#WorldHealth

Published - 10 December 2021

ကိုဗစ်ဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ် အိုမီခရွန်ဟာ ဒယ်လ်တာထက် ကူးစက်မှုနှုန်း ၄.၂ ဆ ပိုမြန်ကြောင်း ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပေးသိပ္ပံပညာရှင်တစ်ဦးက လေ့လာတွေ့ရှိထားပြီး ဒီတွေ့ရှိမှုကြောင့် မျိုးဗီဇကွဲအသစ်ကို ပိုမိုစိုးရိမ်လာဖွယ် ရှိနေပါတယ်။

ကျိုတိုတက္ကသိုလ်မှ ဆေးသိပ္ပံပညာပရော်ဖက်ဆာ ဒေါက်တာဟီရိုရှီနီရှုရာက တောင်အာဖရိက ဂေါ်တန်ဒေသမှ မျိုးဗီဇအချက်အလက်တွေကို လေ့လာသုံးသပ်ခဲ့ပါတယ်။
"အိုမီခရွန်မျိုးဗီဇကွဲက ပိုမိုကူးစက်မြန်ပြီး သဘာဝအတိုင်းရရှိလာတဲ့ ရောဂါခုခံအားနဲ့ ကာကွယ်ဆေးကရတဲ့ ခုခံအားကိုရော ရှောင်ရှားသွားနိုင်ပါတယ်"လို့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာနအကြံပေးအစည်းအဝေးပွဲမှာ ပြောကြားသွားပါတယ်။

ဒယ်လ်တာထက် အိုမီခရွန်က ပိုပြီးဆိုးရွားစေမလားဆိုတာကို တစ်ကမ္ဘာလုံးက စိုးရိမ်နေကြပြီး ရောဂါနောက်ဆက်တွဲဆိုးကျိုးတွေ ပါလာနိုင်ကြောင်း WHO က သတိပေးထားပါတယ်။

တောင်အာဖရိကနိုင်ငံမှာ အိုမီခရွန်မျိုးဗီဇကွဲကြောင့် ရောဂါကူးစက်မှုမြင့်တက်လာပေမယ့်လည်း ဆေးရုံတက်ရောက်ရမှုတွေကတော့ သိပ်မများသေးပါဘူး။
ဒါဟာ အိုမီခရွန်ကြောင့် ရောဂါအပျော့စားလောက်သာ ဖြစ်ပွားနိုင်ချေရှိတာလည်း ဖြစ်နိုင်ပါတယ်။

ဖိုင်ဇာနဲ့ ဘိုင်အိုအင်န်တက်ခ်ကုမ္ပဏီတွေက သူတို့ရဲ့ booster အားမြှင့်ကာကွယ်ဆေးတွေက အိုမီခရွန်ကို ကာကွယ်နိုင်ကြောင်း အခုတစ်ပတ်မှာ ပြောကြားထားပါတယ်။
ကိုဗစ်ကပ်ရောဂါစဖြစ်ကတည်းက WHO က သတ်မှတ်ထားတဲ့ မျိုးဗီဇကွဲ ၅ ခုမှာ အိုမီခရွန်က အခြားမျိုးဗီဇကွဲတွေနဲ့ ကွဲပြားအခြားနားဆုံးဖြစ်နေပြီး သုတေသီများစွာကလည်း အိုမီခရွန်အကြောင်းကိုသိရှိဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေကြပါတယ်။

အိုမီခရွန်ကို လွန်ခဲ့တဲ့ ၂ ပတ်က စတင်တွေ့ရှိခဲ့ပြီး တောင်အာဖရိကနိုင်ငံမှာ နေ့စဉ် ရောဂါကူးစက်မှု ၂ သောင်းခန့်ရှိနေပါတယ်။ဂျပန်နိုင်ငံမှာ ကာကွယ်ဆေးအပြည့်ထိုးပြီးသား လူဦးရေက ၂၆ ရာခိုင်နှုန်းသာရှိပေမယ့် ကိုဗစ်ရောဂါကူးစက်မှုနှုန်းကတော့ နည်းလာပါတယ်။

"ကာကွယ်ဆေးထိုးနှံမှုန်းက ၃၀ ရာခိုင်နှုန်းတောင် မရှိပါဘူး။ လူအတော်များများက ရောဂါကူးစက်မှုကနေ ခုခံအားရရှိလာကြပါတယ်။ mRNA ကာကွယ်ဆေးထိုးနှံမှုနှုန်းများတဲ့ နိုင်ငံတွေမှာလည်း အဲဒီလိုဖြစ်ကြလားဆိုတာကို သေချာစောင့်ကြည့်သွားရပါမယ်"လို့ ဒေါက်တာနီရှုရာက ဆိုပါတယ်။

Source: The Strait Times