစားရှာဖွေနေရှာသည့် ကိုရီးယား-အမေရိကန်ကေပေါ့ပ် အဆိုတော်အဲလက်ဆာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 16 July 2022
မြန်မာ့ဘဏ္ဍာရေးကဏ္ဍ ၂၀၁၁ မတိုင်ခင်အခြေအနေကို ပြန်ရောက်ပြီး အထက်တန်းလွှာများအတွက် ဝန်ဆောင်မှုပေးနိုင်စွမ်းရှိနေကြောင်း ကမ္ဘာဘဏ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဇူလိုင်လ ၁၃ ရက် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် Myanmar Financial Sector Reforms တွင်ယင်းသိုဖော်ပြထားသည်။
အစီရင်ခံစာတွင် အများစုသော ပြည်သူတွေအနေဖြင့် ဘဏ်တွေအပေါ်အားကိုးအားထားပြုနေရ ခြင်းမဟုတ်ဘဲ ပုံမှန်မဟုတ်သည့် ငွေကြေးထောက်ပံ့သူ (အကြွေးပေးသူ-ကြွေးရှင်)တွေကို အားကိုးနေရကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
ဘဏ္ဍာရေးကဏ္ဍခေတ်နောက်ပြန်ဆွဲနေသည့် အခြေအနေတွေကြောင့် ပြည်သူတွေအနေဖြင့် ပုံမှန်မဟုတ်သော ငွေကြေးအထောက်အပံ့ပေးနိုင်သည့် လူတွေအပေါ်ကို ယုံယုံကြည်ကြည်နှင့် အားကိုးနေရကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဘဏ်တွေအပေါ်လူထုယုံကြည်မှုကျဆင်းနေပြီး ငွေများပြန်ထုတ်ခြင်းများဖြစ်ခဲ့သလို ပြည်သူ့ငွေတွေကိုလည်း ဘဏ်တွေက မထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ဘဏ်တွင်အပ်ထားသည့်ငွေများကို ပြန်ထုတ်နိုင်ရန် ရာခိုင်နှုန်းတစ်ခုပေး၍ ပြန်ထုတ်ရသည့်စနစ်မျိုး ပေါ်ပေါက်လာပြီးပြည်သူတွေ အခက်ကြုံနေရခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
တဆက်တည်းမှာပင် ဘဏ်တွေအပေါ် ပြည်သူများ၏ယုံကြည်မှုသည် ၂၀၁၀ မတိုင်ခင်ကထက် ကျဆင်းလာသလို မဖြစ်မနေ ဆက်သွယ်လုပ်ဆောင်ရသည့် စီးပွားရေးလုပ်ငန်းရှင်အများစုကသာ ဘဏ်နှင့် ချိတ်ဆက်လုပ်ကိုင်နေကြရကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 16 July 2022
မော်လ်ဒိုက်နိုင်ငံတွင် ဇူလိုင်လ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပမည့် အာရှကာယဗလပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ ဦးဆောင်၍ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူနည်းပြနှင့် ကာယဗလအားကစားအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
ယင်း မြန်မာကာယဗလ အားကစားလက်ရွေးစင်များတွင် ၅၅ ကီလိုတန်းပြိုင်ပွဲ၌ ကျော်မင်းသန်း၊ ၇၀ ကီလိုတန်း ပြိုင်ပွဲ၌ ရဲထွန်းနောင်၊ ၈၀ ကီလို တန်းပြိုင်ပွဲ၌ ခင်မောင်ကျော်၊ အမျိုးသမီး Athletic Physique ပြိုင်ပွဲ၌ မီမီကျော်နိုင်၊ ၁၆၀ စင်တီမီတာအောက် ပြိုင်ပွဲ၌ အေးသန္တာခိုင်၊ ၁၆၀ စင်တီမီတာ အထက် Athletic Physique ပြိုင်ပွဲ၌ ဝတ်ရည်ဖြိုးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_16 July 2022
မလေးရှားနိုင်ငံတွင် အလုပ်သွားလုပ်မည့် တရားမဝင် မြန်မာလုပ်သား ၄၃ ဦးကို ထိုင်း-မလေးရှားနယ်စပ်တွင် ဇူလိုင်လ ၁၅ ရက် ညပိုင်းက ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
အဆိုပါ အဖမ်းခံရသူများမှာ ရခိုင်ပြည်နယ်ကဖြစ်ပြီး အမျိုးသား ၃၄ ဦး နှင့် အမျိုးသမီး ၉ ဦးဖြစ်ကြောင်း၊ ထိုင်း - မလေးရှားနယ်စပ် ဆုံခလာသို့ မရောက်မီ ပရာ့ကျွပ်ခရိုင်အတွင်း ထိုင်းလုံခြုံရေး ပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူများက ထိုင်းဒေသတွင်း သတင်းများကို အခြေခံ၍ ပြောသည်။
ယင်းတို့အနေဖြင့် မလေးရှားနိုင်ငံတွင် အလုပ်ရရှိရန် ပွဲစားခ လူတစ်ဦးလျှင် ဘတ်နှစ်သောင်းမှ သုံးသောင်းခွဲထိ ပေးရကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် မြန်မာနိုင်ငံက ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်ပြီး ယင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံ တောင်ပိုင်းခရိုင်များကိုဖြတ်ကျော်သွားရောက်ရခြင်းဖြစ်ပြီး သွားရောက်သူတိုင်းလိုလို အဖမ်းခံနေရသော်လည်း သွားလာမှုမှာ ရှိနေဆဲ ဖြစ်သောကြောင့် လုံး၀မလာရောက်ကြရန် မလေးရှားနိုင်ငံရှိ အလုပ်သမားအရေးဆောင်ရွက်နေသူများ၊ လူမှုရေးလုပ်ငန်းလုပ်သူများက ထုတ်ပြန်ထားပြီးလည်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
Page 1811 of 2141