#World_Politics
Published 20 July 2022

 

ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'နဲ့ အီရန်ထိပ်သီးခေါင်းဆောင်'အာယာတိုလာအာလီခါမီနိုင်'တို့ဟာ အင်္ဂါနေ့က အီရန်နိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။

 

ဒါ့အပြင် 'ပူတင်'ဟာ ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးလူချင်းတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး တူရကီမှ နေတိုး(NATO) ခေါင်းဆောင်တစ်ဦးဖြစ်တဲ့'တာယစ်ပ်အာဒိုဂန်'နဲ့လည်း မြို့တော်တာဟာရန်မှာ တွေ့ဆုံခဲ့ကာ ဆီးရီးယားမြောက်ပိုင်းပဋိပက္ခအကြောင်းနဲ့ ယူကရိန်း ပင်လယ်နက်မှ ဆန်စပါးပြန်လည်တင်ပို့နိုင်ရေး အကြောင်းတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

 

ရုရှားခေါင်းဆောင်'ပူတင်'ဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ယူကရိန်းကိုကျူးကျော်ပြီးနောက်ပိုင်း ဆိုဗီယက်ပြည်ထောင်စုနိုင်ငံဟောင်းပြင်ပကို ပထမဆုံးအကြိမ် လူကိုယ်တိုင်ထွက်လာတာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က အစ္စရေးလ်နဲ့ ဆော်ဒီအာရေဗျတို့ထံ လာရောက်လည်ပတ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ 'ပူတင်'ကလည်း အခုလိုအီရန်မှာ လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။
ဒါဟာ ရုရှားက အနောက်နိုင်ငံတွေရဲ့ဒဏ်ခတ်ပိတ်ဆို့တွေကို ရင်ဆိုင်နိုင်ဖို့ အီရန်၊ တရုတ်၊ အိန္ဒိယတို့နဲ့ ဆက်ဆံရေး ပိုမိုနီးစပ်အောင်စီစဉ်လာတာဖြစ်ကြောင်း အမေရိကန်ကို အသိပေးလိုက်တဲ့ သဘောဖြစ်ပါတယ်။

 

အီရန်နဲ့ရုရှားတို့ကြား ရေရှည်ပူးပေါင်းလက်တွဲသွားဖို့ 'ခါမီနိုင်'ကတောင်းဆိုလိုက်ပြီး 'ပူတင်'က နှစ်နိုင်ငံအနေနဲ့ အနောက်နိုင်ငံရဲ့အကြံအစည်ကို အမြဲသတိထားစောင့်ကြည့်နေဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင်တီဗီက ဖော်ပြခဲ့ပါတယ်။

 

ရုရှားက အမေရိကန်ရဲ့လွှမ်းမိုးမှုမသက်ရောက်အောင် အစဉ်တစိုက်ကြိုးပမ်းနေကြောင်း၊ နိုင်ငံတွေအနေနဲ့ ကုန်သွယ်ရောင်းဝယ်တဲ့အခါ ကိုယ့်နိုင်ငံပိုင်ငွေကြေးများဖြင့်သာ အသုံးပြုဖို့ စတင်ကြိုးပမ်းသင့်ကြောင်း 'ပူတင်'က အခိုင်အမာပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

 

"တစ်ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးတွေမှာ အမေရိကန်ဒေါ်လာကို တဖြည်းဖြည်းချင်းသုံးစွဲမှု လျှော့ချသွားသင့်ပါတယ်" လို့ 'ခါမီနိုင်'ကဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

 

စစ်ပွဲကြောင့် သာမန်ပြည်သူများဒုက္ခခံစားနေရသော်လည်း ရုရှားဘက်ကလည်း ယူကရိန်းနဲ့ ပတ်သက်ပြီး တခြားရွေးချယ်စရာမရှိကြောင်း ထောက်ခံပြောဆို လိုက်ပါတယ်။

ရုရှားက စမတိုက်ဘူးဆိုရင် အနောက်နိုင်ငံက စစ်ပွဲဖြစ်လာအောင် စလာမှာပါလို့ ဆိုခဲ့ပါတယ်။

 

အီရန်သို့ 'ပူတင်'သွားရောက်တဲ့ခရီးဟာ ယူကရိန်းကိုကျူးကျော်တဲ့ရုရှားတို့ ဘယ်လောက်အထိ အပယ်ခံနေရလဲဆိုတာကို မြင်သာနေရတယ်လို အမေရိကန်ကတုံပြန်လိုက်ပါတယ်။

 

အီရန်အတွက်ကလည်း အနောက်နိုင်ငံရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ အထိနာနေရပြီး နျူကလီးယားစီမံကိန်းနဲ့အခြားကိစ္စတွေကြောင့် အမေရိကန်နဲ့ ထိပ်တိုက်တွေ့ဆုံနေရတဲ့အချိန်မှာ 'ပူတင်'ရဲ့ခရီးစဉ်က အချိန်ကိုက်ဖြစ်လာခဲ့ပါတယ်။

 

ကျူးကျော်မှုနောက်ပိုင်း ရေနံဈေးမြင့်တက်လာတဲ့အချိန်မှာ အီရန်က ရုရှားရဲ့အကူအညီနဲ့ အမေရိကန်တို့ထံမှ လိုက်လျောမှုများ တောင်းဆိုသွားရန် ဖိအားပေးနိုင်ဖို့ မျှော်လင့်ထားပုံရပါတယ်။

 

တရုတ်တို့ထံ ရေနံတင်ပို့ရောင်းချမှုကနေ အီရန်ကအဓိက ဝင်ငွေရရှိနေခဲ့ရာ ရုရှား-ယူကရိန်းစစ်ပွဲနောက်ပိုင်း တရုတ်တို့က ရုရှားထံမှ ရေနံများကို အချောင်ဈေးနဲ့ ဝယ်ယူလာတာကြောင့် အီရန်တိုရဲ့ရေနံရောင်းချရမှုလျော့နည်းလာခဲ့ပြီး အာရှပင်လယ်ဒေသမှ ရေနံတင် သင်္ဘောတွေမှာ အီရန်ရေနံစည်ပိုင်းပေါင်း သန်း ၄၀ နီးပါးကျန်ရှိနေပြီး ဝယ်မယ့်သူကို ရှာဖွေနေရပါတယ်။

 

'ပူတင်'မရောက်လာခင်မှာပဲ အီရန်နိုင်ငံပိုင်ကုမ္ပဏီ NIOC နဲ့ ရုရှားဓာတ်ငွေ့ကုမ္ပဏီကြီး Gazprom တိုဟာ ဒေါ်လာ ၄၀ ဘီလီယံတန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

 

Source: Reuters
#Yangon_Media_Group