#World_Crime
Published 20 July 2022

 

ပြီးခဲ့တဲ့သီတင်းပတ်က အိန္ဒိယမှာ သောင်းကျန်းနေတဲ့မျောက်တစ်အုပ်က လူသားမိဘတွေထံမှ လေးလသားအရွယ်ကလေးကိုလုယူပြီး ခေါင်မိုးပေါ်ကပစ်ချလိုက်တာကြောင့် ကလေးသေဆုံးသွားခဲ့ပါတယ်။

 

အိန္ဒိယမြောက်ပိုင်းအုတာပရာဒက်ရှ်ပြည်နယ် ဒွန်ကာကျေးရွာမှာ အဆိုပါအဖြစ်အပျက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

'နီယာဒက်ရှ်အူပါဒီယေ'က သူ့ဇနီး၊ သားယောကျ်ားကလေးနဲ့အတူ သုံးထပ်အိမ်ဝရန်တာမှာ မတ်တပ်ရပ်နေစဉ် အခုလိုဖြစ်ပွားခဲ့တာပါ။

 

သားအမိ ၃ ယောက် ဝရန်တာမှာအပန်းဖြေနေစဉ် မျောက်တစ်အုပ်က ခေါင်မိုးကနေရောက်လာပြီး သူတို့ကိုဝိုင်းထားခဲ့ပါတယ်။

 

မျောက်တွေကိုမောင်းထုတ်ဖို့ ကြိုးပမ်းပြီးနောက် လှေကားထစ်ကနေထွက်ပြေးဖို့လုပ်ရာမှာ ကလေးကိုပိုက်ထားတဲ့'နီယာဒက်ရှ်'က ကလေးကိုလွတ်ကျခဲ့ပါတယ်။

 

မိဘတွေက ကလေးကိုပြန်ယူဖို့ကြိုးစားစဉ်မှာပဲ မျောက်တစ်ကောင်က ကလေးကိုကောက်ယူပြီး ခေါင်မိုးပေါ်ကနေ ပစ်ချလိုက်ပါတယ်။

 

မိဘတွေကစိုးရိမ်တကြီးနဲ့ အိမ်အထဲလှေကားကနေပြေးဆင်းကာ ကလေးဆီအပြေးအလွှားသွားခဲ့ပေမယ့် ကလေးက ထိုနေရာမှာပင် သေဆုံးသွားခဲ့ပါတယ်။

 

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ရှာဟီရဲစခန်းမှ အာဏာပိုင်များနဲ့အတူ စုံစမ်းစစ်ဆေးနေကြောင်း၊ ကလေးသေဆုံးမှုမှာ မျောက်တွေပါဝင်ပတ်သက်နေတာနဲ့ပတ်သက်ပြီး စုံစမ်းဖို့အဖွဲ့စေလွှတ်ထားကြောင်း ဘာရဲလီမြို့ဦးစီးချုပ်'လာလစ်ဗာမာ'က PTI သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

 

အုတာပရာဒက်ရှ်ဟာ မျောက်အများအပြားနေထိုင်ရာနေရာဖြစ်ပြီး မြို့တွေလမ်းတွေမှာ လှည့်လည်သွားလာနေကြပါတယ်။

 

အစပိုင်းမှာတော့ ဒေသခံလူတွေနဲ့ သင့်တင့်အောင်နေထိုင်ကြပေမယ့် လူသားတွေ အထူးသဖြင့်ကလေးတွေကို မျောက်တွေကတိုက်ခိုက်လာတဲ့အကြောင်း အနည်းငယ်ကြားသိရပါတယ်။

 

ဖေဖော်ဝါရီလတုန်းကလည်း ဘစ်ချ်ပူရီရွာမှာ မျောက်တစ်အုပ်က အသက် ၅ နှစ်အရွယ်မိန်းကလေးတစ်ယောက်ကို သတ်ပစ်လိုက်ကြပါတယ်။

 

ထိုကလေးက သူ့သူငယ်ချင်းတွေနဲ့အတူ နာကာတီယာမြစ်နံဘေးမှာဆော့ကစားနေစဉ် မျောက်တွေက သူ့ကိုခုန်အုပ်ပြီး တစ်ကိုယ်လုံးကိုကိုက်ပစ်ခဲ့ကြပါတယ်။

 

ကလေးအဖေက သတင်းစာကိုပြောပြရာမှာ မျောက်တွေက အတော်ကိုရန်လိုနေပြီး သမီးကိုနေရာအနှံ့ကိုက်ပစ်ကြောင်း၊ သူရောက်သွားတော့ သမီးက အော်ငိုပြီးအကူအညီတောင်းနေကြောင်း၊ ဒေသန္တရကျန်းမာရေးဌာနသို့ အမြန်သွားရောက်ခဲ့ပေမယ့် သွေးထွက်လွန်ကာသေဆုံးသွားခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

 

မျောက်တွေက ကားတွေကိုခိုးယူထွက်ပြေးပြီး ယာဉ်တိုက်မှုလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ်က ဘတ်စ်ကားယာဉ်မောင်းအိပ်ပျော်နေစဉ် မျောက်တစ်ကောင်က ကားအင်ဂျင်ကိုနှိုးလိုက်နိုင်ပြီး အခြားယာဉ်များကို အကြိမ်ကြိမ်ဝင်တိုက်ခဲ့ပါတယ်။

 

ယာဉ်မောင်းက ပြီးတော့မှနိုးလာပေမယ့် အခြားဘတ်စ်ကား ၂ စီးကိုဝင်တိုက်ခဲ့ပြီးပြီဖြစ်ကြောင်း ခရီးသည်ပို့ဆောင်ရေးမန်နေဂျာက Times of India ကို ပြောပြခဲ့ပါတယ်။

 

လွန်ခဲ့တဲ့ ၃ နှစ်က စည်ပင်သာယာအာဏာပိုင်များနဲ့ပူးပေါင်းပြီး မျောက်တွေကိုမောင်းထုတ်လိုက်ကြပေမယ့် ပြန်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

 

Source: DailyMail
#Yangon_Media_Group