#Local_News
Published_ 22 May 2023
ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဘေးအန္တရာယ်ကျရောက်ခဲ့သည့်ဒေသများမှ ဒေသထံပြည်သူများကို ကျန်းမာရေးဝန်ကြီးဌာနမှ နယ်လှည့်၍ဆေးကုသပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်၊၊
ကျန်းမာရေးဝန်ကြီးဌာနမှ နယ်လှည့်အထူးကုဆေးအဖွဲ့များ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များနှင့်ဆေးအဖွဲ့များက ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဘေးအန္တရာယ်ကျရောက်ခဲ့သည့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိခြင်းဖြစ်သည်၊၊
ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့ရှိဒေသခံပြည်သူ(၃၂၂)ဦး၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ(၄၇)ဦး၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်၊ ကျောက်ပန်ဒူနှင့် အောင်သုခရွာများသို့သွားရောက်၍ ဒေသခံပြည်သူများကိုလည်း ကျန်းမာရေးစောင့်ရှောက်ကုသပေးခဲ့သည်၊၊
စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းတိုက်နယ်ရှိ မြို့မ အ.မ.က ကျောင်း၌ဒေသခံပြည်သူ ၄၈၉ ဦး၊ ကညှပ်ကျေးရွာ၌ ဒေသခံပြည်သူ ၁၂၉ ဦး၊ သရက်ချဉ်ကျေးရွာ၌ ၂၃၉ ဦး စုစုပေါင်း ၈၅၇ ဦး၊ညောင်ဦးမြို့နယ်မှ ဒေသခံပြည်သူ ၁၃၁ ဦးကိုကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အထူးကုဆရာဝန်ကြီးများပါဝင်သည့်နယ်လှည့် အထူးကုဆေးအဖွဲ့များ၊ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များနှင့် ဆေးအဖွဲ့များသည် ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဘေးအန္တရာယ် ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်ရှိအခြားမြို့နယ်များနှင့် မုန်တိုင်းဒဏ်ကြာင့် ရေကြီးရေလျှံဖြစ်ပွားခဲ့သည့်ဒေသများသို့ နယ်လှည့်ဆေးကုသမှုများ သွားရောက် ဆောင်ရွက်မည်ဖြစ်သည်ဟု ဆိုသည်၊၊
ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါဒဏ်ကြောင့်ရေစိုပျက်စီးခဲ့သည့် ကာကွယ်ဆေးထားသိုသည့် ရေခဲသေတ္တာများကိုရန်ကုန်မြို့မှ အင်ဂျင်နီယာများ ချက်ချင်းစေလွှတ်၍ ပြင်ဆင်မှုများဆောင်ရွက်ခြင်း၊ ပြည်နယ်ဆေးသိုလှောင်ခန်းတွင် ထားရှိသော ကာကွယ်ဆေးများ အအေးလမ်းကြောင်း မပျက်စေ ရန် ထိန်းသိမ်းခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ မေ၂၀ ရက်တွင် ပြင်ဆင်မှုများ ဆောင်ရွက်ပြီးစီး၍ ကာကွယ်ဆေးများ ပျက်စီးဆုံးရှုံးခြင်းမရှိဘဲလိုအပ် သောနေရာများသို့ ကာကွယ်ဆေးများပြန်လည်ဖြန့်ဝေရန် အသင့်ဖြစ်နေကြောင်း သိရသည်။

#ymg/tthl #Local_News #မိုခါမုန်တိုင်းဘေးသင့်ပြည်သူ #နယ်လှည့်ဆေးကုသပေး
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
အွန်လိုင်းစနစ်အသုံးပြုကာအခွန်ထမ်းသစ်လျောက်ထားနိုင်မည့် အီလက်ထရွန်းနစ်အခွန်မှတ်ပုံတင်စနစ်ကို ယခုမေလ ၂၃ရက်နေ့က စတင်တော့မည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနကသိရသည်။
လက်ရှိအသုံးပြုနေသည့် စာရွက်စာတမ်းများနှင့် အခွန်ရုံးသို့အခွန်ထမ်းမှတ်ပုံတင်လျောက်ထားနေမှုအစား အွန်လိုင်းမှလျောက်ထားအသုံးပြုနိုင်မည်ဖြစ်သည်။
ကုမ္ပဏီအဖွဲ့အစည်းများ၊ အကျိုးအမြတ်မယူသောအဖွဲ့အစည်းများနှင့် တစ်ဦးချင်းပုဂ္ဂိုလ်လုပ်ငန်းရှင်များအနေဖြင့် အခွန်ထမ်းအသစ်အဖြစ်မှတ်ပုံတင်ရာတွင် လူကိုယ်တိုင်လျောက်ထားစရာမလိုဘဲ အွန်လိုင်းမှတဆင့် အခွန်ထမ်းမှတ်ပုံတင် နံပါတ်ရယူနိုင်မည်ဖြစ်သည်။
အခွန်ကြေငြာလွှာနှင့် နှစ်စဉ်အခွန်ငွေပေးသွင်းမှုတွေကိုတော့ ပုံမှန်ဆောင်ရွက်နေဆဲနည်းလမ်းများအတိုင်းသာ ဆက်လက်ကျင့်သုံးသွားမည်ဟု သိရသည်။
အီလက်ထရွန်းနစ်အခွန်မှတ်ပုံတင်စနစ်ကိုသုံးစွဲလိုသူများအနေဖြင့် www.ird.gov.mm တွင်အသေးစိတ်လေ့လာပြီးလျောက်ထားနိုင်ကြောင်းပြည်တွင်းအခွန်များဦးစီဌာနမှသိရသည်။
#ymg/ppk #Local_News #အွန်လိုင်းအခွန်စည်းကျပ်မှုစနစ် #အခွန်မှတ်ပုံတင်
#YMG #Yangon-Media-Group
#Local_News
Published_ 22 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၂၁ ရက်နေ့ည၈နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၆၁၀၅ ဦးကိုဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၈၀ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိသည်။ အဆိုပါလူနာများထဲမှာ သေဆုံးသူမရှိကြောင်း ထုတ်ပြန်ချက်များအရသိရသည်။
မေလ ၁၈ ရက်နေ့ထုတ်ပြန်ချက်အရ ရာခိုင်နှုန်းအားဖြင့် ဒသမ ၃၁ ရာခိုင်နှုန်းဖြစ်ပြီး အရင်နေ့တွေထပ် လူနာအရေအတွက် ကျဆင်းလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရသည်။
သုတေသန တွေ့ရှိချက်များအရ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကမ္ဘာ့နိုင်ငံတချို့မှာတွေ့ရတဲ့ အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်ပို့ကို မြန်မာနိုင်ငံမှာလည်းတွေ့ရှိနေရတာဖြစ်ပြီး ပိုးကူးစပ်သူ လူနာများရှိနေသည်။
#ymg/ynzw #Local_News #ကိုဗစ်လူနာသစ် (၈၀) ဦး
#YMG #Yangon-Media-Group
#Local_News
Published_ 22 May 2023
မိုခါမုန်တိုင်းဒဏ်သင့်သူများအတွက် အာဆီယံနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၁၀၇၀၆၄ ခန့်မှန်းတန်ဖိုးရှိ ယာယီမိုးကာတဲများ၊ တာပေါ်လင်၊ Jerry Can၊ Shelter Repair Kit အပါအဝင် အခြားအရေးပေါ်သုံးပစ္စည်းများ ပါဝင်သောတန်ချိန် စုစုပေါင်း ၃၄ ဒသမ ၆၉ တန်ကျော် သယ်ဆောင်လာတဲ့ စင်ကာပူလေတပ်မှ C-130 နှစ်စင်းနှင့် B737-800F လေယာဉ်တို့သည် မေ ၂၁ ရက်တွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့ပါတယ်။
ပထမသုတ်အဖြစ် ရောက်ရှိလာတဲ့ အကူအညီပစ္စည်းများကို ဘေးအန္တရာယ် စီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အာဆီယံညှိနှိင်းမှုဗဟိုဌာန ၏ အမှုဆောင်ဒါရိုက်တာ မစ္စတာ လီယန်မင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ၏ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းထံ လွှဲပြောင်းပေးခဲ့ပါတယ်။
အဆိုပါ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာပစ္စည်းများကို မိုခါမုန်တိုင်း ဒဏ်သင့်သူများထံသို ဆက်လက်ပေးပိုမှာဖြစ်ကြောင်း သိရပါတယ်။
အာဆီယံ၏ One ASEAN One Response မူအရ အာဆီယံနိုင်ငံများမှ ထောက်ပံ့ မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများကို အာဆီယံအရေးပေါ် ထောက်ပံ့မှုစီမံခန့်ခွဲမှုစနစ်၏ မလေးရှားနိုင်ငံ ဆူဘန်းမြိုနှင့် ထိုင်းနိုင်ငံ ချိုင်နတ်မြို့တိုရှိ သိုလှောင်ရုံများမှ ပစ္စည်းများကို ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားတပ်မတော်လေယာဉ်များဖြင့် စုစုပေါင်း ၁၉ ခေါက် ကူညီသယ်ယူပိုဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မုန်တိုင်းဒဏ်သင့်သူများအတွက် အရေးပေါ်တုံပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး “မူ”ကို လက်ကိုင်ထားပြီး နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှု၊ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲကော်မတီ၏ ကြီးကြပ်မှု၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနှင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းမှုတိုဖြင့် ဆောင်ရွက်လျက်ရှိပြီး အာဆီယံ၊ သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn #Local_News #မိုခါမုန်တိုင်းဒဏ်သင့်သူ #ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား #လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာပစ္စည်းများ
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းတည်ဆောက်ရေးချဉ်းကပ်လမ်းဧရိယာမှာ လူနေအိမ်များနှင့်နီးကပ်စွာ တည်ရှိနေသဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ငလျင်ဒဏ်ခံနိုင်ရေးကိုစနစ်တကျ တွက်ချက်၍အထူးအလေးထားဆောင်ရွက်ရန် မေလ ၂၁ ရက်က အဆိုပါ စီမံကိန်းသို့ သွားရောက်ရာတွင် နစက ဥက္ကဌက ပြောကြားခဲ့သည်။
ရန်ကုန်မြို့ နှင့် ဒလမြို့တို့ကို ဆက်သွယ်ဖောက်လုပ်မည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းပြီးစီးပါက ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ တံတား၏ အဓိကကျသည့် ရေလယ်တာဝါတိုင်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ စီမံကိန်းလုပ်ငန်းအပိုင်းအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာ၌ အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရှင်းလင်းတင်ပြပြီးနောက် ယင်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
နစက ဥက္ကဌက စီမံကိန်းလုပ်ငန်းများအတွက် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများအားလုံး အသင့်ရရှိအောင်ဆောင်ရွက်ရန်၊ တံတားတွဲဆက်ခြင်းလုပ်ငန်းများစနစ်တကျဖြစ်ရန်၊ယခုစီမံကိန်း ချဉ်းကပ်လမ်းဧရိယာသည် လူနေအိမ်များနှင့်နီးကပ်စွာ တည်ရှိနေသဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ငလျင်ဒဏ်ခံနိုင်ရေးကိုစနစ်တကျ တွက်ချက်၍ အထူးအလေးထားဆောင်ရွက်ရန်၊ တံတားတည်ဆောက်မှုစီမံကိန်းကာလ ကြာမြင့်သည်နှင့်အမျှ လမ်းကြောင်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေမည်ဖြစ်သဖြင့် သတ်မှတ်အချိန်ကာလအတွင်းပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ရေး စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံ ချစ်ကြည် ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် မြန်မာ-ကိုရီးယားချစ်ကြည်ရေး တံတားစီမံကိန်းတစ်ခုအကောင်အထည်ဖော်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တံတားအမျိုးအစားမှာ ကြိုးဆိုင်းတံတား(Cable - Stayed Bridge) အမျိုးအစားဖြစ်ကြောင်း၊ တံတား တည်ဆောက်ပြီးစီးပါကရန်ကုန်မြို့ မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့ နယ်များ၊ ဒေးဒရဲတံတားမှတဆင့်ကမ်းခြေဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု များသည်လည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွားမည်ဖြစ်ကြောင်း သိရသည်။

#ymg/pl #Local_News #ဒလတံတား #ဘေးအန္တရာယ်ကင်းရှင်းရေး
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၂၁ ရက်က ကူမင်းမြို Haigeng Garden Convention Center ၌ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Ning မှ တည်ခင်း ဧည့်ခံသော အလုပ်သဘေ နေ့လယ်စာစားပွဲသို့ တက်ရောက်စဉ် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတွင် လျင်မြန်ချောမွေ့စေရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အလုပ်သဘော နေ့လယ်စာ စားပွဲတွင် မြန်မာ့လယ်ယာထွက်ကုန်များ ပိုမို တိုးမြှင့်ထုတ်လုပ်၍ တရုတ်နိုင်ငံဈေးကွက်သို ပိုမိုတင်ပိုနိုင်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ ဘိန်း အစားထိုးသီးနှံ စိုက်ပျိုးရေးအပြင် တန်ဖိုးမြှင့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနည်းပညာ မြှင့်တင်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ပါတီအတွင်းရေးမှူးက မြန်မာနိုင်ငံရှိ လေဘေးသင့်ပြည်သူများအတွက် ယူနန်ပြည်နယ်အစိုးရမှ တရုတ်ယွမ်ငွေငါးသိန်း (၅၀၀၀၀၀) လှူဒါန်းမည်ဖြစ်ကြောင်း ပြောကြားပါတယ်။
ယင်းနောက်ဝန်ကြီးသည် ကူမင်းမြို့၌ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)၏ အဖွဲ့ဝင် Mr. Zhao Zenglian နှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများ၊ လယ်ယာထွက် ကုန်ပစ္စည်းများနှင့် မွေးမြူရေးထွက်ကုန်များ တရုတ်နိုင်ငံသို့တင်ပို့နိုင်ရေးအတွက် GACC ၏ ခွင့်ပြုချက်ရရှိရေး၊ လယ်ထွက်ကုန်ပစ္စည်းများ ပိုမိုတင်ပို့ခြင်းဖြင့် ပို့ကုန်လုပ်ငန်းရှင်များ သာမက စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလုပ်ငန်းရှင်များလည်း အကျိုးကျေးဇူးကို ခံစားနိုင်သည့်အတွက် ဆင်းရဲနွမ်းပါးမှုကိုလျှော့ချရေးတွင် အထောက်အကူဖြစ်စေပါတယ်။
ထို့ပြင် နယ်စပ်ဂိတ်များကို နည်းပညာသုံး၍ လုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် ပြတင်းတစ်ပေါက်စနစ် ထူထောင်ဆောင်ရွက်နိုင်ရေး၊ နယ်စပ်ကုန်သွယ်မှု အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်နိုင်ရေးတို့ကို ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။
ဝန်ကြီးနှင့်အဖွဲ့သည် မေ ၂၀ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်အတူ တရုတ်-မြန်မာ နယ်စပ်ဂိတ်များဖြစ်သည့် မန်ဝိန်း၊ နန်းတော်၊ ဆင်ဖြူ၊ ဟိုဆောင်၊ ကျိမ်စန်းကျော့၊ ပန်ဆိုင်/ကျူကုတ် နယ်စပ်ဂိတ်များသို့ သွားရောက်၍ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ လူဝင်/လူထွက် လုပ်ငန်းစဉ်များဆောင်ရွက်နေမှုနှင့် ပို့ကုန်၊ သွင်းကုန် ယာဉ်အဝင်/အထွက် ရှင်းလင်းရေးလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။
ထို့နောက် ရွှေလီမြို့တွင် မြန်မာနိုင်ငံမှတင်ပို့သည့် ကျောက်စိမ်းများအား အချောထည်ပြုလုပ်၍တရုတ် နိုင်ငံတစ်ဝန်းသို Online/ Offline ဖြင့် ဖြန့်ဖြူးရောင်းချနေသည့် ကျောက်စိမ်းရောင်းဝယ်ရေး စင်တာသို့သွားရောက်ကြည့်ရှုပြီး မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်များ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နေသည့် လုပ်ငန်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါတယ်။

#ygm_mnn #Local_News #မြန်မာ-တရုတ် #စီး/ကူးဝန်ကြီး
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
ပဲခူးမြစ်ကူးတံတား(သန်လျင် တံတားအမှတ်-၃)တည်ဆောက်ပြီးစီးပါက ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မေလ ၂၁ ရက်က အဆိုပါသန်လျင်တံတားအမှတ်-၃ တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပဲခူးမြစ်ကူးတံတား(သန်လျင် တံတားအမှတ်-၃)တည်ဆောက်ရေးစီမံကိန်းတွင် အသုံးပြုသည့် သံနှင့် သံမဏိပစ္စည်းများ ဆားငန်ရေဒဏ်ခံနိုင်စေရေးနှင့်စံချိန်စံညွှန်းကိုက်ညီစေရေး စနစ်တကျဆောင်ရွက်ရန်၊စီမံကိန်းအပိုင်းအလိုက် ဆောင်ရွက်၍ရသည့်လုပ်ငန်းများကို ကြိုတင်ပြီးစီးအောင် ဆောင်ရွက်ပြီး စီမံကိန်းတစ်ခုလုံး သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် လည်း ပြောသည်။
ယင်းအပြင် ပဲခူးမြစ်ကူးတံတား(သန်လျင် တံတားအမှတ်-၃)တည်ဆောက်ရေးစီမံကိန်းတစ်ခုလုံး ပြီးစီးပါက သံလွင်တံတား အမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကိုဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်ကိုအကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့ အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ခရမ်း၊ သုံးခွ ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသဖွံ့ဖြိုးတိုးတက်လာမည်သာမက အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည်ဖြစ်သည့်အတွက် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုကာ ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမို ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ယင်းက ပြောကြားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#ymg/pl #Local_News #သန်လျင်တံတားအမှတ်-၃ #ဘားအံ-မြဝတီ
#YMG #Yangon_Media_Group
Page 1460 of 2418