#Local_News
Published_30 July 2025

▪️ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ PDF အဖွဲ့က “DENKO” စက်သုံး ဆီဆိုင်ကို ဓားပြဝင်တိုက်လုယက်ကာ ဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

▪️ ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းဘေးရှိ “DENKO” စက်သုံးဆီဆိုင်သို့ PDF အဖွဲ့ အင်အားခြောက်ဦး (စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ဆီဆိုင်ဝန်ထမ်းများထံမှ လက်ကိုင်ဖုန်း ၄ လုံး၊ ရွှေနားကပ် ၂ ရံ၊ ဆိုင်ကယ် ၂ စီး၊ ဆီရောင်းချရငွေ ၅ သိန်းကျပ်နှင့် ဆီဖြည့်ရန် ရောက်ရှိနေသည့် ညောင်ဦးမြို့နယ်၊ ဘုန်းတော်ကျေးရွာနေ ဦးစန်း ယု(၃၈)နှစ်၏ HONDA Fit အမျိုးအစား အဖြူရောင် မော်တော်ယာဉ်တစ်စီးတို့ကို လုယက်ယူဆောင်ကာ ဆီဆိုင်ဝန်ထမ်းများအနက် ဆီဆိုင်မန်နေဂျာ ဖြစ်သူ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်နေ ဦးဝင်းမြင့်ထွန်း (ခ)ဦးညီညီထွန်း(၄၀)နှစ်နှင့် ဒုမန်နေဂျာ ဖြစ်သူ ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာနေ ဦးဆန်းလွင်ဦး (၄၂)နှစ်တို့နှစ်ဦးအား ဖမ်းဆီး ခေါ်ဆောင်၍ ညောင်တိုကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

▪️ ယင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေရှင်းရေးလုပ်ငန်းများလိုက်လံ ဆောင် ရွက်နေစဉ် အဆိုပါစက်သုံးဆီဆိုင်၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ ကန်ပေါက်(အရှေ့)ကျေး ရွာနှင့် ကျောက်ကန်ကျေးရွာ ကြားအရောက် PDF အမည်ခံ အကြမ်းဖက်သမားလေးဦး(စိစစ်ဆဲ)က လက်နက် ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရာ PDF နှစ်ဦး အား MA-13 သေနတ် ၁ လက်၊ ၎င်းကျည် ၁၀ တောင့်၊ ကျည်အိမ် ၁ ခု၊ MA- 1 သေနတ် ၁ လက်၊ ၎င်းကျည် ၁၀ တောင့်နှင့် ကျည်အိမ် ၁ ခုတို့နှင့်အတူ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ပြီး ကျန်အကြမ်းဖက်သမားနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

▪️ ယခုအခါ ၎င်းတို့ကို ဖမ်းဆီးရမိနိုင်ရေး ညောင်ဦးမြို့မရဲစခန်း၌ (ပ)၆၂/၂၀၂၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ခ) ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး ဖမ်းဆီးခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေးနှင့် အကြမ်းဖက်လုယက်ယူဆောင်သွားသည့် ပစ္စည်းများ ပြန်လည်သိမ်းဆည်းရရှိရေးအတွက် လုံခြုံရေး တပ်ဖွဲ့ ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Yangon_Times/PP