#LocalNews
Published - 29 June 2022
ထိုင်းနိုင်ငံနယ်စပ်ဒေသများတွင် ရောက်ရှိနေကြသော CDM ပြုလုပ်ထားကြသူများနှင့်လူငယ်များအနေဖြင့် ပြည်တွင်းသို့ အလွယ်တကူပြန်လည်ဝင်ရောက်လာနိုင်စေရန် ထိုင်းတပ်မတော်က ကူညီပေးသွားမည်ဖြစ်ကြောင်း(၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး မှတ်တမ်းများအရ သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများတည်ရှိရာ နယ်မြေဒေသများသို့ CDM ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများ၊ လူငယ်လူရွယ်များအနေဖြင့်ရောက်ရှိသွားခဲ့ကြပြီး လက်နက်ပစ်ခတ်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများကိုစာရင်းသွင်း ပါဝင်တက်ရောက်ခဲ့ကြသည်ကိုတွေ့ရကြောင်း၊ ထိုကြောင့် မြန်မာနိုင်ငံရှိနေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လိုပါက ကြိုဆိုလက်ခံရေးစခန်းများ ဖွင့်လှစ်ကြိုဆိုမည်ဟု ထုတ်ပြန်ထားသည့်အပေါ် ထိုင်းတပ်မတော်က အစည်းအဝေးအတွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
(၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ်၌ ဇွန်လ ၂၈ ရက်နှင့်၂၉ ရက်တို့တွင် ပြုလုပ်ခဲ့ကြရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုအပေါ် အကြမ်းဖက်မှုများပပျောက်စေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်နေကြောင်းနှင့် နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို လုပ်ဆောင်ကြမည် ဖြစ်ကြောင်းလည်း အဆိုပါအစည်းအဝေးမှတ်တမ်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_30 June 2022
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းလုပ်သား ကျား(၁၁၄)ဦး၊ မ(၄၄)ဦး၊ စုစုပေါင်း (၁၅၈) ဦး၊ ကလေး ကျား(၃)ဦး၊ မ (၅) ဦး၊ စုစုပေါင်း (၈)ဦး၊ အားလုံးစုစုပေါင်း (၁၆၆) ဦးတို့အား ဇွန်လ ၂၉ ရက်က ဒေသတွင်းပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ ရနောင်းမြို့နယ်အုပ်ချုပ်ရေးမှူး Mr. Somkiat Srisanate၊ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများက ယင်းတို့အားရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပဲ့ချိတ်လှေ (၁၀) စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ မြန်မာအလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်း ရှိ မရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်း ရှိ မရှိ စစ်ဆေးလက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့်ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်းလည်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများထဲမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူများအား နေရပ်အသီးသီးသို့ချက်ခြင်း ပို့ဆောင်ပေးပြီး ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူနှင့် တစ်ကြိမ်သာ ထိုးနှံထားသူများအား ကော့သောင်းမြို့ရှိ Quarantine Center သုံးခုတွင် အမျိုးသား အမျိုးသမီး သီးခြားစီခွဲခြားထားရှိကာ သုံးရက် အသွားအလာ ကန့်သတ်ထားရှိ စောင့်ကြည့်စစ်ဆေး၍ ပိုးစစ်ဆေးတွေ့ရှိခြင်းမရှိမှသာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published - 30 June 2022
၁။ မြန်မာ့အိုးစည်၊ ဒိုးပတ်များကို ပြည်ပရောက်မြန်မာများ အော်ဒါမှာယူမှုများနေ
၂။ မြဝတီနယ်စပ်မှ ပြည်ပပို့ကုန်များအတွက် ကန်ဒေါ်လာဖြင့်သာ ဈေးနှုန်းသတ်မှတ်ခွင့်ပြုမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပီရူးနိုင်ငံချန်ချန်မြို့ရှိ စပိန်ခေတ်မတိုင်မီ ရဲတိုက်ခံတပ်တွင် ရှေးဟောင်းပန်းပုရုပ်ထုတွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 30 June 2022
ရာခိုင်နှုန်းယူပြီးဖြစ်စေ၊ ဘဏ်တွင်အပ်ထားသည့်ငွေများ ထုတ်ပေး၍ လဲလှယ်ပေးရာတွင်ဖြစ်စေ ပါဝင်ပတ်သက်သူများအား သတင်းပေးတိုင်ကြားရန် နစက ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးကော်မတီမှ ယနေ့ထုတ်ပြန်ကြေညာခဲ့သည်။
နိုင်ငံခြားငွေကြေးကိုင်ဆောင်၍ ဥပဒေမဲ့အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဈေးကစားခြင်းပြုလုပ်သူများ၊ အိမ်ခြံမြေနှင့် မော်တော်ယာဉ်ကဲ့သို့ အခြားပစ္စည်းများကိုရောင်းဝယ်ပြီး ပိုင်ဆိုင်မှုလွှဲပြောင်းရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှု ကန့်သတ်ချက်များအတိုင်း လိုက်နာမှုမရှိသူများ၊ ဘဏ်များတွင်အပ်နှံထားသည့် ငွေသားထုတ်ယူရာ၌ ရာခိုင်နှုန်းယူ၍ ငွေသားထုတ်ပေးခြင်း၊ ဘဏ်ပြင်ပတွင်ငွေသားလက်ဝယ်ထိန်းသိမ်းထားသူများက ဘဏ်အကောင့်တွင် အပ်နှံထားသည့်ကျန်ငွေများကို ရာခိုင်နှုန်းယူ၍ငွေသားဖြင့် လဲလှယ်ထုတ်ပေးခြင်း စသည့်တို့အတွက် ပါဝင်ပတ်သက်သူများအား တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ယခုအခါ ပြည်တွင်း၊ ပြည်ပကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပါသည့်ရွှေနှင့် ငွေကြေးဈေးကွက်တည်ငြိမ်မှု ရရှိစေရန် ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ ပြည်တွင်းငွေကြေးဈေးနှုန်းများ တည်ငြိမ်မှုရှိအောင် ထိန်းကျောင်းကြပ်မတ်ရာတွင် အထောက်အကူပြုစေရန် Exploringစာ စိစစ်ရေးအဖွဲ့ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 30 June 2022
လျှပ်စစ်ယာဉ်များအတွက် ပန်းခြံ၊ အားကစားကွင်းနှင့် အဆင့်မြင့်အိမ်ရာများတွင် ဘက်ထရီအားသွင်းရန် နေရာများ (Charging Station) တည်ဆောက်ရန်ပြင်ဆင်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က သိရသည်။
ရန်ကုန်မြို့တော်တွင် Charging Station များ၊ ယာဉ်ရပ်နားရန် နေရာများ၊ ယာဉ်လမ်းကြောင်းများကို မြို့တော်စည်ပင်မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များတွင် Road Safety Council အဆင့်ဆင့် ဖွဲ့စည်းထားမည်ဖြစ်သည့်အတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးကိုလည်း တွင်တွင်ကျယ်ကျယ် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
“လျှပ်စစ်ယာဉ်များ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလာခြင်းအားဖြင့် အချို့သောလုပ်ငန်းတွေကို သက်သာစေမှာဖြစ်ပါတယ်။ လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ အသုံးပြုနေတာကိုတွေ့ရပါတယ်။ ရန်ကုန်မြို့တော်အနေဖြင့် လျှပ်စစ်ယာဉ်ပြေးဆွဲနိုင်ခြင်းအားဖြင့် လုပ်ငန်းကော်မတီရဲ့ တာဝန်တစ်ရပ်ဖြစ်တဲ့ သက်သာချောင်ချိရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။၊ လျှပ်စစ်ယာဉ်တွေအတွက် ပန်းခြံ၊ အားကစားကွင်းနဲ့ အဆင့်မြင့်အိမ်ရာတွေမှာCharging Station တွေကိုလည်း တပ်ဆင်ဖို့လိုအပ်ပါတယ်"ဟု ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ကော်မတီ၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ အထူးသက်သာခွင့်များ ညှိနှိုင်းကြီးကြပ်ရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
လျှပ်စစ်ဓာတ်အား ရရှိမှုအနေအထားအရ အဆင့်မြင့်အိမ်ရာများတွင် Charging Station များ ထည့်သွင်းဆောင်ရွက်ပါက ပြည်သူများအတွက် အဆင်ပြေမည် ဖြစ်ကြောင်း၊ အများပြည်သူ နေရာများတွင် ယာဉ်ရပ်နားခ သက်သာခွင့် ပြုခြင်းဖြင့် ကော်မတီ၏ လုပ်ငန်းတာဝန်ဖြစ်သော သက်သာခွင့်ကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ymg/sth
#Yangon_Media_Group
Published 30 June 2022
မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ PRAK Sokhonn ဟာ ဇွန်၃၀ ရက် ဒီကနေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှာကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါကာကွယ် တိုက်ဖျက်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးတွေကို အာဆီယံမှ တစ်ဆင့် လှူဒါန်းတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ PRAK Sokhonn ထံ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာ Chen Haiက တရုတ်နိုင်ငံအစိုးရက ပေးပို့လှူဒါန်းတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါတယ်။
#Local_News
Published - 29 June 2022
နိုင်ငံအတွင်းသို့ ပြည်ပမှ ကော်ဖီမှုန့် နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၅၀ ခန့် တင်သွင်းနေရကြောင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။
ယင်းကြောင့် ပြည်တွင်း၌ ကော်ဖီတိုးချဲ့စိုက်ရန် လုပ်ဆောင်နေလျက်ရှိကြောင်း ၊ မြန်မာနိုင်ငံတွင် ကုန်းမြင့်ကော်ဖီနှင့် မြေပြန့်ကော်ဖီဟူ၍ ၂မျိုးရှိပြီး ယင်း၂မျိုးကို လာမည့် ၅နှစ်တာကာလအတွင်း စိုက်ဧက ၃ သိန်းအထိ စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိကြောင်း သိရသည်။
"မြန်မာနိုင်ငံထဲမှာ ကော်ဖီအမျိုးအစားက ၂မျိုးရှိပါတယ်။ ကုန်းမြင့်ကော်ဖီကို အာရေဗီးယားလိုခေါ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်ကနေ ပေ ၆၀၀၀ ကျော်အတွင်း စိုက်ပျိုးမှဖြစ်ထွန်းမယ့်အမျိုးအစားဖြစ်ပါတယ်။ နောက်တမျိုးကတော့ မြေပြန့်ကော်ဖီဖြစ်ပြီး ရိုဘက်စတာလိုခေါ်ပါတယ်။ သူ့ကိုတော့မြေပြန့်ဒေသတွေဖြစ်တဲ့ ကရင်ပြည်နယ်၊ တနသာ်ရီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတွေမှာ စိုက်ပျိုးနေပါတယ်။ အခုလာမယ့် ၅နှစ်အတွင်း ကော်ဖီဧက ၃ သိန်းအထိ စိုက်ပျိုးသွားဖို့ လျာထားကာ ဇုန် ၄ခုခွဲပြီး စိုက်ပျိုးသွားမှာဖြစ်ပါတယ်" ဟု ကော်ဖီစိုက်ပျိုးထုတ်လုပ်သူတစ်ဦးက YMG ကိုပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧက ၄သောင်းကျော်ရှိသည့်အနက် အသီးခူးဧကမှာ ၃သောင်းကျော်ရှိကြောင်း၊ တစ်နှစ်အတွင်းကော်ဖီထွက်ရှိမှု တန်ချိန် ၉၀၀၀ ကျော်ထွက်ရှိသောကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၆ သန်းခန့်ရရှိနေကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
Page 1584 of 1875