#WorldHealth
Published 20 July 2022

 

၁၉၆၀ ပြည့်နှစ်ဝန်းကျင်တွေတုန်းက ဆီလီကွန်ဖြင့် ရင်သားအစားထိုးခွဲစိတ်မှုများကို အလှအပအရေးရာအတွက်ရည်ရွယ်ပြီး ဆေးဘက်ဆိုင်ရာအသိုင်းအဝိုင်းက ခွင့်ပြုခဲ့တာဟာ သမိုင်းတွင်လောက်တဲ့ မှားယွင်းမှုကြီးဖြစ်ကြောင်း အေရီယယ်တက္ကသိုလ်၊ ရှီဘာဆေးဘက်ဆိုင်ရာစင်တာ၊ တဲလ်အေဗစ်ဆက္ကလာဆေးတက္ကသိုလ်နဲ့ ရုရှားဖက်ဒရေးရှင်းကျန်းမာရေးဝန်ကြီးဌာနတို့မှ သုတေသီများက အသိပေးလိုက်ပါတယ်။

 

ဆေးဘက်ဆိုင်ရာအသိုင်းအဝိုင်းက ဆီလီကွန်ဟာ လူ့ခန္ဓာကိုယ်နဲ့ ကိုယ်ခံအားစနစ်တို့ကို ဘေးအန္တရာယ်မဖြစ်စေနိုင်ဘူးလို့ မှားယွင်းစွာယူဆခဲ့ကြကြောင်း ကိုယ်ခံအားစနစ်ပညာရှင် ပရော်ဖက်ဆာ'ယာဟူဒါရှောင်ဖဲလ်'နဲ့ မော်လီကျူးဇီဝပညာရှင် ဒေါက်တာ'ဂျီလက်ဟယ်လ်ပါ့တ်'တိုက IMAJ အစ္စရေးလ်ဆေးဘက်ဆိုင်ရာဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။

 

ကမ္ဘာပေါ်မှာ နှစ်ပေါင်းအတော်များများကြာတဲ့အထိ ဆီလီကွန်အစားထိုးခြင်းရဲ့ လူ့ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုတွေအကြောင်း တင်ပြထားတာတွေရှိသလို ထိုကဲ့သိုအစားထိုးခွဲစိတ်ခြင်းရဲ့ ဘေးကင်းစိတ်ချရမှုနဲ့ပတ်သက်ပြီး အငြင်းပွားနေကြဆဲဖြစ်ပါတယ်။

 

ဆီလီကွန်ရင်သားရောဂါ(SBI)ခံစားနေရတဲ့အမျိုးသမီးတွေကို မေးမြန်းကြည့်ရာမှာ အလွန်အမင်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ခန္ဓာကိုယ်အနှံ့နာကျင်ကိုက်ခဲခြင်း၊ ရင်တုန်ခြင်း၊ မေ့လျော့ခြင်း၊ မျက်လုံး ပါးစပ်တို့ခြောက်သွေ့ခြင်း၊ သွေးကင်ဆာခံစားရခြင်းများ ဖြစ်တတ်ကြောင်းသိရှိရပါတယ်။

 

စိတ်ကျရောဂါပျောက်ဆေးများ၊ စိတ္တဇရောဂါပျောက်ဆေးများသုံးစွဲတဲ့ အမျိုးသမီးအချို့ဆိုရင် ဝေဒနာမသက်သာတဲ့အပြင် ပိုဆိုးလာကြပါတယ်။

 

ဆီလီကွန်အစားထိုးခွဲစိတ်ခြင်းအစား အသုံးပြုနိုင်မယ့်အခြားနည်းလမ်းများရှာဖွေဖို့၊ SBI ခံစားနေရတဲ့အမျိုးသမီးများနဲ့ ခုခံအားပုံမှန်မဟုတ်တဲ့ အခြေအနေခံစားနေရတဲ့ လူနာတွေမှာကုသနိုင်ဖို့ ဆရာဝန်တွေ သိပ္ပံပညာရှင်တွေ အတူတကွပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါတယ်။

 

ဆီလီကွန်က သဘာဝပစ္စည်းမဟုတ်ဘဲ ကြာရှည်စွာထိတွေ့နေပါက ခန္ဓာကိုယ်ခုခံအားစနစ်နဲ့ဆိုင်တဲ့ရောဂါများဖြစ်လာနိုင်ပြီး ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်ထဲရှိတစ်ရှူးတွေနဲ့ အင်္ဂါများကို မှားယွင်းပြီး တိုက်ခိုက်တတ်ကြပါတယ်။

 

ကုမ္ပဏီတွေက ဆီလီကွန်အစားထိုးပစ္စည်းတွေကို ရောင်းချနေကြပေမယ့် FDA က လိုအပ်တဲ့ အချက်အလက်တွေကိုတော့ မတင်ပြခဲ့ကြပါဘူး။

 

နယ်သာလန်မှတင်ပြထားတဲ့ အစီရင်ခံစာတစ်ခုမှာ ဆီလီကွန်အစားထိုးခွဲစိတ်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ ဆီလီကွန်ကိုပြုလုပ်တဲ့ ပိုလီမာအမှုန်တွေက သိုင်းရွိက်၊ အူလမ်းကြောင်း၊ ကျောရိုးမတို့ကိုရောက်ရှိသွားပြီး ရင်သားကင်ဆာနဲ့သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။

 

၂၀၁၈ ခုနှစ်က ဖော်ပြထားတဲ့အစ္စရေးလ်လေ့လာချက်တစ်ခုမှာ SBI ဝေဒနာခံစားနေရသူအမျိုးသမီး ၂ သောင်းခန့်ကို လေ့လာရာမှာ မျက်လုံးနှင့်ပါးစပ်များခြောက်သွေ့ခြင်း၊ ခန္ဓာကိုယ်အင်္ဂါများမှာ အနီစက်များပေါ်ခြင်း၊ အဆစ်အမြစ်ရောင်ခြင်းနဲ့ ကြွက်သားများနာကျင်ကိုက်ခဲခြင်းတို့ဖြစ်ပေါ်ကြောင်း သိရှိရပါတယ်။

 

ကျန်းမာရေးစောင့်ရှောက်ရေးဝန်ထမ်းများ၊ မိသားစုဆရာဝန်များ၊ ပလတ်စတစ်ဆာဂျရီခွဲစိတ်ဆရာဝန်များ၊ အရိုးအဆစ်ဆရာဝန်များအနေနဲ့ ဆီလီကွန်ရင်သားအစားထိုးခြင်းနဲ့ ရောဂါလက္ခဏာပေါ်ပေါက်ခြင်းများကို အမြဲသတိထားစောင့်ကြည့်ဖို့ သုတေသီများကတိုက်တွန်းလိုက်ပါတယ်။

 

ဒီအတွက်အစားထိုးနိုင်မယ့်အခြားနည်းလမ်းကတော့ လူနာရှင်ကိုယ်တိုင်ရဲ့ ခန္ဓာကိုယ်ကအဆီကိုယူပြီး ရင်သားမှာအစားထိုးခြင်းဖြစ်ကာ ဒီနည်းလမ်းက ခုခံအားစနစ်ကိုလည်း မှားယွင်းလှုံ့ဆော်ပေးမှာမဟုတ်ပါဘူး။

 

Source: The Jerusalem Post
#Yangon_Media_Group