#LocalNews
Published - 17 Feb 2022
ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများထားရှိနိုင်ရေး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ ဒလမြို့နယ်-ကိုဗစ်-၁၉ သတင်းပြန်ကြားရေးကော်မတီမှ သိရပါတယ်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ထားရှိနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအလိုက် ပြည်သူ ၂၀ ဦးမှ ၃၀ ဦးအထိ ဝင်ဆံ့ထားရှိနိုင်သော ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးနိုင်သည့် Test Center ၃ ခုဖွင့်လှစ်ထားရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Test Center (၃)ခုကိုလည်း ဒလမြို့နယ်အတွင်းရှိ ဒလပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်ကြီးတိုက်နယ်ဆေးရုံနဲ့ ရခိုင်ချောင်တိုက်နယ်ဆေးရုံတို့တွင် ဖွင့်လှစ်ပေးထားပြီး ကိုဗစ်စစ်ဆေးခြင်းတွေကို ဒလပြည်သူ့ဆေးရုံ၌ တနင်္လာနေ့မှ သောကြာနေ့အထိလည်းကောင်း၊ ရခိုင်ချောင်တိုက်နယ်ဆေးရုံတွင် အင်္ဂါနေ့နှင့် ကြာသပတေးနေ့တို့တွင်လည်း ကောင်း၊ ပျော်ဘွယ်ကြီးတိုက်နယ်ဆေးရုံတွင် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် စစ်ဆေးနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်ထိ ဒလမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာစုစုပေါင်း ၈၃ ဦးအထိ ရှိနေပြီး အဆိုပါ ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ၁၃ ဦး၊ ရခိုင်ချောင်တိုက်နယ်ဆေးရုံတွင် ၁၀ ဦး၊ သပြေကုန်းကျေးရွာရှိ အနာဂါမ် ဆရာသက်ကြီးတန်ဆောင်တွင် ၂၉ ဦးတို့အား အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိနေတာပါ။
ဒါ့အပြင် ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူမှာလည်း ၂၄ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ဒလမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရပါတယ်။
ဓါတ်ပုံ - ဒလမြို့နယ်-ကိုဗစ်-၁၉ သတင်းပြန်ကြားရေးကော်မတီ
ymg/kg
#Yangon_Media_Group
#LocalNews
Published - 17 Feb 2022
ပြည်တွင်းမှာ ကိုဗစ်ရောဂါပိုးကြောင့် ဇန်နဝါရီလ ၂၃ ရက်အထိ သေဆုံးသူ ၁၉,၃၁၀ ဦး သေဆုံးခဲ့ပေမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ သေဆုံးမှုတွေမရှိခဲ့ဘဲ နောက်ပိုင်းမှာ သေဆုံးသူတွေ ပြန်လည်ရှိလာပါတယ်။
အခုဆိုရင် ၃ ရက်ဆက်တိုက် သေဆုံးမှုတွေ ပြန်လည်ဖြစ်ပေါ်လာပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့က ၁ ဦး ၁၅ ရက်နေ့က ၃ ဦးနဲ့ ၁၆ ရက်နေ့က ၄ ဦး ထပ်မံသေဆုံးခဲ့ကာ စုစုပေါင်း သေဆုံးသူ ၁၉,၃၁၈ ဦး သေဆုံးလျက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။
ဒါ့အပြင် ကိုဗစ်အတည်ပြုလူနာသစ်တွေလည်း နေ့စဉ်တိုးမြင့်လာပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့နဲ့ ၁၅ ရက်နေ့ နှစ်ရက်ဆက်တိုက် တစ်နေ့ကို လူဦးရေ နှစ်ထောင်ကျော်နှုန်းနဲ့တွေ့ရှိခဲ့ပြီး လွန်ခဲ့တဲ့ တစ်ပတ်တိတိမှာလည်း တစ်နေ့ကို လူဦးရေ တစ်ထောင်ကျော်နှုန်းနဲ့ လူနာသစ်တွေ့ရှိမှုတွေ တိုးမြင့်လာတာဖြစ်ပါတယ်။
အခုလက်ရှိ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာလည်း မူလ ၁ ရာခိုင်နှုန်းကနေ ၈ ဒသမ ၉၈ ရာခိုင်နှုန်းအထိ မြင့်တက်လာတာတွေ့ရပါတယ်။ ဒါ့အပြင် ပြည်တွင်းကိုဗစ်ရောဂါပိုး ကူးစက်ခံသူ ၅၅၃,၅၆၄ ဦးအထိ ရှိနေပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ပြည့်ထိုးနှံပြီးသူနဲ့ အကြိမ်ပြည့်ထိုးနှံပြီးသူ လူဦးရေ စုစုပေါင်း ၂၃ ဒသမ ၁၅ သန်း ရှိနေပြီလို့ သိရပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published - 17 Feb 2022
မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့် စပိန်နိုင်ငံကလည်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် - ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတ ဦးဆောင်သောအဖွဲ့သည် မြတ်ဗုဒ္ဓဘာသာအတွက် ဥရောပမှာ Holy Land -Holy City ဟု သတ်မှတ်ထားသော စပိန်နိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်မှာ ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်ကြီးတည်ဆောက်ရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး
စပိန်နိုင်ငံ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့စဥ်မှာ ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်တည်ဆောက်ခွင့်နှင့် အဆိုပါ
သဘောတူညီမှုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ယင်းတွေ့ဆုံဆွေးနွေးမှုကို ယမန်နေ့( ဖေဖော်ဝါရီ ၁၆)ရက်က စပိန်နိုင်ငံရှိ ကပ်ဆီးရပ်မြို့တော်ဝန်ရုံး၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါတွေ့ဆုံမှုတွင် မြန်မာ-နယ်သာလန်ကိုယ်စားပြု ဗုဒ္ဓဘာသာအဖွဲ့ ဦးဆောင်ဆရာတော်ဒေါက်တာအရှင်သောဘိတ-(IBEC) ဆရာတော်နှင့်အဖွဲ့အား စပိန်နိုင်ငံ၌တည်ဆောက်မည့် Lumbini Garden Project ဥက္ကဋ္ဌ H.E. Jose Manual Vilanova နှင့် ဒါရိုက်တာအဖွဲ့က ရှေးဦးစွာတွေ့ဆုံ၍ ထိုဆွေးနွေးပွဲကို ဒေသစံတော်ချိန် နံနက်(၉)နာရီခွဲမှ (၁၁)နာရီအထိလည်းကောင်း၊ ဆက်လက်ပြီး နေ့လည်(၁၂)နာရီအချိန်တွင် စပိန်နိုင်ငံ Caceres patrimonio De La Humniddad , UNESCO မြို့တော်ဝန် His Excellency Luis Salaya က IBEC ဆရာတော်နှင့်အဖွဲ့အား မြို့တော်ဝန်ရုံးမှာ လက်ခံတွေ့ဆုံကာ ဆွေးနွေးခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ The Second Birth Place of Lord Buddha Garden Project in Spain စီမံကိန်းသည် အထူးစိတ်ဝင်စားစရာကောင်းသလို မြို့တော်ဝန် His Excellency Luis Salaya နှင့် Lumbini Garden Project အဖွဲ့တို့သည် IBEC ဆရာတော်နှင့်သာသနာပြုအဖွဲ့အား ယဉ်ကျေးမူမြို့တော်အကြောင်းရှင်းပြကာ အပြန်အလှန်မိတ်ဆက်ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် -ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတသည် ဥရောပနိုင်ငံများသို့ ငြိမ်းချမ်ရေးခရီးစဥ်အဖြစ် ကြွချီနေတာလည်း ဖြစ်ပါတယ်။
IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်ဟာ (၁)လကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။
IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်အတွင်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံဒေသတွင်းနှင့် ဥရောပသမဂ္ဂအတွင်း အပြုသဘောဆောင်မူပြရုပ်များကိုဆောင်ရွက်ကြရန် ငြိမ်းချမ်းရေးသတင်းစကားများ ပြောကြားမှာဖြစ်တယ်လို့လည်း International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့) က သတင်းထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ - International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့)
ymg/kg
#Yangon_Media_Group
#LocalNews
Published _17 Feb 2022
ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် နယ်စပ်ကို ဖြတ်သန်ပြီး တရုတ်နိုင်ငံတောင်ပိုင်းနဲ့ အနောက်ပိုင်းပြည်နယ်တွေဆီကို နိုင်ငံတကာကကုန်ပစ္စည်းတွေ ဆက်လက်ဖြန့်ဖြူးနိုင်ရေးအတွက် ကုန်သွယ်ရေးလမ်းကြောင်းအသစ်ဖောက်လုပ်ဖို့ ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်ကပြုလုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးနဲ့ တောင်အာရှအနာဂတ်ရင်းနှီးမြှုပ်နှံမှုအုပ်စု (SAFIG) တို့တွေ့ဆုံမှုအတွင်း အဆိုပါအကြောင်းအရာကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးရာတွင် ရေထွက်ပစ္စည်း၊ အိမ်ခြံမြေ၊ မြို့ပြအခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး၊ အွန်လိုင်းမှတစ်ဆင့် မြန်မာ့ထွက်ကုန်များ ရောင်းချရေးနဲ့ ကျောက် မျက်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သွားဖို့လည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ကုန်သွယ်ရေးလမ်းကြောင်းအသစ်ဖောက်လုပ်ဖို့ဆွေးနွေးခဲ့တဲ့ South Asia Future Investment Group (SAFIG) အနေနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွင်းရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်မယ့်ကဏ္ဍ၊ ခရီးသွားလုပ်ငန်းတိုးတက်လာဖို့ အကောင်အထည်ဖော်မယ့်လုပ်ငန်းတွေလည်း ပူးပေါင်းဆောင်ရွက်ဖို့ရှိနေကြောင်း သိရပါတယ်။
ymg_mnn
#yangon_media_group
#LocalNews
Published -17 Feb 2022
လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေသောအခြေအနေကို သက်ဆိုင်ရာ အင်အားစုများအနေနဲ့ စိတ်ရှည်သည်းခံမှု၊ အကြမ်းဖက်မှုများ၊ မဖြစ်ပေါ်လာရေး ညင်သာစွာ ကိုင်တွယ်ဆောင်ရွက်ပေးကြဖို့ မွန်ညီညွတ်ရေးပါတီမှ တိုက်တွန်း လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာကျရောက်တဲ့(၇၅)ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ အခမ်းအနားကိုပေးပို့သော မွန်ညီညွတ်ရေးပါတီရဲ့ သဝဏ်လွှာ ထည့်သွင်းရေးသားတိုက်တွန်းလိုက်တာဖြစ်ပါတယ်။
အဆိုပါသဝဏ်လွှာတွင် လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသောအခြေအနေကို သက်ဆိုင်ရာအင်အားစုတွေအနေနဲ့ စိတ်ရှည်သည်းခံမှု၊ အကြမ်းဖက်မှုများ၊ မဖြစ်ပေါ်လာရေး ညင်သာစွာ ကိုင်တွယ်ဆောင်ရွက်ပေးကြဖို့နဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့နည်းလမ်းဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ရှေးရှုလျက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ပြည်တွင်း ငြိမ်းချမ်းရေးကို အလေးထားပြီး ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းထားရေးသားထားပါတယ်။
ဒါ့အပြင်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့တဲ့ အခြေအနေအား ပကတိအရှိတရားအပေါ် ဆင်ခြင်သုံးသပ်ကာ မွန်တစ်မျိုးသားလုံးရဲ့အကျိုးစီးပွားအတွက် သိမ်မွေ့ ညင်သာသော တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကို လျှောက်လှမ်းကာ မွန်လူမျိုးတို့သာမက တိုင်းရင်းသားအားလုံး လိုလားနေသော စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တန်းတူရရှိရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ဆက်လက်ရုန်းကန်ကြိုးစားသွားရမှာဖြစ်တယ်လို့ မွန်ညီညွတ်ရေးပါတီရဲ့ သဝဏ်လွှာတွင်ဖော်ပြရေးသားထားပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published- 17 Feb 2022
ဖေဖေည်ဝါရီလ ၁၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နစက နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက Video conference ဖြင့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအစည်းအဝေးအား ကမ္ဘောဒီးယားအဆင့်မြင့်အရာရှိကြီး H.E. EAT Sophea က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများနဲ့အာဆီယံအတွင်းရေးမှူးချုပ်ရုံးရဲ့ အာဆီယံနိုင်ငံရေးနဲ့ လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးမှာ အာဆီယံအသိုက်အဝန်းထူထောင်ခြင်း၊ အရှေ့တောင်အာရှချစ်ကြည်ရေးနဲ့ ပူးပေါင်ဆောင်ရွက်ရေးစာချုပ်သို့ဝင်ရောက်မယ့် အာဆီယံပြင်ပနိုင်ငံများဆိုင်ရာကိစ္စ၊ အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး၊ (၁၁)ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်းဖိုရမ်နဲ့ (၉)ကြိမ် မြောက်အာဆီယံ ပင်လယ်ရေကြောင်းတိုးချဲ့ဖိုရမ်တွင် ဆုံးဖြတ်ခဲ့သည်များကို ဆက်လက်အကောင်အထည်ဖော်ရေးနဲ့ အာဆီယံနှင့် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ နျူကလီးယားလက်နက်တားမြစ်ရေး အေဂျင်စီတို့အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုချက်တို့နဲ့ပက်သက်ကာ အမြင်ချင်းဖလှယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အစည်းအဝေးတွင် မြန်မာအဆင့်မြင့်အရာရှိကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံရဲ့ ဦးစားပေးလုပ်ငန်းများအပေါ် ထောက်ခံကြိုဆိုကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ၏ အသိုက်အဝန်းထူထောင်ခြင်းအပါအဝင် အဆီယံ၏ ပြင်ပဆက်ဆံရေး တိုးမြှင့်မှုဆိုင်ရာလုပ်ငန်းများ၌ အာဆီယံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ထို့အပြင် အမြဲတမ်းအတွင်းဝန်က အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံကိစ္စ ဆွေးနွေးရာမှာ အာဆီယံရဲ့ ပဋိဉာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များ၊အခြေခံမူများနှင့်အညီ ဆောင်ရွက်ရန်ကိစ္စ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနဲ့မြန်မာနိုင်ငံရဲ့ရပ်တည်ချက် သဘောထားများကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#Local_News
Published_17 Feb 2022
မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ ထုတ်လုပ်အသုံးပြုခြင်းများနှင့် သက်ဆိုင်သည့် ဗဟုသုတများကို လေ့လာနိုင်မည့် မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair 2022) ကို ဖေဖော်ဝါရီလ တတိယပတ်အတွင်း နေပြည်တော်ရှိ ပျဉ်းမနား စိုက်ပျိုးရေး သိပ္ပံကျောင်းဝန်းအတွင်း၌ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍတွင် မျိုးကောင်းမျိုးသန့် မျိုးစေ့များ အသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုမြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများရှိ သုတေသနခြံများ၊ မျိုးသန့်မျိုးပွားခြံများမှ ထုတ်လုပ်ထားသော ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံ မျိုးစေ့ပျိုးပင်ပြခန်း ပြကွက်များ နှင့် စိုက်ခင်းများ၊ ပုဂ္ဂလိကပြခန်းများ ခင်းကျင်းပြသထားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြပွဲရက်များအတွင်း စကားဝိုင်းဆွေးနွေးပွဲများကိုလည်း ထည့်သွင်းစီစဉ်ပေးသွားမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ လာရောက်လေ့လာကြမည့် လယ်ယာကဏ္ဍကို စိတ်ဝင်စားသူများအနေဖြင့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်အသုံးပြုခြင်းများနှင့်သက်ဆိုင်သည့် ဗဟုသုတများကို စုံလင်စွာလေ့လာနိုင်မှာဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1809 of 1837