၂၉ ဇူလိုင် ၂၀၂၅

ရွေးကောက်ပွဲကို နှောက်ယှက်ဟန့်တာဖျက်ဆီးမှုတစ်ခုခုပြုလုပ်ပြီး တစ်ဦးတစ်ယောက်ကို သေဆုံးမှု ဖြစ်စေလျှင် ထိုနှောက်ယှက်ဖျက်ဆီးသူကို သေဒဏ်ချမှတ်ရမည့် ဥပဒေတစ်ရပ်ကို နစက အစိုးရက ဇူလိုင် ၂၉ ရက်တွင်ပြဋ္ဌာန်းလိုက်ပါတယ်။

အဆိုပါဥပဒေကို  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန့်တား  ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၄၈/၂၀၂၅ အဖြစ်ပြဋ္ဌာန်းခဲ့ခြင်း   ဖြစ်ပါတယ်။

ယင်းဥပဒေပုဒ်မ ၂၇ တွင် “ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာ၌ တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေလျှင်ပြစ်မှု ကျူးလွန်ရာတွင်ပါဝင်သူအသီးသီးကို သေဒဏ်ချမှတ်ရမည်”လို့ ဖော်ပြထားပါ  တယ်။

မည်သူမျှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုဖြစ်စေ သို့မဟုတ်  လုပ်ငန်းစဉ် ၏တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံး ခြင်း၊လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှ မပြုလုပ်ရန် ဥပဒေက တားမြစ် ထားပါတယ်။

ယင်းအပြင် မဲဆန္ဒရှင်တစ်ဦးဦးကို ဆန္ဒမဲမပေးစေနိုင်ရန်၊ မဲရုံမှူးကိုဖြစ်စေ၊ မဲရုံအဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ ကော်မရှင်သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ပေးအပ်ထားသူ တစ်ဦးဦးကိုဖြစ်စေ ယင်း၏ တာဝန်ဝတ္တရားများမထမ်းဆောင်နိုင်စေရန်၊ ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  အဖွဲ့ဝင်တစ်ဦးဦးကို ယင်း၏တာဝန်ဝတ္တရားများ မထမ်းဆောင်နိုင်စေရန်၊ လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးဦးက ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခြင်းမပြုနိုင်စေရန်၊ (က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊( ခ ) မိမိအလိုအလျောက် နာကျင်စေခြင်း၊( ဂ ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေမပြုရဟုလည်း ဥပဒေတွင် ပြဋ္ဌာန်းထားပါတယ်။

မည်သူမျှ ဆန္ဒမဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုမည် သည့်နည်းဖြင့်မဆို မိမိအလိုအလျောက်ဖျက်ဆီးခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ်ထိခိုက်ဆုံးရှုံး စေခြင်းကို မပြုရဟုလည်း တားမြစ်ထားပါတယ်။

ထို့အပြင် ရွေးကောက်ပွဲကော်မရှင်ရုံး သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲရုံးကိုဖြစ်စေ၊ မဲရုံ သို့မဟုတ် မဲရုံအဖြစ် အသုံးပြုသည့် အဆောက်အဦကိုဖြစ်စေ၊ မဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့်အသုံး အဆောင်ပစ္စည်းများကို ထိန်းသိမ်းထားသည့် အဆောက်အဦကိုဖြစ်စေ မည်သည့်နည်းဖြင့်မဆိုဖျက်ဆီး ခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်းကို မပြုရဟုဥပဒေတွင် တားမြစ်ထားပါတယ်။

မည်သူမဆို ဤဥပဒေပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် အားထုတ်လျှင်ဖြစ်စေ၊ ကျူးလွန်ရာတွင်ပူး  ပေါင်းကြံစည်လျှင်ဖြစ်စေ၊ အားပေးကူညီလျှင်ဖြစ်စေ မူရင်းပြစ်မှုတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ချမှတ် ရမည်လို့လည်း ဥပဒေတွင်ပါရှိပါတယ်။

အဆိုပါဥပဒေအရ ကျူးလွန်သော ပြစ်မှုအလိုက် အမြင့်ဆုံးသေဒဏ်နှင့် အနိမ့်ဆုံး အဖြစ် ထောင်ဒဏ် (၃)နှစ် အထိချမှတ်နိုင်တာဖြစ်ပါတယ်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ယခုနှစ် ဒီဇင်ဘာလလနှင့် ၂၀၂၆ခုနှစ် ဇန်နဝါရီလ များအတွင်း မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်သွားရန် စီစဉ်နေပြီး အချို့သော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် များက ရွေးကောက်ပွဲကို ဖျက်ဆီးမည်ဟု လူသိရှင်ကြားပြောဆိုထားသည်များ ရှိနေပါတယ်။

#ymg/knl