ဝါရှင်တန်၊ ဇူလိုင် ၂၄  - အမေရိကန်ပြည်ထောင်စုက မြန်မာ့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်အချို့အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ကြာသပတေးနေ့မှာ ရုပ်သိမ်းလိုက်ပါတယ်။ ဒီလို ရုပ်သိမ်း   လိုက်တာဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတ ဒေါ်နယ်ထရမ့်ကို ချီးကျူးပြီး ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့တဲ့ စာတစ်စောင်ကို ပို့ပြီး နှစ်ပတ်အကြာမှာ ဖြစ်ပါတယ် လို့ ရိုက်တာ  သတင်းအရသိရပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ KT Services & Logistics နဲ့ ယင်းကိုတည်ထောင်သူ ဦးဂျွန်နသန် မျိုးကျော်သောင်း၊ MCM Group နဲ့ ယင်းရဲ့ပိုင်ရှင် ဦးအောင်လှိုင်ဦး၊ Suntac Technologies နဲ့ ယင်းရဲ့ပိုင်ရှင် ဦးစစ်တိုင်းအောင် တို့အပြင် နောက်ထပ်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဦးတင်လတ်မင်း တို့ကို အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းကနေ ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

KT Services & Logistics နှင့် ဦးဂျွန်နသန် မျိုးကျော်သောင်း တို့ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ဘိုင်ဒင်အစိုးရလက်ထက်မှာ ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းခဲ့တာဖြစ်ပြီး၊ အဲ့ဒီအချိန်ဟာ မြန်မာနိုင်ငံမှာ နစက အာဏာရယူပြီး တစ်နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်လို့သတင်းမှာဖော်ပြထားပါတယ်။

ဦးစစ်တိုင်းအောင် နဲ့ ဦးအောင်လှိုင်ဦး တို့ကိုတော့ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးကဏ္ဍမှာ စီးပွားရေး   လုပ်ကိုင်နေတာကြောင့်ဆိုပြီး အဲ့ဒီနှစ်မှာပဲ ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ ဦးတင်လတ်မင်းကိုလည်း  နစကနှင့် အလွန်နီးစပ်သူအဖြစ် သတ်မှတ်ပြီး ၂၀၂၄ ခုနှစ်၊ နစက သုံးနှစ်  မြောက် နှစ်ပတ်လည်နေ့မှာ ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီလိုရုပ်သိမ်းရတဲ့ အကြောင်းပြချက်ကို ရှင်းပြခြင်းမရှိသလို၊ အိမ်ဖြူတော်  ကလည်း မှတ်ချက်ပေးရန် ရိုက်တာရဲ့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။

ဇူလိုင်လ ၁၁ ရက်နေ့က မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သမ္မတ ထရမ့်ထံ စာတစ်စောင်ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပို့တဲ့ ပို့ကုန်တွေအပေါ်မှာ ချမှတ်ထားတဲ့ ၄၀ ရာခိုင်နှုန်း အခွန်နှုန်းထားကို လျှော့ချပေးဖို့ တောင်းဆိုခဲ့ပါတယ်။ လိုအပ်မယ်ဆိုရင် ဝါရှင်တန်ကို ညှိနှိုင်းရေးအဖွဲ့ စေလွှတ်ဖို့လည်း အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးက "သမ္မတထရမ့်ရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုနဲ့ သူ့နိုင်ငံကို စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ အမျိုးသား သာယာဝပြောရေးဆီသို့ ဦးဆောင်နေတာကို အသိအမှတ်ပြုပါတယ်" လို့ အဲ့ဒီအချိန်က မြန်မာနစက နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

သြဂုတ်လ ၁ ရက်နေ့မှာ စတင်အသက်ဝင်မယ့် မြန်မာနိုင်ငံအပေါ် အခွန်စည်းကြပ်မှုနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ စာကို တုံ့ပြန်တဲ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခွန်နှုန်းထားကို ၁၀ ရာခိုင်နှုန်း  ကနေ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးဖို့ အဆိုပြုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကနေ အမေရိကန်   သွင်းကုန်တွေအပေါ် ကောက်ခံတဲ့ အခွန်ကို သုညကနေ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးမယ်လို့လည်း ကမ်းလှမ်းခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "နှစ်နိုင်ငံနဲ့ ပြည်သူလူထုရဲ့ ဘုံအကျိုးစီးပွားနဲ့ သာယာဝပြောမှုကို အဟန့်အတားဖြစ်စေတဲ့အတွက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်လည်သုံးသပ်ပြီး ဖြေလျှော့ပေးဖို့နဲ့ ရုပ်သိမ်းပေးဖို့" လည်း ထရမ့်ကို တောင်းဆိုခဲ့ပါတယ်။

Source Reuters