#WorldHealth
Published - 21 December 2021
ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးထားတဲ့သူတွေမှာ ကိုဗစ်ရောဂါပိုးကူးစက်ခြင်းခံရပါက ခန္ဓာကိုယ်ခုခံအား အလွန်မြင့်မားလာကြောင်း အော်ရီဂွန်သုတေသနပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးခြင်းနဲ့ ရောဂါကူးစက်ခြင်းမှရတဲ့ ရောစပ်ခုခံအားဟာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးမှ ကိုဗစ်ရောဂါကူးစက်ခြင်း ခံရသူတွေကို အကျိုးဖြစ်စေနိုင်ပေမယ့် ရောဂါတမင်ကူးစက်အောင်တော့ မပြုလုပ်သင့်ကြောင်း သတိပေးထားပါတယ်။
"သေချာတာကတော့ ကိုဗစ်ကာကွယ်ဆေးထိုးထားရင် နောင်တွေ့ကြုံလာနိုင်မယ့်အရာအတွက် ခုခံအားရရှိစေမှာဖြစ်ပါတယ်"လို့ အော်ရီဂွန်ဆေးသိပ္ပံတက္ကသိုလ်မှ အဏုဇီဝပရော်ဖက်ဆာ ဖီကာဒူတာဖီးစ်က ဆိုပါတယ်။
အဆိုပါလေ့လာစမ်းသပ်မှုကို အော်ရီဂွန်ဆေးသိပ္ပံတက္ကသိုလ်မှ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ကိုဗစ်ရောဂါကူးစက်ခဲ့တဲ့ ဝန်ထမ်း ၂၆ ဦးနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ရောဂါမကူးစက်ဖူးတဲ့ ဝန်ထမ်းတွေမှာ စမ်းသပ်လေ့လာခဲ့ပါတယ်။
ဒီနောက်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ရောဂါကူးစက်ခဲ့တဲ့သူတွေမှာ antibody ခုခံအားပမာဏ သိသိသာသာများနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
"ကိုယ်ခန္ဓာခုခံအားက ၁၀ ဆ အဆ ၂၀ လောက်အထိ မြင့်တက်သွားပါတယ်။ အဆင့်မြင့်ခုခံအားရသွားသလိုပါပဲ" လို့ တာဖီးစ်က ဆိုပါတယ်။
ကိုဗစ်ကူးစက်ပြီးနောက် ကာကွယ်ဆေးတစ်ကြိမ်ထိုးခြင်းက ရောဂါပြန်လည်ဖြစ်ပွားမှုကို အတော်လေးကာကွယ်ပေးနိုင်ကြောင်းကိုလည်း တွေ့ရှိထားပါသေးတယ်။
"ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့နောက် ရောဂါကူးစက်ခြင်းက ရောဂါကူးစက်ခြင်းမှရတဲ့ ခုခံအားနဲ့ ကာကွယ်ဆေးတစ်ခုတည်းမှရတဲ့ ခုခံအားတွေထက် ပိုပြီးခုခံအားများနေတာကို ပထမဆုံးလေ့လာတွေ့ရှိခဲ့တာပါ" လို့ဆန်ဖရန်ဆစ္စကို ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် ဒေါက်တာမော်နီကာဂန်ဒီက ပြောကြားလိုက်ပါတယ်။
"ကိုဗစ်ကာကွယ်ဆေးမထိုးခင် ကိုဗစ်ရောဂါကူးစက်ခြင်းကတော့ အန္တရာယ်များတာမို့လို့ အဲဒီလိုမပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်ကူးစက်ပြီး ရောဂါပြင်းထန်လာနိုင်မှာလား ဆိုတာကို မပြောနိုင်ဘူးလေ။ အမေရိကန်မှာ အိုမီခရွန်ကူးစက်မှုတွေဖြစ်ပွားနေတာကြောင့် အခုလိုတွေ့ရှိချက်တွေက အသုံးဝင်ပြီး ကာကွယ်ဆေးထိုးထားတဲ့သူတွေက အခြေအနေကောင်းနိုင်ပါတယ်" လို့ ဂန်ဒီက ပြောပါတယ်။
"ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖူးတဲ့သူတွေမှာ ခန္ဓာကိုယ်ခုခံအားအလွန်မြင့်မားလာမှာ ဖြစ်ပါတယ်။ booster အားမြှင့်ကာကွယ်ဆေးထိုးသလောက်ကို ခုခံအားရလာမှာဖြစ်ပါတယ်"လို့ တာဖီးစ်က ဆိုပါတယ်။
ခန္ဓာကိုယ်ခုခံအားစနစ်က ကာကွယ်ဆေး ဒါမှမဟုတ် ဗိုင်းရပ်စ်နဲ့တွေ့တဲ့အခါ အခြားမျိုးဗီဇကွဲတွေကို ဘယ်လိုတိုက်ထုတ်ရမလဲဆိုတာကို သိရှိလာကြပါတယ်။
ခုခံအားစနစ်က ကြုံတွေ့ဖူးတဲ့ဗိုင်းရပ်စ်ကို ဟန့်တားပြီး ဆင့်ကဲပြောင်းလဲလာမှာဖြစ်ကြောင်း တာဖီးစ်က ပြောကြားသွားပါတယ်။
Source: USA Today