#LocalNews
Published - 22 June 2022
ပြည်တွင်း စက်သုံးဆီဈေးနှုန်း တစ်လီတာလျှင် ကျပ် ၁၀၀ ကျော် ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီဆိုင်များ၏ ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။
ယမန်နေ့တွင် စက်သုံးဆီအရောင်းဆိုင်များ၏ ထုတ်ပြန်ထားသည့် ဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၂၁၄၅ ကျပ် ၊ ၉၅ တစ်လီတာလျှင် ၂၂၅၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၅၉၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၆၂၀ ကျပ် ရှိခဲ့ပြီး ယနေ့ စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၂၂၇၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၃၇၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၆၉၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၇၂၀ ကျပ် အထိ မြင့်တက်လာကြောင်း ဈေးနှုန်းများအရ သိရသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
"ကားဆီဖြည့်ရတာ အခက်အခဲအများကြီးရှိပါတယ်။ ဆီကရချင်တဲ့ဆိုင်က ရတယ်။ မရချင်တဲ့ဆိုင်ကမရဘူး။ ပြီတော့ တန်းစီရတယ်။ အချိန်ကြာတယ်။ ငွေကုန်တယ်။ ဆီဝယ်ရတာဆက်ပြီးခက်ခဲနေမှာပါ"ဟု ကိုယ်ပိုင်ယာဉ်မောင်းသူ ကိုအောင်အောင်က ပြောသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published - 22 June 2022
အစိုးရဆေးရုံများတွင် ဆရာဝန်အခက်အခဲကြောင့် ဆေးကုသခွင့်မရရှိဘဲ ပုဂ္ဂလိကဆေးရုံသို့ သွားရောက်ကုသရသည့်ဖြစ်စဉ်မျိုးရှိပါက အသိပေးပြောကြားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက YMG ကို ပြောသည်။
"ဒီလိုကိစ္စမျိုးက Case by case သွားတာပဲကောင်းပါတယ်။ ဒါမျိုးဖြစ်စဉ်တွေရှိခဲ့ဖူးရင် သိချင်ပါတယ်။ ကျွန်တော်တို့ဒီဘက်က ဆရာဝန်အင်အားနည်းတာမှန်ပေမဲ့ အတတ်နိုင်ဆုံးကြိုးစားပြီးဆောင်ရွက်နေတယ်။ ကိုဗစ်ကာလတုန်းကတော့ ဒါမျိုးတွေဖြစ်နိုင်ပါတယ်။ ပြီးတော့ အရေးကြီးလူနာကို ဦးစားပေးရတာပေါ့။ ဒီလူနာကဆေးရုံလာတယ် ချက်ခြင်းခွဲစိတ်ဖို့လိုတယ်ဆိုရင် လုပ်ပေးတယ်။ ပြီးတော့ လူနာအပေါ်လည်းမူတည်တယ်။ သူကစောင့်နိုင်လား၊ မစောင့်နိုင်တဲ့ လူနာလားဆိုတာပေါ့။ အမှန်တကယ် ဆေးရုံတွေမှာ ဒါမျိုးဖြစ်စဉ်တွေအမှန်တကယ်ဖြစ်ခဲ့တယ်ဆိုရင် သိချင်ပါတယ်။ ဒါမျိုးကိုကျွန်တော်တို့ ဦးစားပေးကိုင်တွယ်သွားမှာပါ"ဟု ယင်းကပြောသည်။
အစိုးရပြည်သူ့ဆေးရုံကြီးများတွင် နည်းပါးနေသည့်အတွက် လူနာများဆေးကုသခွင့်ရရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း လူနာရှင်အချို့ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းနေထိုင်သည့် မအေးသီတာ(နာမည်လွှဲ) တွင် အူအတက်ရောင်ရောဂါဖြစ်၍ ခွဲစိတ်ရန် မြောက်ဥက္ကလာပ ဆေးရုံသို့ သွားရောက်ခဲ့ရာ ခွဲစိတ်လူနာများနေ၍ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ပြောသည့်အတွက် သူ့အနေဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် ခွဲစိတ်ကုသခဲ့ရကြောင်း YMG ကို ပြောသည်။
"မြောက်ဥက္ကလာဆေးရုံကို ဆေးကုဖို့သွားတယ်။ ခွဲစိတ်ဖိုပေါ့။ အပြင်မှာဆိုရင်ဈေးကြီးတယ် မတတ်နိုင်ဘူး။ ဒါကြောင့် အစိုးရဆေးရုံကို သွားတာပါ။ ဒါပေမဲ့ တစ်လကျော်နှစ်လလောက်စောင့်ရမယ်ဆိုတော့ အဆင်မပြေဘူး။ နောက်ဆုံးပုဂ္ဂလိကဆေးရုံမှာပဲ ခွဲစိတ်လိုက်ရတယ်။ ပိုက်ဆံမတတ်နိုင်တဲ့ အခြေခံလူတန်းစားတွေဆိုရင်ဘယ်လိုလုပ်မလဲ"ဟု မအေးသီတာက ပြောသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published - 22 June 2022
ပရဆေးဥယျာဉ်ရှိပရဆေးပင်မျိုးစိတ်များထိန်းသိမ်းရန်နှင့် တိုင်းရင်းဆေးသမားတော်များ ညီလာခံပြန်လည်ကျင်းပရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက တိုက်တွန်းပြောကြားလိုက်ပါသည်၊၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက "တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ပရဆေးဥယျာဉ် (၉)ခုရှိပြီး အဖိုးတန်ပရဆေးမျိုးစိတ်များ မပျောက်မပျက်အောင် ထိန်းသိမ်းရမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲများ ပြန်လည်ကျင်းပ နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း"ပြောကြားသည်၊၊
ဇွန်လ (၂၀)ရက်ကနေပြည်တော်၌ကျင်းပခဲ့သည့် အစည်းအဝေးတွင် ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်၊၊
ကိုဗစ်ဖြစ်ပွားမှုများကြောင့် မကျင်းပဖြစ်တော့သည့် တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲများကို ပြန်လည်ကျင်းပနိုင်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်၊၊
ဒီ့အပြင် တိုင်းရင်းဆေးလောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းရင်းဆေးတက္ကသိုလ်၏ သင်ရိုးညွှန်တမ်းများအား နိုင်ငံတကာစံချိန်မီအောင် တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်တို့နှင့် ဟန်ချက် ညီညီပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့် အခန်းကဏ္ဍတွင်လည်း အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့မှ ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် တိုင်းရင်းဆေးပညာရပ်ဖြင့် အားတက်သရော ပူးပေါင်းဆောင်ရွက်ခဲ့ကြသဖြင့် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ လူ့စွမ်းအားအရင်း အမြစ် လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် တိုင်းရင်းဆေးပညာဘွဲ့ရများကို ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူလူထု အများစုသည် မြန်မာ့တိုင်းရင်းဆေးကို အားကိုးကြသည့်အတွက် တိုင်းရင်းဆေးခန်းများကို တိုးချဲ့ဖွင့်လှစ်သွားရမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ymg/tthl
#Yangon_Media_Group
#LocalNews
Published _ 22 June 2022
ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ်မိုးရာသီ၌ မိုးစပါးဧကပေါင်း ဆယ့်တစ်သိန်းခြောက်သောင်းလေးထောင့်ငါးရာ စိုက်ပျိုးရန် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။
လက်ရှိတွင် မြို့နယ်အချို့၌ ဧကပေါင်း ၁ သိန်းကျော်ခန့် စိုက်ပျိုးပြီးစီးနေကြောင်း၊ တိုက်ကြီး၊ ခရမ်း၊ ကျောက်တန်းမြို့နယ်များတွင် ပြီးခဲ့တဲ့ မေလမှ စတင်၍ မိုးကြိုအခြောက်ကျဲ စနစ်ဖြင့် စိုက်ပျိုးခဲ့ကြပြီး နောက်ပိုင်းတွင် တွံတေး၊ ကော့မှူး၊ လှည်းကူး၊ မှော်ဘီစသည့် မြို့နယ်တွေမှာ အစိုကျဲစနစ်ဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးကို စက်တင်ဘာလ လယ်တွင် ၉၀ ရာခိုင်နှုန်း ပြီးစီးသည်အထိ စိုက်ပျိုးကြပြီး ကျန်ရှိနေသည့် ၁၀ ရာခိုင် နှုန်းကို နိုဝင်ဘာလကုန်အထိ စိုက်ပျိုးကြကြောင်း သိရသည်။
ယခုနှစ် မိုးစပါးရာသီတွင် စပါးအမျိုးအစားပေါင်း ၃၅မျိုး စိုက်ပျိုးနေပြီး ရွှေဝါထွန်း၊ မနောသုခ၊ ဆင်းသွယ် စသည့် ပြည်ပသို့တင်ပိုရန် အရည်အသွေးမြင့် စပါးမျိုးများနှင့် ပြည်တွင်းစားသုံးရန် ပေါ်ဆန်းမွှေး၊ ဧရာ၊ မှော်ဘီသုံး စသည့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published_22 June 2022
ရန်ကုန်ရှိ နှစ်ပေါင်း ၁၂ဝဝ ကျော်သက်တမ်းရှိ ရှေးဟောင်းဝေသာလီခေတ် ကြေးဆီမီးခွက်ကို ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ယင်း ရှေးဟောင်းကြေးဆီမီးခွက်ကို ကိုင်ဆောင်ထားသည့် အမြင့်ပေ ၉ လက်မရှိသော ရုပ်တုကို အေဒီ ၃ ရာစုနှင့် ၈ ရာစုကြားကာလက သွန်းလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ ရခိုင်သမိုင်းသုတေသီ ကျောက်စာဝန် ဦးစံရွှေဘုက ၁၉၂ဝ ပြည့်နှစ်ခန့်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဝေသာလီကျေးရွာ၏ အရှေ့မြောက်ဘက် ဝေသာလီမြို့ဟောင်းထဲမှ တူးဖော်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးစံရွှေဘုကတွေ့ရှိချိန်မှစ၍ ထိန်းသိမ်းလာခဲ့ပြီးနောက် ဦးစံရွှေဘု၏မြေးဖြစ်သူ ဒေါ်ခင်အေးဇံတိုမိသားစုက ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်၌ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့ထံ စာချုပ်စာတမ်းနှင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ယင်းနောက် ဇွန်လ ၂၁ ရက်တွင် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ မိသားစုဝင်များကိုယ်စား ဦးတင်အောင်စိုး(ယဉ်ကျေးမှုဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး(ငြိမ်း)က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအာင်ကျော်မင်းထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇော်အေးမောင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယခုအခါ အဆိုပါကြေးဆီမီးခွက်ကို အများပြည်သူလာရောက်လေ့လာနိုင်ရန်ရည်ရွယ်၍ စစ်တွေမြိုရှိ ယဉ်ကျေးမှုပြတိုက်တွင် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း မြောက်ဦးရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းက YMG ကို ပြောသည်။
"ဇွန်လ ၂၀ ရက်နေ့က စစ်တွေကို လေယာဉ်နဲ့သယ်ယူခဲ့တယ်။ ဇွန်လ ၂၁ ရက်နေ့မှာ အခမ်းအနားနဲ့ အပ်နှံခဲ့တယ်။ ဒါက ဝေသာလီခေတ် ဆီမီးခွက်ဖြစ်တာကြောင့် ရခိုင့်အမွေအနှစ်ကို ရခိုင်မှာပြန်ပြီး ပြတိုက်မှာထားတယ်ဆိုတာ ကောင်းတယ်လေ။ Primary Resource ပျောက်ပျက်လို့မရတဲ့ ပစ္စည်းတွေဆိုတော့ ပြတိုက်မှာ တရားဝင်ထိန်းသိမ်းထားတာက အကောင်းဆုံးပါပဲ"ဟု ယင်းကပြောသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_22 June 2022
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင်ဖမ်းမိသော ကာလတန်ဖိုး ငွေကျပ် ၄ ဒသမ ၂၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၂ သိန်းကျော်၏ ပိုင်ရှင်မှာမောင်တောမြို့မရဲစခန်း၌ ဖမ်းဆီးခံနေရသူဖြစ်ကြောင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက် ည ၁၀ နာရီခွဲအချိန် မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာ၊ အမှတ်(၁) ရပ်ကွက်ရှိ အောင်မင်းဆိုသူ၏နေအိမ်ကို သတင်းအရရှာဖွေရာ ခြံစောင့် ခင်မောင်ထွန်းနှင့် ကိုကိုနိုင်တို့ နှစ်ဦးနှင့်အတူ နေအိမ်မှသနပ်ခါးဘူးများ၊ ဇီးသီးထုပ်များနှင့် အုန်းသီးခြောက်များအတွင်းထည့်သွင်း သိုဝှက်ထားသည့် အဆိုပါ မူးယစ်ဆေးများကို ဖမ်းဆီမိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် အောင်မင်းမှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မကညင်တန်းကျေးရွာ၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၇၇၅၀ ပြား ဖမ်းဆီးရမိမှုမှ ကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်၍ ၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်တွင် မောင်တောမြို့မရဲစခန်း၌ ဖမ်းဆီးခံနေရသူဖြစ်ကြောင်း၊ ၎င်းတိုအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 22 June 2022
ရေချို၊ ရေငံ ငါး သယံဇာတများ ကြွယ်ဝစွာတည်ရှိသည့် မြန်မာနိုင်ငံတွင် ပင်လယ်ငါးထုတ်လုပ်မှုအပါအဝင် ရေချိုငါးထုတ်လုပ်မှုများနှင့် ငါးဖမ်းဆီးရရှိမှုများ တစ်နှစ်ထက် တစ်နှစ်သိသိသာသာ လျော့နည်းလာကြောင်း သိရသည်။
မြန်မာ့ရေပိုက်နက်အတွင်း ငါးသယံဇာတတည်ရှိမှု အခြေအနေနှင့်စပ်လျဉ်း၍ နော်ဝေသုတေသန ရလဒ်များအရ မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတများ သိသိသာသာလျော့နည်းလာပြီး ၂၀၁၈ ခုနှစ်က ရေပေါ်ငါးထုထည်ပမာဏမှာ လွန်ခဲ့သည့် ၁၉၇၉ ခုနှစ်၊ ၁၉၈၀ ပြည့်နှစ်များနှင့် နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားကြောင်း စိုက်ပျိုးရေးမွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် မြစ်၊ ချောင်း၊ အင်းအိုင်များ ပေါများသောကြောင့် ငါးသယံဇာတများ ကြွယ်ဝသော နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ငါးနှင့်သယံဇာတများပိုင်ဆိုင်မှု အဆင့် ၄ တွင်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
ရေချိုငါးလုပ်ငန်းမှာ နိုင်ငံတော်၏ စီးပွားရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလတ်ဒေသ အသက်မွေးဝမ်းကျောင်းအတွက် အဓိကအရင်းအမြစ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ ရေချိုငါးဖမ်းလုပ်ငန်းရဲ့ ထုတ်လုပ်မှုအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများတွင် အမြင့်ဆုံးဖြစ်ပြီး ပြည်တွင်းငါးထုတ်လုပ်မှု၏ ၂၈ရာခိုင်နှုန်းခန့်ရှိကြောင်း ဌာန၏ စစ်တမ်းများအရသိရသည်။
ယင်းလုပ်ငန်း၏ ထုတ်လုပ်မှုသည် ၂၀၁၅ ခုနှစ်တွင် တန်ချိန် ၁ ဒသမ ၅သန်းအထိ ရှိခဲ့ပြီး လူဦးရေ ၁၅သန်းအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေကြောင်း၊ ပြည်တွင်းငါးအစိုစားသုံးမှု ၂၇ ရာခိုင်နှုန်းကိုလည်း ထောက်ပံ့ပေးနေကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
Page 1604 of 1874