#WorldHealth


Published - 10 December 2021

ဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ၃ ကြိမ်ထိုးနှံခြင်းဖြင့် အိုမီခရွန်မျိုးဗီဇကွဲအသစ်ကို ချေဖျက်နိုင်ကြောင်း ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေမှာ တွေ့ရှိထားတယ်လို့ ဘိုင်အိုအင်န်တက်ခ်ကုမ္ပဏီနဲ့ ဖိုင်ဇာကုမ္ပဏီတို့က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
အဆိုပါ booster အားမြှင့်ကာကွယ်ဆေးဟာ မျိုးဗီဇကွဲအသစ်ကူးစက်ခြင်းမှ ကာကွယ်နိုင်ဖို့ အရေးပါနိုင်လောက်တဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ကြပါတယ်။

ဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ် ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံခြင်းက antibody ပမာဏလျော့နည်းနိုင်ပေမယ့် ရောဂါပြင်းထန်မှုကိုတော့ ကာကွယ်နိုင်စွမ်းရှိနေပါတယ်။
၂ ကြိမ်ထိုးနှံခြင်းက ပထမအဆင့်ကာကွယ်တဲ့အနေနဲ့ စိတ်ချရပြီး တတိယအကြိမ်ထိုးနှံခြင်းက ကာကွယ်နိုင်စွမ်း ကြာရှည်ခံအောင် ပြုလုပ်ပေးမှာဖြစ်ကြောင်း ဘိုင်အိုအင်န်တက်ခ်မှ ဆေးမှူးအရာရှိချုပ်က ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲအတွက် ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးကို လိုအပ်လာရင်တော့ ၂၀၂၂ မတ်လမှာ အဆင့်မြှင့်တင်ပြီး ထုတ်လုပ်သွားမှာဖြစ်ကြောင်း ကုမ္ပဏီနှစ်ခုက ပြောကြားလိုက်ပါတယ်။

ဖိုင်ဇာကုမ္ပဏီနဲ့ ဘိုင်အိုအင်န်တက်ခ်ကုမ္ပဏီတို့က အိုမီခရွန်နဲ့ပတ်သက်ပြီး သူတို့ရဲ့ကာကွယ်ဆေးထိရောက်နိုင်စွမ်းကို ပထမဦးဆုံးတရားဝင် ထုတ်ပြန်ကြေညာနိုင်ခဲ့တဲ့ ကုမ္ပဏီတွေဖြစ်လာကြပါတယ်။

တရုတ်မှာ စတင်တွေ့ရှိခဲ့တဲ့ မူလဗိုင်းရပ်စ်ကို ကာကွယ်ဆေး ၂ ကြိမ်ထိုးခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်တဲ့နည်းတူ သွေးနမူနာစစ်ဆေးစမ်းသပ်ချက်တွေအရ တတိယအကြိမ် ကာကွယ်ဆေးထိုးခြင်းဖြင့် အိုမီခရွန်ကို ထိရောက်စွာကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲကို တောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ဟောင်ကောင်၊ ဂျပန်၊ အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေမှာလည်း တွေ့ရှိထားပါတယ်။

"အိုမီခရွန်ကိုကာကွယ်ဖို့ ဖိုင်ဇာကာကွယ်ဆေးရဲ့ ထိရောက်မှု အချက်အလက်တွေက အားရစရာကောင်းပါတယ်။ booster အားမြှင့်ကာကွယ်ဆေး မထိုးရသေးတဲ့သူဆိုရင် အခုပဲ သွားထိုးသင့်ပါတယ်"လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တွစ်တာမှာပြောကြားထားပါတယ်။

မျိုးဗီဇကွဲအသစ်ကို ကာကွယ်တိုက်ခိုက်နိုင်ဖို့ ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးပြီးအချိန်တိုအတွင်းမှာပဲ တတိယအကြိမ်ထိုးနှံသင့်ကြောင်း ဘိုင်အိုအင်န်တက်ခ်မှ အမှုဆောင်အရာရှိချုပ်က အကြံပြုထားပါတယ်။

ဗြိတိန်အပါအဝင် အချို့နိုင်ငံတွေမှာ ဒုတိယအကြိမ်ထိုးနှံအပြီး ၆ လကြာမှ တတိယအကြိမ်ထိုးနှံနေရာမှ အခုအခါ ၃ လခြားပြီးတာနဲ့ ထိုးနှံပေးနေပြီဖြစ်ပါတယ်။
လက်ရှိကာကွယ်ဆေးတွေက အိုမီခရွန်မျိုးဗီဇကွဲကို ကာကွယ်ဖို့ အသုံးပြုနိုင်သေးတယ်ဆိုတဲ့ အချက်အလက်တွေကို တွေ့ရတာ အားရစရာကောင်းတယ်လို့ CDC ကာကွယ်ဆေးထိုးနှံရေး ဒါရိုက်တာဟောင်း ဒေါက်တာဝေါလ်တာအိုရန်စတိုင်းက ဆိုပါတယ်။

"ကာကွယ်ဆေးတွေကို ပြင်ဆင်ထုတ်လုပ်နေစရာမလိုတော့ဘူးပေါ့။ လက်ရှိကာကွယ်ဆေးတွေက အနည်းဆုံးတော့ ရောဂါမပြင်းထန်အောင် တားဆီးပေးနိုင်မှာပါ"လို့ ဆိုပါတယ်။

Source: Reuters