#Local_News
Published_ 25 Aug 2022
တရုတ်နိုင်ငံ စီးပွား/ကူးသန်းဝန်ကြီးဌာနမှ ကြီးမှူးကျင်းပ၍ Yuan Longping High-tech Agriculture Co., Ltd မှ တာဝန်ခံကျင်းပတဲ့ မြန်မာနိုင်ငံစပ်မျိုးစပါး မျိုးစေ့ထုတ်လုပ်ရေးနည်းပညာလေ့ကျင့်ရေးသင်တန်းကို သြဂုတ်လ ၂၄ ရက်နေ့တွင် Online မှဖွင့်လှစ်ခဲ့ပါတယ်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu ၊ ဟူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊ Yuan Longping High-tech International Training Institute မှ ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံစိုက်ပျိုးရေးဌာနမှ သင်တန်းသား သင်တန်းသူပေါင်း အယောက် ၄၀ တို တက်ရောက်ခဲ့ကြပါတယ်။
ယခုအကြိမ်လေ့ကျင့်ရေးသင်တန်းကာလမှာ ၃၅ ရက်ဖြစ်ပြီး စပ်မျိုးစပါးမျိုးစေ့ ပျိုးထောင်ရေးနည်းပညာ၊ မျိုးစေ့ထုတ်လုပ်ရေးနည်းပညာ၊ အထွက်နှုန်းမြင့်မားသော စိုက်ပျိုးရေးနည်းပညာစသည့် သင်ခန်းစာများ ပါဝင်မှာ ဖြစ်ပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published _ 25 August 2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ထားသည့် ပြည်သူ့အငှားအိမ်ရာ တိုက်ခန်းများကို နေရေးအခက်အခဲရှိသော ကန့်ဘလူမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း နေထိုင်သူများအား ရောင်းချပေးမည်ဟု အဆိုပါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ပြည်သူများနေထိုင်ရေး အဆင်ပြေစေရေးအတွက် ကန့်ဘလူမြို့နယ်၊ မြို့ရှောင်လမ်း (တက္ကသိုလ်လမ်းမကြီး) အနောက်ဘက်ရှိ ပြည်သူ့အငှားအိမ်ရာ ၁၂ ခန်းတွဲ ၄ ထပ် အခန်းပေါင်း ၄၈ ခန်းကို ဝင်ငွေနည်းပြည်သူများ၊ လုပ်သက် ၂၅ နှစ်အထက် အခြေချနိုင်ငံ့ဝန်ထမ်းများ၊ အခြေချအငြိမ်းစားဝန်ထမ်းများသာ အဆိုပါတိုက်ခန်းများ လျှောက်ထားနိုင်ပြီး လျှောက်ထားသူသည် ကန့်ဘလူမြို့စည်ပင်သာယာနယ်နိမိတ်အတွင်း နေထိုင်သူဖြစ်ကာ အိမ်ထောင်စုစာရင်းပုံစံ ၆၆/၆ တွင် ပါဝင်သူဖြစ်ရမည်ဟု သိရသည်။
လျှောက်လွှာများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဦးစီးအရာရှိ(မြို့ပြ)ရုံး လမ်းဦးစီးဌာနတိုတွင် ထုတ်ယူနိုင်ပြီး စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အထိ လျှောက်လွှာများ တင်သွင်းနိုင်ကာ လျှောက်ထားသူများသည် သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း သိရသည်။
အမှန်တကယ် နေရေးအခက်အခဲရှိသူများကိုသာ ဦးစားပေးချထားပေးမည်ဖြစ်ပြီး လိမ်လည်လျှောက်ထားခြင်း၊ အမှန်တကယ်နေထိုင်ခြင်း မရှိပါက လျှောက်ထားသူစာရင်းမှ ပယ်ဖျက်သွားမည်ဟု သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_25 August 2022
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် အမှတ်(၂၀၂) ၊ ဗဟိုလမ်းမကြီး ၊ ချောင်းတံတားမျက်နှာချင်းဆိုင် ၊ Aya Bank မျက်စောင်းထိုး ရှိ TT Diamond, Jewellery & Gold Smith Ko Te Te ဆိုင်၌ ယနေ့ မွန်းလွဲပိုင်းက ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ဓားပြတွေက ဓားပြတိုက်ပြီးတော့ ဗုံးထောင်သွားတယ်လို့ သိရတယ်၊ဘယ်လောက် ပါသွားတယ်ဆိုတာတော့ မသိရပါဘူး။ အဲဒီဆိုင်မှာ မှန်ကွဲတွေရော သွေးတွေရော တွေ့တယ်"ဟု မျက်မြင်တစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါနေရာ၌ ရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်နေကြကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published-25 August 2022
သီလဝါအထူးစီးပွားရေးဇုန်၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ ဒေါ်လာသန်း ၁၀၀ ခန့်တန်ဖိုးရှိ စီးပွားရေးလုပ်ငန်းများတိုးလာခဲ့ကြောင်း သီလဝါအထူးစီးပွားရေးဇုန်ကော်မတီ၏ ပြောပြချက်အရ သိရသည်။
လက်ရှိအချိန်ထိ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ စီးပွားရေးလုပ်ငန်းပေါင်း ၁၁၆ ခုရှိပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၈ ဘီလျံတန်ဖိုးရှိကြောင်းသိရသည်။ အဆိုပါ အထူးစီးပွားရေးဇုန်တွင် ဘိလပ်မြေထုတ်လုပ်မှုနှင့် ဆေးဝါးကဏ္ဍတို့တွင် လုပ်ငန်းတိုးချဲ့မှုရှိလာခဲ့ကြောင်းသိရသည်။
Covid-19 ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် သီလဝါအထူးစီးပွားရေးဇုန်လည်ပတ်မှုကို ခေတ္တရပ်နားထားပြီး လက်ရှိတွင် လုပ်ငန်းများပုံမှန်အတိုင်းလည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အထူးစီးပွားရေးဇုန်၌ မြန်မာလုပ်သားများအတွက် အလုပ်အကိုင် ၁၅၀၀၀ ခန့်ဖန်တီးပေးထားကြောင်းသိရသည်။
သီလဝါအထူးစီးပွားရေးဇုန်သို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများဝင်ရောက်မှုများအနက် ဂျပန်နိုင်ငံမှ အများဆုံးရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူ၊ ထိုင်း၊ ကိုရီးယား၊ ဟောင်ကောင် နိုင်ငံတို့မှလည်း ရင်းနှီးမြှုပ်နှံမှုများကာ ကဏ္ဍအသီးသီး၌ ရင်းနှီးမြှုပ်နှံထားသူများအနက် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံးဝင်ရောက်ထားကြောင်း သိရသည်။
Ymg/STH
#Yangon_Media_Group
#Local_News
Published_25 August 2022
စွန့်ပစ်အမှိုက်မှ လျှပ်စစ်ထုတ်တဲ့ စီမံကိန်းတစ်ခုကို ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ မဲခုံကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၂၀ -ခ) ကွင်းသစ်ကွင်းအတွင်းရှိ မြေဧရိယာ ၁၂ ဒသမ ၃ ဧကပေါ်တွင် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းအတွက် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက ကုမ္ပဏီလုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားပြီး စိတ်ပါဝင်စားသည့်လုပ်ငန်းရှင်များအနေဖြင့် ပဲခူးမြို့လျှပ်စစ်အင်ဂျင်နီယာရုံးသို့ သွားရောက် စုံစမ်းနိုင်ကြောင်း၊ လျှောက်လွှာတစ်စောင်လျှင် ငါးသောင်းကျပ်ဖြင့် ဩဂုတ်လ ၂၉ ရက်မှ စတင်ရောင်းချပေးမည် ဖြစ်ပြီး အဆိုပြုလွှာ နောက်ဆုံးတင်သွင်းရက်ကို စက်တင်ဘာ ၉ ရက် အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ စွန့်ပစ်အမှိုက်မှ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး စီမံကိန်း (Waste to Energy Project) အတွက်ပဲခူးတိုင်းဒေသကြီးအစိုးရအနေဖြင့် မဖိတ်ခေါ်မီကပင် စိတ်ဝင်စားသည့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုရှိခဲ့ပြီး ယင်းကုမ္ပဏီအနေဖြင့် စီမံကိန်းအဆိုပြုလွှာ ရေးဆွဲတင်ပြထားသောကြောင့်စိတ်ဝင်စားသူများအား Swiss Challenge စနစ်ဖြင့် အဆိုပြုလွှာခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် မေလ ၂၂ ရက်က ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့တွင် ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်းတင်သွင်းသည့် စွန့်ပစ်ပစ္စည်းအမှိုက်များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းပပျောက်စေရန် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြို့ကြီးများတွင် ရန်ကုန်၌ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းတည်ဆောက်ခဲ့သည့် နေ့စဉ်အမှိုက်တန် (၆၀)ကို မီးရှိ၍ လျှပ်စစ်ဓာတ်အား ၇၆၀ KW ထုတ်လုပ်သည့်စက်ရုံ (Waste to Energy Plant) နှင့် အမှိုက် မီးရှိစက် (Furnace) ကဲ့သို့စက်ရုံများကို ပိုမိုတိုးမြှင့် တည်ဆောက်ရန်နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသေးသည်။
ယင်းသို့ဆွေးနွေးစဉ် တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက နိုင်ငံ၏ အမှိုက်သိမ်းစနစ်ကို ယခုထက်ပိုပြီး စနစ်တကျဖြစ်စေရေး ပြုပြင်ပြောင်းလဲရန်၊ အမှိုက်ခွန်ကောက်ခံခြင်းစနစ်ကို ရဲ့ရဲ့ဝံ့ဝံ့ ပြောင်းလဲသင့်ကြောင်းနှင့် နိုင်ငံအခြေအနေနှင့် ကိုက်ညီသော Waste to Energy Plan များကို ဖော်ဆောင်သင့်ကြောင်း ထောက်ခံအကြုံပြုဆွေးနွေးခဲ့ကြောင်း လွှတ်တော်မှတ်တမ်းများတွင် ဖော်ပြထားသည်။
ယင်းအဆိုအပေါ် နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် စွန့်ပစ်အမှိုက်များမှ စွမ်းအင်ထုတ်လုပ်သည့် စက်ရုံ (Waste to Energy Plant) နှင့် အမှိုက်မီးရှိစက် (Furnaces) ထိုကဲ့သို့သော စက်ရုံများကို တည်ထောင်နိုင်ရန်အတွက် လုံလောက်သော အမှိုက်ထွက်ရှိမှု မရှိသေးသကဲ့သို ဘဏ္ဍာငွေသုံးစွဲရန်အခက်အခဲများကြောင့် လတ်တလောဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြောကြားခဲ့ဖူးသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_25 August 2022
ရန်ကုန်စတော့အိပ်ချိန်း (Yangon Stock Exchange – YSX ) စာရင်းဝင် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ(၇)ခု၏ ရှယ်ယာများကို ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (၆)ခုမှတစ်ဆင့် ရောင်းဝယ် လျက်ရှိကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က သိရသည်။
အဆိုပါ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများတွင် စာရင်းဖွင့်လှစ်ထားသူဦးရေမှာ (၄၄,၈၀၉) ဦးရှိကာ တစ်နှစ်တိုးတက်မှုနှုန်း ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်းနှင့် စာရင်းဝင်ကုမ္ပဏီ (၇)ခု၏ ဇူလိုင်လကုန်ရှိ ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ငွေကျပ် (၅၈၁ ဒသအ ၅၁၅) ဘီလီယံရှိကြောင်း လည်း သိရသည်။
ရန်ကုန်စတော့အိပ်ချိန်း (Yangon Stock Exchange – YSX ) ကို ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စတော့အိပ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီများတိုးတက်လာစေရေး၊ အရည်အသွေးကောင်းမွန်ပြီး ခိုင်မာသည့် အများပိုင်ကုမ္ပဏီများဖြစ်ရေး လိုအပ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် အများပိုင်ကုမ္ပဏီအဖြစ် လုပ်ကိုင်ကြသူ နည်းပါးသဖြင့် စာရင်းဝင် အများပိုင်ကုမ္ပဏီများဖြစ်လာစေရေးအတွက် စတော့အိပ်ချိန်းအနေဖြင့် အများပိုင်ကုမ္ပဏီများကို စာရင်းဝင်ကုမ္ပဏီ အဖြစ်လက်ခံ၍ ယင်းတို့၏ ရှယ်ယာများကို လက်ခံရောင်းဝယ်ပေးခြင်းဖြစ်သောကြောင့် လုပ်ငန်းရှင်များအနေဖြင့် ဘဏ်ချေးငွေအပေါ်တွင်သာ မှီခိုနေခြင်းမပြုဘဲ အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်ကာ စာရင်းဝင်ကုမ္ပဏီများ တိုးပွားလာစေရန် ကော်မရှင်အနေဖြင့် ဆောင်ရွက်သွားရန်ရှိကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 25 August 2022
အဆိုပါလစာခေါင်းစဉ်မှ ဝင်ငွေရရှိသူပြည်ပနိုင်ငံသားများအနေဖြင့် ယင်းငွေအားပြည်တွင်းသို့ လွှဲပြောင်း၍ ပြည်တွင်း၌ မော်တော်ယာဉ်များဝယ်ယူခြင်းနှင့် အခြေပစ္စည်းများဝယ်ယူခြင်း၊ တည်ဆောက်ခြင်းနှင့်ရင်းနှီးမြှုပ်နှံခြင်းတို့ဆောင်ရွက်ရာတွင် အသုံးပြုသည့်ဝင်ငွေအပေါ် တည်ဆဲဝင်ငွေခွန်ဥပဒေအရ ဝင်ငွေရလမ်းစိစစ်ခြင်း လုပ်ငန်းစဉ်များကို စိစစ်ဆောင်ရွက်ရကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ကြေညာထားသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ငွေလွှဲပို့ရာ၌ တရားဝင်ငွေလွှဲခွင့် လိုင်စင်ရဘဏ် (သို့) ငွေရေးကြေးရေးအဖွဲ့အစည်းများမှ တစ်ဆင့်လွှဲပြောင်းကြရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ပြည်ပတွင်ရောက်ရှိအလုပ်လုပ်ကိုင်နေသူများ အနေဖြင့် နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာငွေများနှင့်ပတ်သက်၍ အခွန်ဆိုင်ရာအကျိုးခံစားခွင့်များ ရရှိနိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားခြင်းဖြစ်သည်။
အဆိုပါ လစာငွေများသည် ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့် ရရှိသော လစာခေါင်းစဉ်မှဝင်ငွေသည် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းလစာငွေအား ပြည်တွင်းသို့လွှဲပြောင်း၍ ပြည်တွင်း၌ ကားဝယ်ယူခြင်း၊ အခြေခံပစ္စည်းများဝယ်ယူခြင်း၊ တည်ဆောက်ခြင်းနှင့်ရင်းနှီးမြှုပ်နှံခြင်းများပြုလုပ်ရာ၌ အသုံးပြုသည့်ဝင်ငွေအပေါ် တည်ဆဲဝင်ငွေခွန်ဥပဒေအရ ဝင်ငွေရလမ်းစိစစ်ခြင်းလုပ်ငန်းစဉ်များအား စိစစ်ဆောင်ရွက်ရကြောင်း၊ ယင်းသို့ စိစစ်ရာ၌ ပြည်ပနေနိုင်ငံသား၏ ပြည်တွင်းသို့လွှဲပြောင်းငွေသည် တရားဝင်ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့်ဘဏ်(သို့)ငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့မှသာ တည်ဆဲအခွန်ဥပဒေနှင့်အညီ အခွန်ဆိုင်ရာအကျိုးခံ စားခွင့်များအား ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ပြည်ပနေနိုင်ငံသားများအနေဖြင့် အခွန်ကင်းလွတ်ခွင့်ရှိသည့် လစာငွေဖြင့် အခြေခံပစ္စည်းများဝယ်ယူရာတွင် အခွန်ဆိုင်ရာအကျိုးခံစားခွင့်များ ပြည့်ပြည့်ဝဝရရှိနိုင်ရန် ငွေလွှဲပို့ရာ၌ တရားဝင်ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့်ဘဏ် (သို့) ငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့ကြရန် တိုက်တွန်းထားသည်။
ymg/sth
#Yangon_Media_Group
Page 1601 of 2021