#Local_News
Published 20 September 2025

▪️ မြန်မာနိုင်ငံသို့ နျူကလီးယား နည်းပညာအကူအညီပေးရေး အစီအစဉ်များနှင့်ပတ်သက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) အကြီးတန်းအရာရှိကြီးများ စက်တင်ဘာ ၁၈ ရက်က ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

▪️ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ (၆၉)ကြိမ်မြောက် အထွေထွေ ညီလာခံ ကျင်းပနေစဉ်ကာလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

▪️ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးမင်းသိမ်းသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊အဏုမြူစွမ်းအင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိင်္ဂီမောင်မောင်နှင့်အတူ IAEA ၏နည်းပညာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အာရှနှင့်ပစိဖိတ်ဒေသဌာန ညွှန်ကြားရေးမှူး Mr. Ge Deng ဦးဆောင်သောအဖွဲ့နှင့် ၁၈-၉-၂၀၂၅ ရက်၊ နံနက် ၁၁ ၃၀ နာရီတွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

▪️ တွေ့ဆုံကြစဉ် လက်ရှိ ၂၀၂၄-၂၀၂၅ စက်ဝန်းအောက်မှ မြန်မာနိုင်ငံအတွက် နည်းပညာအကူအညီပေးရေး အစီအစဉ်များအကောင်အထည်ဖော်ရာတွင် တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်လို့သိရပါတယ်။

▪️ ယင်းနေ့မွန်းလွဲပိုင်းတွင် အဆိုပါမြန်မာကိုယ်စားလှယ်အဖွဲ့သည် IAEA နျူကလီးယားစွမ်းအင်ဌာန၊ နျူကလီးယားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဌာနခွဲအကြီးအကဲ Ms. Liliya Dulinets ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သော စည်းမျဉ်းဥပဒေနှင့်နည်းပညာဆိုင်ရာ အကူအညီများရရှိရေးဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

▪️ မြန်မာနိုင်ငံသည် နျူကလီးယားစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကနဦးလုပ်ငန်းတွေဆောင်ရွက်နေစဉ်အတွင်း ယခုလိုတွေ့ဆုံမှုတွေရှိလာခဲ့ခြင်းဖြစ်ပါတယ်။

#YMG/KNL #Yangon_Times