#WorldHealth


Published-  10 December 2021

အိုမီခရွန်မျိုးဗီဇကွဲအသစ်က အခြားကိုဗစ်မျိုးဗီဇကွဲအသစ်တွေလောက် ရောဂါပြင်းထန်မယ့်ပုံမပေါ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO နဲ့ အမေရိကန်မှ သိပ္ပံပညာရှင်များက AFP သတင်းဌာနကို ပြောကြားခဲ့ပြီး ရောဂါဘယ်လောက်အထိ ပြင်းထန်နိုင်သလဲဆိုတာကို သတိထားပြီး ဆက်လက်လေ့လာနေကြောင်း ဆိုပါတယ်။

သန္ဓေပြောင်းလဲမှုများစွာဖြစ်ပေါ်ထားတဲ့ အိုမီခရွန်မျိုးဗီဇကွဲဟာ ကမ္ဘာအနှံ့အပြားကို ရောက်ရှိနေပြီဖြစ်ပြီး နိုင်ငံအတော်များများမှာ ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းတွေ စီးပွားရေးထပ်မံထိခိုက်လာနိုင်တဲ့ လော့ဒေါင်းချခြင်းတွေ ပြုလုပ်ရတော့မယ့်အချိန်မှာ အခုလိုမျှော်လင့်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

"စမ်းသပ်ချက်တွေအရ ဒီမျိုးဗီဇကွဲက အရင်ဗိုင်းရပ်စ်တွေထက် ကူးစက်မြန်ပေမယ့် ပိုမိုရောဂါပြင်းထန်တာမျိုးတော့ မတွေ့ရပါဘူး"လို့ WHO မှ အထက်အရာရှိတစ်ဦးက AFP ကို ပြောကြားသွားပါတယ်။

"အချက်အလက်တွေအရတော့ အိုမီခရွန်က ရောဂါပြင်းထန်ခြင်းနည်းပါးတယ်ဆိုတာ တွေ့နိုင်ပါတယ်။ အိုမီခရွန်က လက်ရှိကာကွယ်ဆေးထိရောက်မှုတွေကို ရှောင်ရှားသွားတယ်ဆိုတာကလည်း မဖြစ်နိုင်ဖို့များပါတယ်"လို့ WHO မှ ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန်က ဆိုပါတယ်။

"ကိုဗစ်မျိုးဗီဇကွဲအားလုံးကို ကာကွယ်နိုင်ပြီး ဆေးရုံတက်ကုသရမှုနဲ့ ရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်ကြောင်း မြင်တွေ့ခဲ့ရပြီးပြီဖြစ်တဲ့ ကာကွယ်ဆေးအကောင်းစားတွေ ရှိနေပါတယ်။ ဒါကြောင့် အိုမီခရွန်ကိုလည်း မကာကွယ်နိုင်စရာအကြောင်း မရှိပါဘူး"လို့ ဆိုပါတယ်။

အမေရိကန်ထိပ်တန်းသိပ္ပံပညာရှင် အန်သိုနီဖော်ချီကလည်း အိုမီခရွန်က အရင်မျိုးဗီဇကွဲတွေလောက် မဆိုးရွားနိုင်ဘဲ ရောဂါအပျော့စားလောက်သာ ဖြစ်ပွားနိုင်ကြောင်း မှတ်ချက်ပြုထားပါတယ်။

"လက်ရှိကမ္ဘာတဝန်းမှာ ကူးစက်မှုအများဆုံးဖြစ်နေတဲ့ ဒယ်လ်တာထက် အခုမျိုးဗီဇကွဲအသစ်က ပိုပြီးကူးစက်မြန်တယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ဒယ်လ်တာလောက်လည်း ရောဂါပြင်းထန်ခြင်းမရှိပါဘူး"လို့ ဒေါက်တာဖော်ချီက AFP ကို ပြောကြားသွားပါတယ်။

အခုစမ်းသပ်ချက်တွေက ကိုဗစ်ရောဂါပြင်းထန်စွာ ခံစားရလေ့မရှိတဲ့ လူငယ်အများစုမှာ စမ်းသပ်ခဲ့တာဖြစ်တဲ့အတွက် ဒီအချက်အလက်တွေကို သိပ်ပြီးယုံကြည်အားထားလို့မရကြောင်း သတိပေးထားပါတယ်။

ရောဂါပြင်းထန်ဖို့က ကူးစက်ပြီးအတော်ကြာမှ ဖြစ်တတ်တာမို့လို့ ရောဂါပြင်းထန်မှု ဘယ်လောက်အတိုင်းအတာအထိ ရှိနိုင်သလဲဆိုတာသိရဖို့ ကြာဦးမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Source: The Strait Times