Published 20 July 2022

အနောက်ဥရောပတစ်ခွင်မှာ အပူလှိုင်းတွေရဲ့ ဒဏ်သင့်နေတဲ့အတွက် တောမီးတွေအကြီးအကျယ်လောင်ကျွမ်းလာစေ ပါတယ်။ ဗြိတိန်မှာ  ၄၀ ဒီဂရီစင်တီဂရိတ်အထိ ပထမဆုံးအကြိမ်အဖြစ် သမိုင်းမှာ စံချိန်ချိုးပြီးအပူချိန်မြင့်တက်ခဲ့ပါတယ်။

ယူကေရဲ့ အပူအိုက်ဆုံးညအဖြစ်စံချိန်တင်ပြီးတဲ့နောက် အင်္ဂလန်အရှေ့ပိုင်းမှာ နေ့အပူချိန်ဟာ ၄၀.၃ ဒီဂရီစင်တီဂရိတ်အထိစံချိန်ချိုးပူပြင်းခဲ့ပါတယ်။ ဒီလိုအပူချိန်မြင့်တက်ရတာဟာ ရာသီဥတုပြောင်းလဲခြင်းကြောင့်လို့ ပညာရှင်တွေက အပြစ်တင်ကြပါတယ်။ အဆိုးရွားဆုံးရောက်မလာသေးဘူးလို့လည်း သူတို့က သတိပေးကြပါတယ်။

တောမီးတွေလောင်ကျွမ်းနေတဲ့ အင်္ဂလန်တောင်ပိုင်း ကင့်န်က ဝင်နင်တန်ဒေသခံတွေက ကူးစက်နေတဲ့တောမီးတွေကနေ တိရိစ္ဆာန်တွေကို ကယ်တင်ဖို့ ရဲတွေက တံခါးးတွေကို ဘယ်လို ကန်ပြီးဖွင့်ခဲ့ကြရတယ်ဆိုတာကို ပြောပြကြပါတယ်။

ဂရပ်စ်လန်းကနေ စတင်လောင်ကျွမ်းခဲ့တဲ့‌ တောမီးကို မီးသတ်သမား ၁၀၀ခန့်နှင့် ငြှိမ်းသတ်ခဲ့ရတယ်လို့ လန်ဒန်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ကျွန်မရဲ့ ဥယျဉ်ထဲမှာ နေပူစာလှုံနေတုန်း မီးခိုးလုံးကြီးတွေ လိပ်တက်လာတာကိုတွေ့လိုက်ရတယ်။ ကြည့်လိုက်တော့ ဝင်နင်တန်ဘေးမှာ မီးလောင်နေပြီ။ တစ်နာရီအတွင်းမှာ မီးတွေက ကျွန်မတို့အိမ်ဘက်ကို ပျံ့နှံ့လာနေပြီ။ အဲဒါကြောင့် မီးလောင်နေတဲ့ အိမ်ကိုပစ်ပြီးကွင်းထဲထွက်လာခဲ့ရတယ်။ ကျွန်မတို့ကားတွေကတော့ မီးထဲပါသွားပြီ။ သူတို့က ကျွန်မတို့ တံခါးတွေ ရိုက်ဖွင့်ပြီး တိရိစ္ဆာန်တွေကို ကယ်ထုတ်တယ်။ ကျွန်မတို့ကို အပြင်ဘက်ကယ်ထုတ်ပြီးပြီမို့ အဲဒီနေရာ ကျွန်မ ပြန်သွားလို့မရဘူး။ အခု ကျွန်မတိရိစ္ဆာန်လေးတွေပြန်ရပြီ။အခု  အိမ်အခြေအနေ နောက်ဆုံးသတင်းစောင့်နေတယ်လို့  အသက်၃၀ အရွယ် အိမ်ရှင်မ ဆီယာမီဒေါင်းက ပြောပါတယ်။

 “မြေတော်တော်များများက အမှိုက်တွေပေါ်မှာ ရှိနေတာလေ။အဲဒါကြောင့် အပူတွေမြင့်တက်လာတာနှင့် မီးထလောင်တော့တာပဲ။ ဒါပေမယ့် အဲဒီလောက်ကျွန်မတို့ဆီကပ်လာလိမ့်မယ်လို့တော့ ဘယ်တုန်းကမှ တွေးမထားဘူး လို့လည်း သူမကဆက်ပြောပါတယ်။

အလုပ်လက်မဲ့တစ်ဦးဖြစ်တဲ့ အသက်၅၄နှစ်အရွယ် ဒင်းနစ် ခရက်တာကလည်း “ ဒီလောက်အင်အားကြီးမားတာ အရွယ်အစားကြီးမားတာ ကျွန်တော် သတိကိုမထားမိလိုက်တာဗျ။ ဒါပေမယ့် တကယ်လည်းဖြစ်လာရော.. အိုသွားပြီ   သွားပြီ..တကယ့်ကိုသွားပြီ” လို့ ပြောပါတယ်။

အင်္ဂလန်ရဲ့ နေရာတော်တော်များများမှာ မြင့်မားတဲ့ အပူလှိုင်းတွေဟာ မမျှော်လင့်ဘဲ ကျရောက်ခဲ့ရပြီး   ကြိုတင်ကာကွယ်မှုယူတဲ့အနေနှင့် အချို့ ရထားလမ်းတွေ ပိတ်ပစ်လိုက်ကြပါတယ်။ ဒေသအချို့က ကျောင်းတွေလည်း ပိတ်ထားလိုက်ကြပါတယ်။ လက်ရှိအချိန်မှာတော့ ရထားတွေအားလုံးရပ်တန့်ထားလို့ အမြဲတမ်း လူတွေစည်ကားနေတဲ့ ကင်းခရော့ဘူတာရုံမှာ ခရီးသွားတွေ သောင်တင်နေကြရပါတယ်။

#Source_AFP

#UK_Heatwave

#UK_breaches_40C_for_first_time

#Climate_Change