#Local_News
Published_ 11 April 2023

 

တိုင်းတရားလွှတ်တော် ဒုညွှန်မှူး နှင့် အိမ်အကူ ကို သတ်ကာ နေအိမ်ကိုပါ မီးရှို့သွားမှု မန္တလေးတွင် ယနေ့ ဧပြီလ ၁၁ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

 

အဆိုပါ တိုင်းတရားလွှတ်တော် ဒုညွှန်မှူးမှာ အသက် ၅၀ အရွယ် ဒေါ်လေးကြည်ဖြစ်ပြီး မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ အကွက်(၈၉၆)၊ ၃၁ လမ်း၊ ၆၅လမ်း နှင့် ၆၆လမ်းကြားက RCသုံးထပ်နေအိမ်တွင် လည်းပင်းဓားစိုက်ဒဏ်ရာ၊ လက်ဝဲဘက်ပါးပြတ်ရှဒဏ်ရာ ၃ ချက်၊ လင်ဝဲနဖူးပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့်လည်းကောင်း၊ ယင်း၏နေအိမ်ဒုတိယထပ်က ခေါင်မိုးပေါ်တက်လှေကားခြေရင်းတွင် အိမ်အကူ အသက် ၃၈ နှစ်အရွယ် မအေးသန္တာမှာ ပြင်ပဒဏ်ရာမရှိဘဲ လဲကျသေဆုံးနေကြောင်း သိရသည်။

 

ယင်းအပြင် ၎င်း၏ နေအိမ်ကို မီးရှို့ခဲ့သောကြောင့် အိမ်တွင်း ပစ္စည်းများ မီးလောင် ပျက်စီးခဲ့ကြောင်း၊အဆိုပါ တိုင်းတရားလွှတ်တော် ဒုညွှန်မှူး မှာ နေအိမ်၌ ကျန်းမာရေးခွင့်ဖြင့်နေထိုင်စဉ် အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt #Local_News #တိုင်းတရားလွှတ်တော် #နေအိမ်ကိုမီးရှို့ #မန္တလေး
#YMG#Yangon_Media_Group