#Local_News
Published_17 August 2022
မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး ကောင်စစ်ဌာနဝန်ထမ်း ၄ဦးတွင် ကိုဗစ်ပိုးတွေ့၍ သံရုံးတံဆိပ်တုံး ထုတ်ပေးမှု(၆)ရက် နားမည်ဖြစ်ကြောင်း အဆိုပါ သံရုံးက ထုတ်ပြန်ထားသည်။
အဆိုပါ ၄ ဦးတွင် ကိုဗစ်ပိုးအတည်ပြုချက် ထွက်လာသောကြောင့် ဝန်ထမ်းအင်အား မလုံလောက်သောကြောင့် သံရုံးတံဆိပ်တုံး ပြန်လည်ထုတ်ယူမည့်သူများအနေဖြင့် ယနေ့ ဩဂုတ်လ ၁၇ရက်(ဗုဒ္ဓဟူးနေ့)မှ ဩဂုတ်လ၂၂ရက်(တနင်္လာနေ့)အထိ သံရုံးတံဆိပ်တုံး ထုတ်ပေးနိုင်မည် မဟုတ်ကြောင်း အသိပေးကြေငြာထားခြင်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#Local_News
Publidhed_ 17 Aug 2022
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ သင်္ဘောကျင်း၌ ဒီကနေ့ ဩဂုတ် ၁၇ ရက်၊ နံနက် ၁၀ နာရီခန့်က သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ မီးလောင်ရာသို့ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်း၊ စက်ဆန်းနယ်မြေမီးသတ်စခန်း၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းနှင့် ဆိတ်ကြီးခနောင်တို မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြပါတယ်။
မီးလောင်မှုအား နံနက် ၁၀ နာရီ ၃၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ymg_mnn
#Yangon_Media_Group
#Local_News
Published -17 August 2022
ထုတ်ချေးပေးခဲ့သည့် ကျပ် ၄၀၀ ဘီလီယံသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသုံးစရိတ် စီမံခန့်ခွဲမှုရန်ပုံငွေ လက်ကျန်ဖြစ်ပြီး ငွေစက္ကူအသစ် ရိုက်နှိပ်ကာ ထုတ်ချေးပေးခဲ့ခြင်းမဟုတ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
‘‘ယခင်ကတည်းက သီးသန့်ထားရှိခဲ့တဲ့ ငွေများဖြစ်ပါတယ်။ ဒါကို အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်"ဟု ၎င်းကပြောကြားခဲ့သည်။
လက်ရှိထုတ်ပေးထားတဲ့ ရန်ပုံငွေသည် နိုင်ငံတော်က ရင်းနှီးငွေပေးအပ်ထားခြင်းဖြစ်ပြီး နောင်လာမည့် ရာသီတွေတွင် ပြန်လည်ရရှိလာမည့် ငွေကြေးကိုပင် ရင်းနှီးမြှုပ်နှံနိုင်ဖို့ ထပ်မံထုတ်ယူသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
"ကျန်တဲ့ငွေတွေကိုတော့ အခြားလုပ်ငန်းတွေမှာ အသုံးပြုနိုင်ရေး ဆွေးနွေးတိုင်ပင် ဆောင်ရွက်သွားမှာ ဖြစ်သလို လိုအပ်ချက်ရှိတဲ့ ဒေသတွေကို သီးခြားအစဉ်အမြဲ လိုအပ်မှုတင်ပြပြီး နိုင်ငံတော်အကြီးအကဲက စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published -17 August 2022
ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ငွေလွှဲပို့ရာ၌ တရားဝင်ငွေလွှဲခွင့်လိုင်စင်ရဘဏ် (သို့) ငွေရေးကြေးရေးအဖွဲ့အစည်းများမှ တစ်ဆင့်လွှဲပြောင်းကြရန် ပြည်တွင်းအခွန်များ ဦးစီးဌာနက ယ နေ့(သြဂုတ် ၁၇ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။
ပြည်ပတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေသူများ အနေဖြင့် နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာငွေများနှင့်ပတ်သက်၍ အခွန်ဆိုင်ရာအကျိုးခံစားခွင့်များ ရရှိနိုင်ရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားခြင်းဖြစ်သည်။
အဆိုပါ လစာငွေများသည် ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့် ရရှိသော လစာခေါင်းစဉ်မှဝင်ငွေသည် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်း လစာငွေအား ပြည်တွင်းသို့လွှဲပြောင်း၍ ပြည်တွင်း၌ ကားဝယ်ယူခြင်း၊ အခြေပစ္စည်းများဝယ်ယူခြင်း၊ တည်ဆောက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းများပြုလုပ်ရာ၌ အသုံးပြုသည့်ဝင်ငွေအပေါ် တည်ဆဲဝင်ငွေခွန်ဥပဒေအရ ဝင်ငွေရလမ်း စိစစ်ခြင်းလုပ်ငန်းစဉ်များအား စိစစ်ဆောင်ရွက်ရကြောင်း၊ ယင်းသို စိစစ်ရာ၌ ပြည်ပနေနိုင်ငံသား၏ ပြည်တွင်းသို့ လွှဲပြောင်းငွေသည် တရားဝင်ငွေလွှဲခွင့် လိုင်စင်ရရှိထားသည့်ဘဏ်(သို့) ငွေရေးကြေးရေးအဖွဲ့အစည်းများမှ တစ်ဆင့် လွှဲပြောင်းပေးပို့မှသာ တည်ဆဲအခွန်ဥပဒေနှင့်အညီ အခွန်ဆိုင်ရာအကျိုးခံစားခွင့်များအား ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ပြည်ပနေနိုင်ငံသားများအနေဖြင့် အခွန်ကင်းလွတ်ခွင့်ရှိသည့် လစာငွေဖြင့် အခြေခံပစ္စည်းများဝယ်ယူရာတွင် အခွန်ဆိုင်ရာအကျိုးခံစားခွင့်များ ပြည့်ပြည့်ဝဝရရှိနိုင်ရန် ငွေလွှဲပို့ရာ၌ တရားဝင်ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့်ဘဏ် (သို့)ငွေရေးကြေးရေး အဖွဲ့အစည်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့ကြရန် တိုက်တွန်းထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_17 August 2022
စစ်ကိုင်းတံတားပေါ်တွင် ယနေ့ သြဂုတ်လ ၁၇ ရက်နံနက်၈နာရီ ၁၅ မိနစ် အချိန် ဘီးခွန်ကောက်ခံသည့်ဂိတ်တွင် သတင်းအရ ရန်ကုန်က မုံရွာသို့သွားသည့် အကာသမှန်လုံယာဉ်ကို လခရပူးပေါင်းအဖွဲ့မှစစ်ဆေးစဉ်ကားပေါ်ပါ သေနတ်သမားများမှ စတင်ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်ပွားခဲ့သော ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်ပါ ပြည်သူ ၂ ဦးသေဆုံးခဲ့ကာ ၅ ဦး ဒဏ်ရာရခဲ့ကာ သေနတ်သမား ၂ ဦးသေဆုံး၍ တစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် (၂)ဦး ဒဏ်ရာရ ခဲ့ကြောင်း သိရသည်။
"ခရီးသည်တင်ကားပေါ်ကို စစ်ဆေးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကားပေါ်ပါအကြမ်းဖက် ၃ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များကို စတင်ပစ်ခတ်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီနေ့မနက် ၈ နာရီခွဲမှာ ဖြစ်သွားတာပါ။ ကားပေါ်မှာပါတဲ့ ခရီးသည်အချို့ကို ဆက်လက်ပစ်ခတ်တာတွေ၊ ခရီးသည်တွေကို ဓားစာခံလုပ်ပြီး အကာအကွယ်ယူပြီး ပစ်ခတ်တာတွေလုပ်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်တော်လေးခက်ခက်ခဲခဲ အခြေအနေကို ရင်ဆိုင်ရပါတယ်။ ဒီဖြစ်စဉ်မှာအကြမ်းဖက် ၂ ဦး အသေ၊ တစ်ဦးအရှင်ဖမ်းမိပါတယ်။ ခရီးသည်အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးကတော့ သူ့ကို အကြမ်းဖက်အဖွဲ့က ဖမ်းချုပ်ပြီး လူသားဒိုင်းလို အကာအကွယ်ယူ လုပ်တာကြောင့် ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ဒဏ်ရာမရပေမဲ့ ထိတ်လန့်ရှော့ခ်ဖြစ်ပြီး သေဆုံးသွားပါတယ်။ နောက် ၅ ယောက်က ဒဏ်ရာရာတာ မစိုးရိမ်ရပါဘူး"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အရှင်ဖမ်းမိသူ၏ ပြောပြချက်အရ ယာဉ်ပေါ်ပါ ပစ္စည်းများကို စစ်ဆေးရာ ငါးပိထည့်ထားသောကတ္ထူပုံး အတွင်းမှ တူရကီနိုင်ငံထုတ် Panzer အမျိုးအစား 12 V (၃) လက်၊ခဲယမ်းမျိုးစုံ၊ KNLA ယူနီဖောင်းတို့ထပ်မံဖော်ထုတ်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မျိုးကို အကြမ်းဖက်သူများက ခရီးသည်တင်ယာဉ်များကိုအသုံးချကာ ပိုမိုပြုလုပ်နေခြင်းဖြစ်သောကြောင့် ခရီးသွားပြည်သူများအနေဖြင့်လည်း မသင်္ကာဖွယ်တွေ့သည်များကို ပူးပေါင်းပါဝင်ပေးကြရန် နစက သတင်းထုတ်ပြန်ရေးအဖွဲ့တာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ရှိပြုလုပ်နေသောသတင်းစာရှင်းလင်းပွဲအတွင်း ပြောသည်။
ယင်းအပြင် ယာဉ်လိုင်းတာဝန်ရှိသူများအနေဖြင့်လည်း သတ်မှတ်ချက်များအတိုင်း သေချာစွာ စစ်ဆေးရန်လိုကြောင်းနှင့် ပိုက်ဆံရပြီးရော တင်ဆောင်ခြင်းများပြုလုပ်ခြင်းဖြင့် မဆိုင်သည့် အပြစ်မဲ့ပြည်သူများအား ထိခိုက်သေကြေမှုကို ဂရုပြုသင့်ကြောင့် ၎င်းကပြောသည်။
လက်ရှိတွင် ဒဏ်ရာရသူများအား တပ်မတော်ဆေးရုံ၌ အနီးကပ်ကြီးကြပ်ဂရုတစိုက် ကုသပေးနေကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 17 Aug 2022
ကရင်ပြည်နယ်၌ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိနိုင်ရေးအတွက်ဒေသတွင်း အမေရိကန်ဒေါ်လာသန်းပေါင်း ၁၀၀ ခန့် ရင်းနှီးမြှုပ်နှံ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရပါတယ်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းဆောင်ရွက်မည့် True World Co., Ltd Managing Director နှင့်အဖွဲ့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါတယ်။
ထိုသို့တွေ့ဆုံရာတွင် True World Co., Ltd ၏ Managing Director ဦးစိုးဇေယျာက လှိုင်းဘွဲ့မြို့နယ်၊ ရေဘုတ်ရေလှောင်တမံတွင် Floating System ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း တိုးတက်လုပ်ဆောင်နေမှု အခြေအနေကို တင်ပြခဲ့ပါတယ်။
ရေဘုတ်ရေလှောင်တမံ၌ လျှပ်စစ်ဓါတ်အား Floating 50 MW အပြင် အခြားသင့်လျှော်သောနေရာတစ်ခု၌ Ground Mounted 100 MW (၁၀၀ မီဂါဝပ်) ထုတ်လုပ်နိုင်ရေး ညှိနှိင်းပြင်ဆင် လျှက်ရှိပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published -17 August 2022
ပြည်တွင်း စက်သုံးဆီစျေးနှုန်း 92၊ 95 မှာအကျရှိသော်လည်း ကျန်ဆီစျေးနှုန်းများမှာ အတတ်ဘက်သို့ ဦးတည်နေဆဲဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။
သြဂုတ် ၁၆ ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ၂၃၆၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၂၃၄၅ ကျပ် သို့လည်းကောင်း ၊ ၉၅ တစ်လီတာဈေး ၂၄၄၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၂၄၂၀ ကျပ် သိုလည်းကောင်း စျေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် သြဂုတ်လ ၁၆ ရက်နှင့် ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ဖြစ်ပြီး၊ ဒီဇယ် တစ်လီတာလျှင် ၂၇၀၀ ကျပ် ၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၇၈၅ ကျပ် ရှိခဲ့ရာမှ ယနေ့ ( သြဂုတ်လ ၁၇ ရက်)တွင် ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၂၇၃၅ ကျပ် ၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၈၁၀ ကျပ် အထိ အနည်းငယ်စျေးမြင့်တက်လာခြင်းဖြစ်သည်။
ယင်းအပြင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့်ရောင်းချမှုရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချသည့်ဆိုင်များတွေ့ရှိပါက ပြည်သူများအနေဖြင့် တိုင်ကြားနိုင်ကြောင်း သက်ဆိုင်ရာဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
ymg/sth
#Yangon_Media_Group
Page 1477 of 1878